ပြည်တွင်းခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသဖြစ်ရေး

 

ဟိုတယ်နှင့်    ခရီးသွားလာရေးဝန်ကြီးဌာနက  ပြုလုပ်ခဲ့သော ပြည်တွင်းခရီးသွားစစ်တမ်းအရ       မြန်မာနိုင်ငံသားများ အများဆုံးသွားရောက်လည်ပတ်ခဲ့ကြသော   မြို့ငါးမြို့မှာ ရန်ကုန်၊     မန္တလေး၊   ပြင်ဦးလွင်၊   ပုဂံ၊  တောင်ကြီးတို့ဖြစ်ပြီး ပျမ်းမျှရက်ပေါင်း ၁၀ ရက်ခန့် နေထိုင်ကြသည်ဟု ဆိုသည်။ နိုင်ငံတော်အစိုးရရုံးစိုက်ရာဖြစ်ပြီး နိုင်ငံ၏ အချက်အချာနေရာ တွင်  တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး လွန်စွာကောင်းမွန် သော   နေပြည်တော်မြို့တော်မှာ   ပြည်တွင်းခရီးသွားတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ထိပ်ဆုံးမြို့များ စာရင်းဝင် လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် သွားရန် လိုအပ်လျက်ရှိသည်။

 


နိုင်ငံတော်၏ မြို့တော်ဖြစ်သော  နေပြည်တော်ကို Green City, Clean City, Smart City ဖြစ်လာစေရန်နှင့် ခရီးသွား လုပ်ငန်း    အချက်အချာဖြစ်လာစေရန်၊   ဆွဲဆောင်မှုရှိပြီး ခရီးသွားဧည့်သည်များ  လာရောက်လည်ပတ်လိုသည့်  ခရီးစဉ် ဒေသတစ်ခုဖြစ်လာစေရန် ဆောင်ရွက်မှုများရှိပြီးဖြစ်သည်။  ပဲခူးရိုးမနှင့်  ရှမ်းရိုးမတောင်တန်းများကြား လွင်ပြင်ဒေသတွင် တည်ရှိပြီး သဘာဝမြစ်ချောင်းအင်းအိုင်များနှင့်အတူ  စိုက်ပျိုး ရေးဖြစ်ထွန်းသည့်  နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများဖော်ဆောင် ရန်၊ သဘာဝအလှအပများ၊ ဒေသထွက်ကုန် မျှစ်ချဉ်ထုတ်လုပ်မှု နှင့် တိုင်းရင်းသားရိုးရာဓလေ့တို့ကို အခြေခံ၍ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကျေးရွာများ အကောင်အထည်ဖော်ရန် လွန်ခဲ့ သည့် နှစ်အနည်းငယ်ခန့်ကပင် ဆောင်ရွက်နေခြင်းဖြစ်သည်။

 


ယခုအခါ   နေပြည်တော်တွင်  ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ    ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား  ဆင်းတုတော်ကြီးနှင့်  ဗုဒ္ဓဥယျာဉ်တော်ကြီးကို   တည်ထားလျက်ရှိပြီး   ဥပ္ပါတသန္တိ စေတီတော်၊ မဟာသကျရံသီရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး၊ နေပြည်တော်ဗုဒ္ဓဂယာ၊   ညောင်ပင်ကြီးစု  နေပြည်တော်ပုဂံ ရှေးဟောင်းဘုရားများ၊  စိမ်းလန်းစိုပြည်သည့် ပန်းဥယျာဉ်များ၊ ပြတိုက်များ၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ နက္ခတ်တာရာ ပြခန်း၊ တိုင်းရင်းသားကျေးရွာ စသည်တို့တည်ရှိပြီးဖြစ်သော် လည်း တစ်နေရာနှင့်တစ်နေရာ  အလှမ်းဝေးခြင်း၊  အချိန်ပေးရ ခြင်းတို့က အားနည်းချက်သဖွယ်ဖြစ်နေသည်။ ဘုရားတစ်ဆူ ပြီး တစ်ဆူဖူးရင်း  ဒေသထွက်ကုန်များဝယ်ယူ၍  ဒေသအစား အစာများ   စားသောက်လေ့ရှိကြသည့်  ပြည်တွင်းခရီးသွား အများစုတို့၏ အလေ့အထနှင့်ဆိုလျှင်   နေပြည်တော်သည်   ဆွဲဆောင်မှု နည်းနေဦးမည်ဖြစ်သည်။

 


ခရီးသွားလုပ်ငန်းသည်   လူအများ  ပါဝင်လုပ်ကိုင်ကြရ သည့်     ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး   ခရီးစဉ်ဒေသတစ်ခု ဖြစ်လာသည်နှင့်အမျှ   ဒေသခံပြည်သူများအတွက်  အလုပ် အကိုင်နှင့်  စီးပွားရေးအခွင့်အလမ်းတို့  ပွင့်လန်းလာစေသည်။ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ ကား၊ ရေယာဉ် စသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်၊ ဒေသထွက်ကုန် နှင့် အမှတ်တရပစ္စည်းများ ထုတ်လုပ်ရောင်းချမှုလုပ်ငန်းများ စသည်တို့မှတစ်ဆင့် ဒေသတွင်းဝင်ငွေများ စီးဝင်လာစေသည်။ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားလာသည့် ဒေသ များမှာ စီးပွားရေးဖွံ့ဖြိုးလာစေသည်။ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ရာ ခရီးသွားတို့အပေါ်တွင် ဒေသခံတို့၏ နွေးထွေးပျူငှာမှု၊ ယဉ်ကျေးဖော်ရွေမှု၊ ရိုးသား မှန်ကန်မှု၊ ဖေးမကူညီပေးမှုတို့ကလည်း       လွန်စွာအဖိုးတန်လှ သော ဆွဲဆောင်မှုပင်ဖြစ်သည်။ 

 


နေပြည်တော်သည်   နိုင်ငံတော်၏  မြို့တော်ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်ရှိ သဘာဝတောတောင်ရေမြေ အလှအပများစွာ တို့မှာ ပြည်တွင်း ပြည်ပ ခရီးသွားများကို  ဆွဲဆောင်နိုင်သည့် နေရာများပင်ဖြစ်သည်။ ဒေသတွင်ရှိနေသည့် စိတ်ဝင်စားဖွယ် ရာ ခရီးစဉ်ဒေသများကို  ပြည်တွင်း ပြည်ပ ခရီးသွားများ ပိုမို သိရှိလာအောင်  သတင်းအချက်အလက်များ  စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခြင်း၊ ခရီးစဉ်ဒေသ ဈေးကွက်မြှင့်တင်မှုများ ပိုမို ပြုလုပ်ခြင်း၊ ခရီးသွားများအား ဆွဲဆောင်နိုင်မည့် အစီအစဉ် များ  ရာသီအလိုက်   ပြုလုပ်ခြင်းဖြင့်   ပြည်တွင်းခရီးသွားများ အများဆုံးလည်ပတ်သည့်  ဒေသအဖြစ်  ကြိုးပမ်းအကောင် အထည်ဖော်နိုင်ပါစေကြောင်း။        ။