စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊ ကျန်းမာဖို့က တတိယ၊ သန့်ရှင်းဖို့က စတုတ္ထ၊ အဝတ်အစားဝတ်တတ်ဖို့က ပဉ္စမ၊ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ၊ အပြောအဆို တတ်ဖို့က သတ္တမ၊ အသွားအလာတတ်ဖို့က အဋ္ဌမ၊ စည်းကမ်းလိုက်နာဖို့က နဝမ၊ စာတတ်ဖို့က ဒသမဟူသော ဩဝါဒလမ်းစဉ် (၁၀) ချက်ကို အမရပူရ မြို့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ တပည့်သား သံဃာများ လိုက်နာကြ ရန် ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ချမှတ် ခဲ့ရာ ယနေ့တိုင် တပည့်သားသံဃာအဆက်ဆက်တို့က လိုက်နာ ကျင့်သုံးခဲ့သည့်အတွက် မဟာဂန္ဓာရုံကျောင်းသည် ပြည်တွင်းမှာ သာမက ပြည်ပသို့တိုင်အောင် ထင်ရှားကျော်ကြားသည်။
စည်းကမ်းလိုက်နာဖို့က နဝမဟူ၍ ဆိုထားသော်လည်း ဆရာ တော်ကြီး၏ ဩဝါဒလမ်းစဉ် (၁၀) ချက်သည်ပင် လိုက်နာကျင့်သုံးအပ် သော ကျင့်ဝတ်စည်းကမ်းများဟုဆိုနိုင်ပြီး ကျောင်းတိုက်နေ ရဟန်းသံဃာတော်များက လိုက်နာကျင့်သုံးကြသည် ဖြစ်ခြင်းကြောင့် ကမ္ဘာသို့တိုင်အောင် ကျော်ကြားနေရခြင်းလည်း ဖြစ်သည်။ ဝိနည်း စည်းကမ်းများနှင့်အညီ ဝတ်ဆင်နေထိုင်ပြောဆိုသွားလာကြခြင်း ကြောင့် ဗုဒ္ဓဘာသာဝင်များတွင်သာမက အများ၏ အမြင်၌ပါ တင့်တယ်ကာ ကြည်ညိုသဒ္ဓါပွားကြရခြင်း၊ စိတ်ဝင်စားကြရခြင်း ဖြစ်သည်။ ဥဒါဟရုဏ်အဖြစ် မဟာဂန္ဓာရုံကျောင်းတော်ကြီးကို သိသာထင်ရှားအောင် ထုတ်ဆောင်ပြရခြင်းဖြစ်သော်လည်း ဝိနည်း စည်းကမ်းကောင်းမွန်ခြင်းကြောင့် ထင်ရှားကျော်ကြားသည့် စာသင်တိုက်ကြီးများ၊ ကျောင်းတိုက်ကြီးများ မြန်မာနိုင်ငံတွင် များစွာရှိနေသည်။
သန့်ရှင်းကြည်လင်သည့် အသရေ၊ ငြိမ်သက်သော ဣန္ဒြေဖြင့် သင်္ကန်းကို ဝိနည်းတော်နှင့်အညီ သပ်ရပ်စွာ ဝတ်ရုံလျက် စနစ်တကျ တန်းစီကာ ဆွမ်းခံလှည့်လာသည့် ရဟန်းသံဃာ ရှင်သာမဏေများ၊ ရာထောင်နှင့်ချီ၍ ရဟန်းသံဃာများ သီတင်းသုံးနေသော်လည်း အေးချမ်းစွာ ငြိမ်သက်တိတ်ဆိတ်နေသည့် ကျောင်းတိုက်ကြီးများ၊ စည်းကမ်းတကျ ဆွမ်းဘုဉ်းပေးနေကြပုံများ၊ စာချစာသင် ဝတ်တက် နေကြပုံများ စသည်တို့ကို စောင့်ကြည့်လေ့လာကာ တအံ့တဩ ဖြစ်ကြရသည်။ ယင်းမှတစ်ဆင့် ဗုဒ္ဓဘာသာကိုလည်းကောင်း၊ ဗုဒ္ဓ ဟောကြားခဲ့သည့် တရားဓမ္မများကိုလည်းကောင်း၊ သံဃာတော်များ ကိုလည်းကောင်း ပြည်ပသားတို့ စိတ်ဝင်စားလာကြသည်များလည်း ရှိသည်။
“ရဟန်းဝိနည်း၊ ရွာကြီးစည်းရိုး၊ လူမျိုးစည်းကမ်း” ဟူသော ဆိုရိုးစကားနှင့်အညီပင် ဝိနည်းသည် ရဟန်းအတွက် အသက်ဟု ဆိုနိုင်ပြီး ဝိနည်းပျက်ပါက ရဟန်းအဖြစ်မှ ဆုံးရှုံးရသည်အထိ ဖြစ်နိုင် သည်။ ရွာတစ်ရွာအတွက်လည်း စည်းရိုးသည် ကျေးရွာနေသူများ၏ လုံခြုံရေး၊ အသက်အိုးအိမ် စည်းစိမ်များ တည်တံ့ရေးအတွက် အရေး ပါသည်။ ရွာစည်းရိုး လုံခြုံခိုင်ခံ့ပါမှ ရွာနေသူတို့၏ စည်းစိမ်ချမ်းသာ ဥစ္စာဓနများအတွက် စိတ်ချကြရမည်။ လူမျိုးတိုင်းအတွက်မူ စည်းကမ်းက အရေးကြီးသည်။ စည်းကမ်းကောင်းသည့် လူမျိုး၊ စည်းကမ်းလိုက်နာသည့် လူမျိုးတို့မှာ ကြီးပွားကြသည်။ ချမ်းသာကြ သည်။ ကမ္ဘာ့အလယ်တွင် တင့်တယ်ကြသည်။ ဆန့်ကျင်ဘက် အားဖြင့်မူ စည်းကမ်းမလိုက်နာသည့်လူမျိုး၊ စည်းမဲ့ကမ်းမဲ့လူမျိုးတို့မှာ ဆင်းရဲကြသည်။ နွမ်းပါးကြသည်။ သူတစ်ပါးနှင့်ယှဉ်လျှင် နောက်တန်းရောက်သည်။
စည်းကမ်းသည် လူ့အဖွဲ့အစည်းတစ်ရပ် တည်တံ့ရေး၊ ရှင်သန် ရေး၊ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးအတွက် ချမှတ်ထားသည့် လိုက်နာစောင့် ထိန်းအပ်သော ကျင့်ဝတ်များပင် ဖြစ်သည်။ လူတစ်ယောက်ထက်ပို၍ ရှိသည့်နေရာတိုင်းမှာ ကျင့်ဝတ်စည်းကမ်းတို့ ရှိသည်။ အစုအဖွဲ့ဟူ၍ ဖြစ်လာသည်နှင့် ကျင့်ဝတ်စည်းကမ်းတို့ အလိုလိုပေါ်ပေါက်လာ သည်။ အများသဘောတူ ပြဋ္ဌာန်း၊ အများသဘောတူ လိုက်နာကြသည် နှင့်အမျှ တညီတညွတ်တည်း ဖြစ်လာသည်။ လူ့အဖွဲ့အစည်း အဆင့်မြင့်လာသည်နှင့်အမျှ ကျင့်ဝတ်စည်းကမ်းများကို နေရာဌာန များစွာတို့တွင် လိုအပ်ချက်နှင့် ကိုက်ညီစွာ သတ်မှတ်ပြဋ္ဌာန်း ကျင့်သုံးလာကြရသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးသည့် လူ့အဖွဲ့အစည်းတွင် စည်းကမ်း ကို ရိုသေစွာ လိုက်နာကျင့်သုံးခြင်းသည် ပြည်သူတစ်ဦးချင်းစီအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ ဝိနည်းစည်းကမ်း လိုက်နာ ကျင့်သုံးမှု ကောင်းမွန်လှသည့် ရဟန်းတော်များမှာ သမဏသာရုပ္ပ ဖြစ်ပြီး ကြည်ညိုသဒ္ဓါပွားများဖွယ် ဖြစ်ရသကဲ့သို့ပင် စည်းကမ်းမြင့်မား သည့် ပြည်သူများသည် နိုင်ငံအတွက် တန်ဖိုးမြင့်မားသည့် အရင်းအမြစ်များဟု ဆိုရမည်ဖြစ်ပါကြောင်း။ ။