အပူလျှပ်ခြင်းဖြစ်ပါက ကုသမှုကို ချက်ချင်းခံယူ

 

ယခုရက်ပိုင်းအတွင်း ဒေသအနှံ့အပြားတွင် အပူချိန်မြင့်မားလာ ခြင်းကြောင့် အပူဒဏ်ကိုလည်း သိသိသာသာခံစားလာကြ ရသည်။ မြင့်မားသည့် အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေပြီး လှုပ်ရှားချင်စိတ်မရှိခြင်းနှင့် အဆိုးရွားဆုံး အခြေအနေ တွင် အပူလျှပ်ခြင်းအထိ ဖြစ်စေနိုင်သည်။ အပူလျှပ်ခြင်းသည် ဦးနှောက်နှင့် အရေးကြီးသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပါ ထိခိုက်ပျက်စီးစေပြီး  သေဆုံးစေနိုင်ခြင်းကြောင့်  အပူလျှပ် ခြင်းသည်  အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပြီး  ကုသမှုကို ချက်ချင်းခံယူရန်    လိုအပ်ကြောင်း   နားလည်ထားကြရမည် ဖြစ်သည်။

 


အပူလျှပ်ခြင်းသည် နေပူထဲတွင် အချိန်ကြာမြင့်စွာ  နေမိ ခြင်း၊  ပြင်းထန်သည့်   ကိုယ်လက်လှုပ်ရှားမှုများ   လုပ်မိခြင်း စသည်တို့ကြောင့် ရုတ်တရက် အပူလျှပ်ခြင်းကို ခံစားရနိုင် သည်။ အပူပြင်းထန်နေချိန်တွင် လူတိုင်းအပူလျှပ်ခံရနိုင်သော် လည်း အသက် ၆၅ နှစ်အထက်  လူကြီးများနှင့်  အသက် လေးနှစ်အောက်ကလေးများ၊   နှလုံး၊   သွေးတိုး၊   ဆီးချို၊ အသည်းအဆီဖုံးရောဂါအခံရှိသူများ၊  အရက်အလွန်အကျွံ သောက်သူများ၊ ရေသောက်နည်းသူများ  ပိုမို၍  ခံစားကြ ရနိုင်ကြောင်း  ကျန်းမာရေးပညာရှင်များက  သတိပေးထား သည်။ အပူလျှပ်ခံရပြီဆိုပါက   ကိုယ်အပူချိန်သည် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိနေတတ်ပြီး သတိလစ်ခြင်း၊ ခေါင်းထိုးကိုက် ခြင်း၊ ချွေးလုံးဝ မထွက်တော့ခြင်း၊ အသားများ နီရဲခြောက်သွေ့ ခြင်း၊  ကြွက်တက်ခြင်းနှင့်   ကြွက်သားများ  အားပျော့ခြင်း၊ မူးမိုက်နုံးချည့်ခြင်းတို့ ခံစားရနိုင်ပြီး ပိုမိုဆိုးရွားလာပါက သတိ လစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ် အပူချိန်အလွန်အကျွံမြင့်တက် ခြင်း စသည့် (Heat Stroke) လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

 


မြင့်မားသည့်အပူဒဏ်ကို     ကာကွယ်နိုင်ရေးအတွက် နေ့လယ် နေ့ခင်းအချိန်များတွင် အရိပ်ရ၊  အေးမြ၍ လေဝင် လေထွက်ကောင်း သောနေရာများတွင် နားနေရန် လိုအပ်သည်။ ပူပြင်းသည့်   နေရောင်အောက်တွင် ပင်ပန်းသည့်အလုပ်လုပ်ခြင်း၊ အားကစားလုပ်ခြင်းတို့  ရှောင်ကြဉ်ရန်၊ မဖြစ်မနေ လှုပ်ရှား သွားလာရပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့်  ထီး၊ ဦးထုပ်များ ဆောင်းရန်နှင့် အရိပ်ရ အေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကို မကြာခဏပြုလုပ်ရန်၊ အဖြူ သို့မဟုတ် အရောင်ဖျော့သော    ပွပွချောင်ချောင်   ချည်ထည်များကို ဝတ်ဆင်ရန်၊ နေပူထဲမှ ပြန်လာပြီး  ချက်ချင်းရေချိုးခြင်းနှင့် နေပူသည့်အချိန်တွင်  လွင်တီးခေါင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ် များတွင် ရေချိုးခြင်းကို ရှောင်ကြဉ်ရန်၊  ကော်ဖီနှင့် အရက် တို့ကို တတ်နိုင်သမျှ  ရှောင်ကြဉ်ရန်နှင့်   ရေနှင့်  ဓာတ်ဆားရည် တို့ကို လုံလောက်စွာ သောက်ရန်တို့ကို ကျန်းမာရေး ပညာရှင် များက အကြံပြုထားသည်။ အပူဒဏ်အန္တရာယ်ခံစားရသော လူနာကို  အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာတွင်ထားရန်၊ ရေနှင့်ဓာတ်ဆားရည်တို့တိုက်ရန်၊ လူနာ ၏ ခန္ဓာကိုယ်အပူချိန်  အမြန်ကျဆင်းစေရန်အတွက်  နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက်တို့ကို ရေအေး ပတ်တိုက်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနတို့တွင် ကုသမှုခံယူရန်လည်း လမ်းညွှန်ထားသည်။ 

 


အပူရှိန်မြင့်မားသည့်   ယခုကဲ့သို့   ကာလမျိုးတွင် အသက် အန္တရာယ်ဖြစ်စေနိုင်သည့်   အပူလျှပ်ခြင်း  မခံစားကြရစေရန် အတွက်  သတိ၊  အသိတို့နှင့်ယှဉ်၍ ပြုမူနေထိုင်ကြရန် အကျိုး မျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။        ။