
ဧပြီ ၁၃ ရက် နံနက် ၁ နာရီခွဲက တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များ တွင် အေစီမီလန်၊ ရီးရဲမက်ဒရစ်အသင်းတို့ အနိုင်ရရှိကာ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် အားကောင်းလာခဲ့ပြီ ဖြစ်သည်။
အေစီမီလန်နှင့် နာပိုလီအသင်းတို့ပွဲစဉ်တွင် အေစီမီလန်အသင်းက ပွဲချိန် မိနစ် ၄၀ တွင် ရရှိခဲ့ သော ဘင်နာဆာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နာပိုလီအသင်းက ဂိုးကန်သွင်းမှု အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲချိန်အများစု ဖိအားပေး ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း လိုအပ် သည့် နိုင်ပွဲဖော်ဆောင်နိုင်ခြင်း မရှိခဲ့ချေ။ ယခုပွဲစဉ် မတိုင်မီ ဧပြီ ၃ ရက်က ထိပ်တိုက်တွေ့ဆုံခဲ့သည့် ပွဲစဉ်တွင်လည်း အေစီမီလန်အသင်းက တိုက်စစ် ခြေစွမ်းပြကာ နာပိုလီအသင်းကို လေးဂိုးပြတ် အနိုင် ရရှိထားသည်။
ရီးရဲမက်ဒရစ်နှင့် ချယ်ဆီးအသင်းတို့ပွဲစဉ်ကို ပွဲကြည့်ပရိသတ် ၆၃၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းက တိုက်စစ်ခြေစွမ်းပြကာ ဘင်ဇီမာ၊ အေဆန်စီယိုတို့၏ သွင်းဂိုးများနှင့်အတူ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ချယ်ဆီးအသင်းသည် ယခုပွဲစဉ်တွင် သာမန်ခြေစွမ်းအောက်ရောက်နေခဲ့ ပြီး ထိရောက်သည့် ဂိုးကန်သွင်းမှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ ပွဲချိန် ၅၉ မိနစ်တွင် ချယ်ဆီး အသင်းမှ ဘင်ချီဝဲလ် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။
နည်းပြ အန်ဆယ်လော့တီက ပွဲပြီး BT Sport သို့ ပြောကြားရာတွင် “ချယ်ဆီးအသင်းက ကစား သမား ကောင်းတွေနဲ့ အသင်းကောင်းတစ်သင်းဆိုတာ မမေ့ကြောင်း၊ ချယ်ဆီးကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင် ထားနိုင်ပေမယ့် ပြိုင်ပွဲမပြီးဆုံးသေးကြောင်းနဲ့ စတန်းဖို့ဒ်ဘရစ်မှာ ရလဒ်ကောင်းရရှိရေး ကြိုးစားဖို့ လိုအပ်ကြောင်း” ပြောသည်။
အောင်ဇော်