
သူရိန်သော်
ပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးကြသူတွေဖြစ်တဲ့ ဆရာဝန်တွေနဲ့ သူနာပြု အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ကုန်ကြပြီတဲ့။ ဝမ်းနည်းလိုက်တာဖြစ်ခြင်း။ အိမ်မှာရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ လူမမည်တွေ ပါဝင်တဲ့ မိသားစုအတွက်လည်း စိတ်ပူမိသလို လက်ရှိမှာ အမြစ်မပြတ်နိုင်သေးတဲ့ ကိုဗစ်-၁၉ ရောဂါအတွက်လည်း ကျန်းမာရေး ဝန်ထမ်းတွေကိုပဲ အဓိကအားကိုးနေရတဲ့ ပြည်သူတစ်ဦးအနေနဲ့ အပူလုံးကြွမိတာပါ။ မိမိတို့လိုပဲ အခြားသောပြည်သူအားလုံးကလည်း ပြသခွင့်မရတော့တဲ့ ဆေးရုံတွေ၊ ဆရာဝန်မရှိတော့တဲ့ တိုက်နယ်ဆေးရုံလေးတွေ၊ ပိတ်လိုက်ရတဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတွေကိုကြည့်ရင်း ဝမ်းနည်းမဆုံးဖြစ်နေကြမယ်လို့ ယုံကြည်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်တာကာလပတ်လုံး ပြည်သူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ထိတွေ့မှုများခဲ့ရတယ်။ သံသယလူနာတွေအဖြစ်၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေအဖြစ်၊ လူနာမိသားစုဝင်တွေအဖြစ်၊ ဆေးရုံတွေမှာ အလှူရှင်တွေအဖြစ် ယုတ်စွအဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာနဲ့ သံသယလူနာစာရင်းတွေကို လေ့လာ ဖတ်ရှုခဲ့ကြရင်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆရာဝန် တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ရတယ်။ သူတို့ရဲ့ နူးညံ့ကြင်နာတဲ့ အပြုံးလေး တစ်ချက်၊ ဖုန်းခေါ်သံလေးတစ်ခုဟာ လူနာနဲ့ ထိတွေ့သူ အပေါင်းတို့အတွက် အားဆေးတွေ ဖြစ်ခဲ့ရပါတယ်။
ပြန်လည်မြင်တွေ့လိုတဲ့ဆန္ဒ
အခုတော့ မိမိတို့ ကျန်းမာရေးကိစ္စအတွက် ရတက် မအေးကြရတော့ဘူး။ ဆရာဝန်တွေ၊ သူနာပြုတွေ CDM လုပ်ကြလို့ သူတို့မရှိတဲ့ ဆေးရုံတွေဟာ ပင်လယ်ထဲမှာ ဒီလှိုင်းနဲ့အတူ မျောနေတတ်တဲ့ ပိုင်ရှင်ကင်းမဲ့သွားတဲ့ သင်္ဘောကြီးတွေလို ကမ်းသောင်ပြင်ကို မျှော်နေကြမယ် လို့ တွေးမိပါတယ်။ ပြည်သူနဲ့ အမြဲထိတွေ့ဆက်ဆံပြီး ဝန်ဆောင်မှုပေးနေကျ ဆရာဝန်ကြီးတွေကို ဆေးရုံတွေမှာ ပြန်လည်မြင်တွေ့လိုတဲ့ဆန္ဒ ပြည်သူတွေရင်ထဲမှာ အပြည့်ရှိနေကြမှာပါ။
“အာရောဂျံ ပရမံလာဘံ” တဲ့။ ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ပါးလည်း ဖြစ်ပါတယ်။ လူတစ်ဦးဟာ ဘယ်လောက်အသိပညာတွေမြင့်မားပါစေ၊ သုံးမကုန်တဲ့ စည်းစိမ်ဥစ္စာတွေ ကြွယ်ဝပါစေ၊ ကျန်းမာမှု မရှိရင် သူ့အသိဉာဏ်တွေကို ဘယ်လိုမျှဝေနိုင်ပါ့မလဲ၊ သူ့ရဲ့ စည်းစိမ်တွေကိုရော သူဘယ်လိုအသုံးချရပါတော့ မလဲ။ ကျန်းမာခြင်းအတွက် ပြည်သူအားလုံးဟာ ဆရာဝန် တွေ၊ သူနာပြုတွေကို အားကိုးကြရတယ်။ နာမကျန်းဖြစ် တဲ့အခါ အပြေးအလွှားသွားခဲ့ကြရတဲ့ နေရာကတော့ ကျန်းမာရေးဌာနတွေ ဖြစ်ပါတယ်။
ကျန်းမာရေးသူရဲကောင်းတွေဖြစ်တဲ့ ဆရာဝန်တွေ ဟာ ကိုဗစ်-၁၉ ပထမလှိုင်းကာလ၊ ဒုတိယလှိုင်းကာလ တစ်လျှောက် လပေါင်းများစွာ မိသားစုတွေ၊ သူတို့အိုးအိမ် တွေကိုပစ်ပြီး ဆေးရုံတွေမှာ အချိန်ပြည့်တာဝန်ထမ်း ဆောင်နေကြရတယ်ဆိုတာ ပြည်သူတွေအားလုံး သိပြီး သားပါ။ ပူအိုက်လှတဲ့ ရာသီဥတုမှာ ပြည်သူတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဝတ်စုံတွေကို မချွတ်တမ်း ဝတ်ဆင်ခဲ့ကြရတယ်။ အိမ်ကိုလွမ်းပေမယ့် လူနာတွေ အတွက် ခွဲခွာနေပေးကြတဲ့ အိမ်ထောင်သည်ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာတွေအတွက် ရောဂါကူးစက်ခြင်းခံရတဲ့ ဆရာဝန်တွေ၊ သူနာပြုဝန်ထမ်းတွေအားလုံးဟာ ပြည်သူ တွေအတွက်တော့ တကယ့်သူရဲကောင်းတွေ ဖြစ်ပါတယ်။
ဆရာဝန်တွေဟာ ပြည်သူတွေအတွက် မြင့်မြတ်တဲ့ သမားဂုဏ်ကို ဖော်ဆောင်ပြီး တိုင်းပြည်ရဲ့ ကျန်းမာရေး ကဏ္ဍတစ်ရပ်လုံးကို ဦးဆောင်နေကြသူတွေဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်တုန်း မှတ်သားဖူးတဲ့ ဆေးပညာ လောကရဲ့ဖခင်ကြီးအကြောင်းကိုလည်း တင်ပြလိုပါတယ်။
ဟစ်ပိုကရေးတစ် ကတိသစ္စာ
ရှေးရှေးတုန်းက လူတွေဟာ ရောဂါကုသဖို့အတွက် မှော်ဆရာတွေ၊ နတ်ဆရာတွေကို အားထားခဲ့ရတာပါ။ ဒါပေမယ့် ဘီစီ ၅ ရာစုနဲ့ ၄ ရာစုကြားမှာတော့ ဂရိနိုင်ငံမှာ မှော်ဆရာ၊ နတ်ဆရာတွေမပါတဲ့ သမားတော်အဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးတယ်။ သူတို့က သိပ္ပံနည်းကျ ဆေးပညာကိုလေ့လာ ကြပါတယ်။ သူတို့အဖွဲ့ထဲမှာ အကျော်ကြားဆုံး သမားတော်ကြီးကတော့ ဟစ်ပိုကရေးတီးစ်ပဲဖြစ်ပါတယ်။ သူ့ကို ဆေးပညာလောကရဲ့ ဖခင်ကြီးအဖြစ် သတ်မှတ် ထားကြပါတယ်။
ဆေးပညာကို စနစ်တကျလေ့လာပြီး ယနေ့ခေတ် အထိ ဆေးပညာတစ်ခေတ်ဆန်းလာအောင် ဟစ်ပိုကရေး တီးစ်က အများကြီးစွမ်းဆောင်ခဲ့တာမို့ လူသားအားလုံးရဲ့ ကျေးဇူးရှင်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့နာမည် ကျော် အဆိုအမိန့်တစ်ခုလည်းဖြစ်၊ ဆေးပညာဆိုင်ရာ ကျင့်ဝတ်လည်းဖြစ်တဲ့ စကားတစ်ခွန်း ရှိပါတယ်။ “Physician ! first, do no harm” ဖြစ်ပါတယ်။ ကိုယ့်ကြောင့် လူနာတွေ လုံးဝဘေးမဖြစ်ပါစေနဲ့ လို့ ဆရာဝန်တွေကို ညွှန်းပြခဲ့တာပါ။
ဆရာဝန်တွေအားလုံးဟာ ဟစ်ပိုကရေးတီးစ် ပဋိညာဉ်ကိုရွတ်ဆိုပြီး လိုက်နာစောင့်ထိန်းပါ့မယ်လို့ ကတိသစ္စာပြုလေ့ရှိပါတယ်။ အဲဒါကိုတော့ ဟစ်ပိုကရေး တစ် ကတိသစ္စာဆိုပြီး ပြောလေ့ရှိပါတယ်။ ကမ္ဘာတစ်လွှား ကျော်ကြားထင်ရှားတဲ့ သမားဟူရားတွေကို သက်သေထား ပြီး ဆရာဝန်တွေဟာ ရွတ်ဆိုအဓိဋ္ဌာန်ပြုလေ့ရှိတယ်လို့ မှတ်သားရပါတယ်။ ဟစ်ပိုကရေးတစ်ကတိသစ္စာရဲ့ ပထမ ဆုံးအချက်ကတော့ “ကျွန်ုပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ချမ်းသာရေးကို ကျွန်ုပ်၏ အရေးကဲ့သို့ ယူဆပါအံ့” လို့ ပါဝင်ပါတယ်။
မည်သူ့ကိုမဆို အရေးပေါ်ကျန်းမာရေး လိုအပ်ချက် ရှိလာမယ်ဆိုရင် အကောင်းဆုံးအကူအညီပေးပါမယ်၊ လူနာတွေရဲ့အခွင့်အရေးကို လေးစားပါမယ်၊ ပညာပိုင်း ဆိုင်ရာ အသုံးချမှုနဲ့ ဆုံးဖြတ်ခြင်းတွေကို နိုင်ငံရေး၊ လူမှုရေးတို့ရဲ့ သက်ရောက်မှုတွေကနေ ကင်းဝေးပြီး အတတ်နိုင်ဆုံး သမားဂုဏ်နဲ့အညီ လုပ်ဆောင်ပါမယ်၊ လူနာရဲ့ အခွင့်အရေးကို လေးစားပေးမယ်ဆိုတာတွေ ပါဝင်တာကို တွေ့ရပါတယ်။
ဆရာဝန်တွေသာမကပါဘူး။ သူနာပြုတိုင်းဟာလည်း သူနာပြုသစ္စာဓိဋ္ဌာန်တွေကို အလေးထားစောင့်ထိန်း ကြရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ မှာ သူနာပြုသားဖွားဆိုင်ရာကျင့်ဝတ်တွေအရ လိုက်နာပြီး ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ကြရသူတွေ ဖြစ်ပါ တယ်။ ကျန်းမာရေးမူဝါဒတွေ ရေးဆွဲချမှတ်တဲ့အခါ ဒါမှမဟုတ် ပြည်သူလူထုရဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ရှိတဲ့အခါ ပြည့်မီစေဖို့ ကြိုးပမ်းဆောင်ရွက်ကြရသူတွေဖြစ် တယ်လို့ ယုံကြည်ပါတယ်။
အမြန်ဆုံး ပြန်လာခဲ့ပါ
လက်ရှိနိုင်ငံရဲ့အခြေအနေဟာ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရတဲ့ လူမှုဘဝတွေကို ပြန်လည်ကုစားပေးရင်း တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွေကို စတင်ရမယ့်အချိန်ဖြစ်ပါတယ်။ အခုဆိုရင် အသက် ၆၅ နှစ်အထက်တွေကို ကာကွယ်ဆေး ထိုးလုပ်ငန်းတွေ စတင်နေပါပြီ။ ကျန်းမာရေးဝန်ထမ်း တွေအနေနဲ့ ဒီအချက်လေးကို လျစ်လျူမရှုပစ်ဘူးရယ်လို့ မျှော်လင့်မိပါတယ်။ ပြည်သူအများစုဟာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုခံယူတဲ့အခါ ပြည်သူ့ဆေးရုံ၊ ဆေးခန်းတွေမှာပဲ ကုသလိုကြတာပါ။ ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ ငွေကြေးကုန်ကျမှုရှိတဲ့အတွက် ပြည်သူ တိုင်း ကုသဖို့ခက်ခဲနေကြရပါပြီ၊ ထိခိုက်နစ်နာနေကြ ရပါပြီ။
ဒါကြောင့် ကျန်းမာရေးသူရဲကောင်းကြီးတွေအနေနဲ့ မိမိတို့ခံစားချက်တွေကို ခေတ္တချိုးနှိမ်ပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်အတွက် ပြည်သူ့ဆေးရုံတွေ ဆီကို အမြန်ဆုံး ပြန်လာခဲ့ကြဖို့ မျှော်လင့်တိုက်တွန်းလိုက် ရပါတယ်။ ။
- Log in to post comments