ရေဆာရင် ရေကိုသာ သောက်ပါ

Type
2

 

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

“ရေအသက် တစ်မနက်”ဆိုသလို   ရေဓာတ်သည်   လူနဲ့သတ္တဝါတို့အတွက်   အချိန်နဲ့အမျှ   မရှိမဖြစ်လိုအပ်တဲ့      အသက်ဓာတ်ဖြစ်ပါတယ်။  လူခန္ဓာကိုယ်ရဲ့  ၇ဝ ရာခိုင်နှုန်းကျော်သည်လည်း ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ရေဓာတ်ချို့တဲ့ရင် ဦးနှောက်မှတ်ဉာဏ်တွေ ဆုံးရှုံးစေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်သင့်တင့် မျှတတဲ့ ရေပမာဏကို သောက်သုံးရပါမယ်။ 


ရေက  အရေးကြီးဆုံးဖြစ်


ရေသောက်တတ်တဲ့ လူဟာ ကဖင်းဓာတ်၊ အရက်နဲ့ ဆေးဝါး စသည်များ စွဲလမ်းလိုစိတ် လျော့နည်းစေနိုင်ပါတယ်။ ရေဓာတ်လျော့နည်းရင် နှလုံးခုန်နှုန်း ပိုမြန်လာတတ်ပါတယ်။ ခန္ဓာကိုယ်အတွက်   အောက်ဆီဂျင်ဓာတ်   ပိုရစေဖို့ နှလုံးကပိုအလုပ်လုပ်ရလို့ ဖြစ်ပါတယ်။ ကိုယ်ထဲက အဆိပ်အတောက်တွေကို ချွေးထွက်စေခြင်းဖြင့်   စွန့်ထုတ်ပစ်ရပါတယ်။  ဒီအခြေအနေမှာ ချွေးအတွက် ရေဓာတ်လိုအပ်ပါတယ်။  ဒါကြောင့်   ရေသောက်ဖို့    လိုပါတယ်။  ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ စွန့်ပစ်အညစ်အကြေးတွေကို အသည်းနဲ့ ကျောက်ကပ်တို့ဆီ ပို့ပေးပြီး အဲဒီအင်္ဂါတွေကမှတစ်ဆင့်    ဆီးအဖြစ်  ပြင်ပကို   စွန့်ပစ်ရပါတယ်။ ဒီဖြစ်စဉ်တစ်လျှောက်လုံးမှာ ရေက  အရေးကြီးဆုံးဖြစ်ပါတယ်။ အရိုးတွေ၊ အဆစ်တွေမှာ ချောဆီ Lubricants တွေ ရှိရပါတယ်။ ဒီချောဆီတွေရှိလို့သာ  ချောမွေ့စွာ လှုပ်ရှားနိုင်တာ ဖြစ်ပါတယ်။ ချောဆီတွေမှာ ရေဓာတ်များစွာ ပါဝင်ပါတယ်။ ရေသောက်နည်းသူများဟာ အဆစ်နာခြင်း၊ ခါးနာခြင်း စတဲ့ အနာဝေဒနာတွေ ဖြစ်လွယ်ပါတယ်။ နုပျိုလန်းစေခြင်း၊ အရေပြားများ နုပျို လှပစေခြင်းနဲ့ အိုမင်းခြင်းကို   နှေးကွေးစေနိုင်ကြောင်း သိရပါတယ်။ “ဖြစ်၊ တည်၊ ပျက်”ဆိုတဲ့   သဘာဝအတိုင်း   ခန္ဓာကဆဲလ်တွေဟာ   အချိန်နဲ့အမျှ ဖြစ်တယ်၊ တည်တယ်၊   ခဏနေတာနဲ့ ပျက်တယ်။  ပြီးတော့ အသစ်ဖြစ်တယ် ဆိုတဲ့ သံသရာလည်နေပါတယ်။ 


ရေမှန်မှန်သောက်ပေးသင့်


ဆဲလ်တွေ အသစ်အသစ်တွေ မှန်မှန်ဖြစ်နေမှ သက်ရှည်ကျန်းမာစေနိုင် ပါတယ်။ ဒီအတွက် ရေက   သိပ်အရေးတကြီး လိုအပ်ပါတယ်။  သွေးထဲမှာရှိတဲ့ သွေးနီဥလေးတွေက  အောက်ဆီဂျင်ဓာတ်ကို သယ်ဆောင်ပေးပြီး တစ်ကိုယ်  လုံးမှာရှိတဲ့   ကြွက်သားများနဲ့   အင်္ဂါများဆီ  ပို့ပေးပါတယ်။ ဦးနှောက်ရှိ ဆဲလ်များကိုလည်း     ကျန်းမာစေပါတယ်။    ရေဓာတ်က    ဒီဖြစ်စဉ်တစ်ခုလုံး ချောမွေ့စေဖို့  အဓိကဆောင်ရွက်ပေးရပါတယ်။ လူ့တစ်ကိုယ်လုံးက အညစ် အကြေးတွေကို မစင်အဖြစ်  နေ့စဉ်စွန့်ပစ်နိုင်မှ   ကျန်းမာစေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စေဖို့အတွက်  ရေဓာတ်က   သယ်ဆောင်ပေးရပါတယ်။   ရေဓာတ် နည်းနေရင် သယ်ဆောင်ရွေ့လျားမှုနည်းပြီး ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းချုပ်မှု ဟာ  ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ရေမှန်မှန်သောက်ပေးသင့် ပါတယ်။    ရေတစ်ခွက်သောက်လိုက်တာနဲ့    ဆာလောင်မွတ်သိပ်မှုတွေကို လျော့နည်းစေတယ်လို့   University  of  Washington မှ   အစားအသောက် ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ ရာနှုန်းပြည့် လေ့လာမှုများအရ တွေ့ရှိရပါတယ်။ ဒါ့အပြင် အမေရိကန်လူမျိုးတွေရဲ့   ၇၅  ရာခိုင်နှုန်းကျော်ဟာ ရေရှည်ရေဓာတ် နည်းနေသူတွေဖြစ်ကြောင်း   လေ့လာတွေ့ရှိရကြောင်းလည်း သိရပါတယ်။


ရေသောက်သင့်တဲ့ အချိန် (၈) ချိန် ရှိပါတယ်။


၁။    နံနက်အိပ်ရာထချိန်     ရေသောက်ပါ။   ကိုယ်တွင်းအင်္ဂါတွေကို လှုံ့ဆော်
    ပေးနိုင်ပါတယ်။ 


၂။    အလုပ်နားချိန်၊  ပြီးချိန်တွေမှာ ရေသောက်ပါ။ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်နေ စေဖို့ ဖြစ်ပါတယ်။


၃။    အစာမစားမီ နာရီဝက်အလိုမှာ ရေသောက်ပါ။ အစာကောင်းစွာ ချေဖျက်
    နိုင်စေဖို့ ဖြစ်ပါတယ်။


၄။    ရေမချိုးမီ ရေသောက်ပါ။ သွေးပေါင်ချိန်တက်နေရင် ကျသွားစေဖို့ ဖြစ်ပါ
    တယ်။


၅။    အိပ်ရာမဝင်မီ   ရေနည်းနည်း  အသင့်အတင့်သောက်ပါ။   တစ်နေ့တာ လှုပ်ရှားခဲ့တာကြောင့် ရေဓာတ်လိုအပ်ရင် ပြန်ဖြည့်နိုင်ဖို့ပါ။


၆။    နေထိုင်မကောင်းရင် ရေသောက်ပါ။ ကိုယ်တွင်းအင်္ဂါတွေ ပုံမှန် အလုပ်လုပ်
    နိုင်စေဖို့ပါ။


၇။    မောပန်းနုံးခွေနေရင် ရေသောက်ပါ။ ကိုယ်တွင်းအင်္ဂါများရဲ့ အလုပ်လုပ်တဲ့
    စနစ်တွေ ပြန်လည်အားပြည့် လာစေဖို့ပါ။


၈။    ကူးစက်ရောဂါသည်တွေ၊  မကျန်းမာသူတွေ၊  မိမိအနားမှာရှိနေရင် ရေကို
    မှန်မှန်သောက်ပါ။   ကူးစက်ရောဂါပိုးတွေ   ကိုယ်တွင်းမဝင်ရောက်နေနိုင် 
    စေဖို့ပါ။


Coke   အချိုရည် တစ်မျိုးမျိုးသောက်လိုက်ပြီး တစ်နာရီအကြာ ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်လာတတ်ပါသလဲ-
သောက်ပြီး  ၁၀ မိနစ်အကြာမှာ   သကြားဓာတ်  လက်ဖက်ရည် ဆယ်ဇွန်း စာလောက်   လူ့ကိုယ်ထဲ   ရောက်သွားပြီ   ဖြစ်ပါတယ်။   ဒီပမာဏဟာ လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့ သကြားဓာတ် ၁၀၀ ရာခိုင်နှုန်း ပဲဖြစ်ပါတယ်။ သကြားမှာပါတဲ့ ဖောစ်စဖောရစ်အက်စစ်ဓာတ်က အနံ့ကောင်း စေတာမို့ သကြားဓာတ်များနေပေမယ့် ပျို့အန်ခြင်း မဖြစ်စေတတ်ပါ။
မိနစ် ၂၀  အကြာမှာ   ခန္ဓာကိုယ်ထဲမှာ   သကြားဓာတ် မိုးထိအောင် ထောင်တက်သွားပါတယ်။ ဒါကြောင့် အသည်းကနေ အင်ဆူလင်ဟော်မုန်းဓာတ်ကိုထုတ်ပြီး သကြားဓာတ်တွေကနေ အဆီဖြစ်အောင် လုပ်ပေးရပါတယ်။ ကိုယ်မှာ အဆီတွေ များလာပါတယ်။


မိနစ် ၄ဝ အတွင်းမှာ  Coke မှာပါတဲ့  ကဖင်းဓာတ်တွေ အကုန်လုံးကို စုပ်ယူလိုက်ပါပြီ။ ဒါကြောင့် မျက်စိကျယ်လာပါတယ်။ မအိပ်ချင် တော့ဘူး။ သွေးပေါင်ချိန်   ထိုးတက်သွားပါတယ်။  အသည်းကနေ  တစ်ကိုယ်လုံးကို သွေးစီးဆင်းမှုကတစ်ဆင့် သကြားဓာတ်တွေ ပို့လွှတ်ပါတော့တယ်။
၄၅ မိနစ် ပတ်လည်မှာ Dopamine ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုး ထွက်လာ ပါတယ်။ ဒီဓာတ်ကြောင့် ပျော်ရွှင်မှုကို ခံစားရတတ်ပါတယ်။ ပေါ့ပါး သွက်လက် သွားတတ်ပါတယ်။   ဒီလိုခံစားမှုများကို ဖြစ်စေတဲ့ ဦးနှောက်က အစိတ်အပိုင်း တွေကို နှိုးဆော်လို့ ဖြစ်ပါတယ်။ ဒီလိုခံစားမှုမျိုးဟာ ဟီးရိုးအင်း (ဘိန်းဖြူ)ကြောင့် ခံစားရမှုမျိုးနဲ့ သိပ်ဆင်တူပါတယ်။


မိနစ် ၆ဝ အကြာမှာ မောပန်းနွမ်းနယ် သွားတတ်ပါတယ်။ သကြားဓာတ် တွေကြောင့် ဖြစ်ပါတယ်။
တစ်နေ့ကို ရေနှစ်လီတာ (ရေရှစ်ဖန်ခွက် (သို့မဟုတ်) ဂါလန်ဝက်)ခန့် သောက်သင့်ပါတယ်။
ကလေးတွေဆိုရင် အသက် ၄ နှစ်မှ ၁၃ နှစ်ကို ရေ ၄ ဖန်ခွက်မှ ၈ ဖန်ခွက်၊ ကလေးငယ်လေးတွေ လသားလေးတွေဆိုရင် ၄ နှစ်အထိ 150ml၊ သူ့ထက်ကြီး ရင် 250ml မျှ သောက်သင့်ပါတယ်။


ဒါကြောင့် ရေဆာရင် ရေကိုသာ သောက်ဖို့လိုပါတယ်။ ကလေးငယ်များ အပါအဝင် ရေကို အသက်ဓာတ်တစ်ခုလို သဘောထားပြီး သောက်ကြစေလို ပါတယ်။    ။