ဆင်ခြင်တုံတရားဖြင့် နိုင်ငံတော်ယန္တရား စဉ်ဆက်မပြတ် မောင်းနှင်ခရီးဆက်နိုင်ရေး ပူးပေါင်းပါဝင်ကြပါ

Type

 

ကိုထွန်းခင်
 

လူတို့သည် ပိုမိုတိုးတက်ကောင်းမွန်သည့် လူနေမှုဘဝပုံစံများရရှိရန် တီထွင်ဖန်တီးနိုင်စွမ်းကို စိန်ခေါ်မှုအသွင်ဖြင့် လက်ခံရရှိခဲ့သည်။ သယ်ယူပို့ဆောင်ရေးတွင် တစ်နေရာမှ တစ်နေရာသို့ သက်သောင့်သက်သာလျင်မြန်စွာ ရောက်ရှိခရီးတွင်စေရန် မော်တော်ယာဉ်များ ပေါ်ထွန်းလာရေးအတွက် ၁၈ ရာစုအလယ်ခေတ်တွင် ကြိုးပမ်းခဲ့သည်။

 

ကနဦးတွင် ရေနွေးငွေ့ဖြင့် မောင်းနှင်နိုင်သည့် ပထမဆုံးမော်တော်ယာဉ် တစ်စီးကို တီထွင်နိုင်ခဲ့သည်။ နည်းပညာသည် လူနေမှုဘဝများကို အဆင့်မြင့် စေရန်  ပြောင်းလဲပေးနိုင်သည့်  အသိပညာတစ်ရပ်ဖြစ်ရာ   နည်းပညာ ဖြစ်ထွန်းလာမှုများနှင့်အတူ  တစ်ဆင့်ပြီး တစ်ဆင့်  လောင်စာဆီအသုံးပြု မောင်းနှင်ရသည့် မော်တော်ကားများကို တိုးတက်ဖန်တီးထုတ်လုပ်လာနိုင် ခဲ့သည်။ 


ယနေ့သတင်းအချက်အလက်နည်းပညာခေတ်တွင် လေထုညစ်ညမ်းမှု ကို လျှော့ချနိုင်သည့် တီထွင်ဖန်တီးမှုများပါဝင်သော၊ ပိုမိုပြည့်စုံကောင်းမွန် သော မော်တော်ယာဉ် အမျိုးမျိုး၊ ဈေးအကြီးဆုံး၊ တန်ဖိုးအမြင့်ဆုံး၊ ဇိမ်ခံကား များကို ကုမ္ပဏီများစွာတို့က ယှဉ်ပြိုင်ထုတ်လုပ်လာကြသည်။
သို့သော် အမျိုးအစားနှင့် ဈေးနှုန်းမည်မျှပင် ကွဲပြားစေကာမူ မော်တော် ကားတစ်စီး၏ အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်သည်။ အချိန်မီ  ရပ်တန့် အရှိန်ထိန်းချုပ်နိုင်သည့် ဘရိတ်၊ ကားတစ်စီးလုံး၏ လျှပ်စစ်စနစ် အတွက် အဓိကကျသည့်  ဘက်ထရီ၊  လိုရာခရီးရောက်ရှိအောင် ပဲ့ကိုင် မောင်းနှင်နိုင်သည့် စတီယာရင်၊ ဂီယာ၊ သွားလာရာတွင် လမ်းနှင့် ထိတွေ့ နေရသည့် တာယာ၊ ဘီးတို့သည် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်သည့် မော်တော်ကားတစ်စီးဖြစ်ရန် တပ်ဆင်ရသည့် အစိတ်အပိုင်းများဖြစ်သည်။ 


ကားတစ်စီး၏ အဓိကကျသော အဆိုပါအစိတ်အပိုင်းများကို ပေါ်လွင် အောင် နိုင်ငံတစ်ခုနှင့်  ခိုင်းနှိုင်းဥပမာပြရမည်ဆိုလျှင်  စတီယာရင်သည် နိုင်ငံကိုဦးဆောင်ကာ မူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် နေသည့် အစိုးရဖြစ်သည်။ အရွေ့တစ်ခုဖြစ်ပေါ်ရန် မရှိမဖြစ်လိုအပ်သည့် အင်ဂျင်အပိုင်းသည် အစိုးရ၏ ချမှတ်ထားသော ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ပေးရသည့် ဝန်ထမ်းများ ဖြစ်သည်။ ဘီးများနှင့် မော်တော်ကား၏ ကိုယ်ထည်ဘော်ဒီပိုင်းသည် နိုင်ငံ တစ်ခုအတွက် အဓိကကျသည့် ပြည်သူများပင်ဖြစ်သည်။


မော်တော်ကားတစ်စီးတွင် စတီယာရင်၊ ကားအင်ဂျင်၊ ဘီးများနှင့် ဘော်ဒီပိုင်းသည် ဟန်ချက်ညီ အပေးအယူမျှ ထိန်းညှိနိုင်ပါမှ အရွေ့တစ်ခုသည် ခရီးရောက်မည်ဖြစ်သကဲ့သို့ လိုရာခရီးကိုရောက်ရှိအောင် ပဲ့ကိုင်မောင်းနှင်ရ သော စတီယာရင်နှင့်တူသည့် ဦးဆောင်သူ အစိုးရသည် အင်ဂျင်ပိုင်းနှင့် တူသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဘော်ဒီပိုင်းနှင့်တူသည့် ပြည်သူများနှင့် အညမည၊ သဟဇာတ ဖြစ်မှသာ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အရွေ့ဆီသို့ ရောက်ရှိ မည်ဖြစ်သည်။


ထို့အတူ  နိုင်ငံတော်၏  ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် အစိုးရနှင့် ပြည်သူတို့အကြား ကြားခံဆက်သွယ်ဆောင်ရွက်ပေးရမည့် နိုင်ငံ့ဝန်ထမ်းများ သည်  ပြည်သူကိုဗဟိုပြုပြီး အရည်အသွေးပြည့်ဝသော၊ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းသော နိုင်ငံ့ဝန်ထမ်းများမှသာ  နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် သည် ခရီးပေါက်ရောက်အောင်မြင်မည်ဖြစ်သည်။ 


ကားတစ်စီးတွင်  အဓိကကျသည့်   အင်ဂျင်ပိုင်းကဲ့သို့   နိုင်ငံတစ်ခုတွင် အရေးပါသည့်   အခန်းကဏ္ဍမှ    ပါဝင်သည့်    နိုင်ငံ့ဝန်ထမ်းတစ်ဦးတွင် ထမ်းဆောင်ရမည့် တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့် စည်းကမ်းများရှိသကဲ့သို့ အလုပ်တည်မြဲခွင့်၊ လုပ်ငန်းခွင် အာမခံချက်ရခွင့်၊ လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့် လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့်၊ ရာထူးတိုးမြှင့်ခွင့်၊ ပညာ လေ့လာဆည်းပူးခွင့်၊ ခွင့်ခံစားခွင့်၊ ထူးချွန်မှု၊ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှု တို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊ ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်၊ အငြိမ်းစားယူခွင့်၊ တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ထိခိုက်ဒဏ်ရာ ရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အတွက် အထူးပင်စင်ခံစားခွင့်၊ အမျိုးသမီးဝန်ထမ်းဖြစ်ပါက တူညီသော အလုပ်အတွက် အမျိုးသားဝန်ထမ်း များနည်းတူ  အကျိုးခံစားခွင့်အပြင်  မီးဖွားခြင်းဆိုင်ရာ  အကျိုးခံစားခွင့်၊ ၊ လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့က အခါ အားလျော်စွာ သတ်မှတ်သော အခြားခံစားခွင့် စသည့်အခွင့်အရေး၊ ခံစားခွင့် များကိုလည်း နိုင်ငံတော်မှ ပေးအပ်ထားသည်။


သို့ဖြစ်ရာ နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ အစိုးရများ မည်သို့ပင်ပြောင်းလဲ စေကာမူ နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏အလုပ်ကို တန်ဖိုးထားမြတ်နိုးစိတ်၊ ကျေနပ်ဂုဏ်ယူစိတ်  တွန်းအားများဖြင့်  နိုင်ငံ့ဝန်ထမ်းဥပဒေ၊  နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာကာ နိုင်ငံတော်မှ အကောင်အထည် ဖော်နေသည့် လုပ်ငန်းယန္တရားကို ပုံမှန်လည်ပတ်နိုင်အောင် လုပ်ဆောင်နေကြ ရမည် ဖြစ်ပါသည်။


သို့သော်  နိုင်ငံတော်၌  လက်ရှိဖြစ်ပေါ်နေသည့်  အခြေအနေများကို အခွင့်ကောင်းယူ၍ အကျိုးမလိုလားသူများက နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ အကြား စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်မှုများကို ပြုလုပ် နေကြသည်။ အင်ဂျင်ပိုင်း(ဝန်ထမ်းများ) ၊ ဘော်ဒီပိုင်း( ပြည်သူများ) ကို တစ်စစီ သွေးခွဲနေမှုများကိုလည်း မြင်တွေ့ကြားသိလာရသည်။


သို့ဖြစ်ရာ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က   နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့  ပြောကြားသည့် မိန့်ခွန်းတွင်  နိုင်ငံ့ဝန်ထမ်းများသည်  နိုင်ငံ့အကျိုး၊  ပြည်သူ့အကျိုးကို  တိုက်ရိုက်သယ်ပိုး ခွင့်ရရှိသူများ ဖြစ်ပါကြောင်း၊  နိုင်ငံတော်၏   အုပ်ချုပ်ရေး၊   ဥပဒေပြုရေး နှင့် တရားစီရင်ရေးကဏ္ဍများကို ကောင်းမွန်စွာလည်ပတ်နိုင်ရန်အတွက် အဆင့်ဆင့်တာဝန်ယူမှု၊   တာဝန်ခံမှုများနှင့်    ပြည်သူ့ကောင်းကျိုးကို လုပ်ဆောင်နေကြရသည့် ဂုဏ်ယူစရာ ကောင်းသူများဖြစ်ကြပါကြောင်း၊  ထိုဂုဏ်သိက္ခာကို စောင့်ထိန်းကြရမည် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။ စိတ်ကောင်း စေတနာကောင်းအရင်းခံဖြင့် ပြည်သူကို စံနမူနာကောင်း ပြသနိုင်ကြသူများသာ ဖြစ်သင့်ပါပေသည်။


ထို့ပြင် ယခုအချိန်ကာလတွင် နိုင်ငံ့ဝန်ထမ်းအချို့သည် မသမာသူတို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိမိတို့လုပ်ငန်းခွင်တာဝန်များမှ ပျက်ကွက် နေကြပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်တွင် စေတနာထား၊ တန်ဖိုးထားပြီး လုပ်ငန်းခွင်တွင် အခက်အခဲများကြားမှ တာဝန်ထမ်းဆောင် နေကြသူများကိုလည်း မသမာသူများမှ နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး နှောင့်ယှက်တားဆီးနေသည်ကို တွေ့ရပါကြောင်း။


ပြည်သူလူထုအပေါ် စေတနာထားတာဝန်ကျေပွန်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း၊ မိမိတို့တာဝန်ကို စိတ်အေးချမ်းသာ စွာ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို လုပ်ဆောင် ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်နှင့် ကင်းကွာနေကြသည့် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ စိတ်ခံစားချက်များကို ဦးစားမပေးဘဲ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးစားပေးပြီး မိမိတို့လုပ်ငန်းခွင်များကို အမြန်ဆုံး   ဝင်ရောက်ကြရန်ကိုလည်း  မိန့်ခွန်းတွင်  မေတ္တာရပ်ခံထား သည်။ 


နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများသည် ရေကိုသားသော် အကြားမထင် သကဲ့သို့ တစ်သားတည်းခွဲခြားမရနိုင်သလို  နိုင်ငံသမိုင်းကြောင်းတစ်လျှောက် တွင်   သွေးခွဲရန်တိုက်ခြင်းမှ ကောင်းကျိုး မရခဲ့ပုံများကို အားလုံးအသိပင်ဖြစ်ရာ  မော်တော်ကားတစ်စီး၏ အင်ဂျင်ပိုင်းနှင့်တူသည့် နိုင်ငံ့ဝန်ထမ်းများသည် (ဘော်ဒီပိုင်း)ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှုကာ အကြောင်းအကျိုး၊ အကောင်းအဆိုး နှစ်တန်ကို   ဝေဖန်ပိုင်းခြားနိုင်သော   ဆင်ခြင်တုံတရားဖြင့် နိုင်ငံတော်ယန္တရား စဉ်ဆက်မပြတ် မောင်းနှင်ခရီးဆက်နိုင်ရေး  ပူးပေါင်း ပါဝင်ကြရမည်ဖြစ်ပါကြောင်း။      ။