နိုင်ငံသားနှင့် နိုင်ငံရေး

လောက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ မိမိအမျိုးအနွယ် လူမျိုး၏ အကျိုးကို ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ပျိုးထောင် မြှင့်တင်ခြင်းတို့က လူဖြစ်ရခြင်း၏ အနက်အဓိပ္ပာယ်အနှစ်သာရ ဖြစ်သည်။ လောကတ္ထစရိယ၊ ဉာတတ္ထစရိယနှင့် ဗုဒ္ဓတ္ထစရိယဟူ၍ လည်း သိကြသည့် အထက်ပါ စရိယသုံးပါးတို့ကို ဗုဒ္ဓသည် လည်းကောင်း၊ တပည့်သား သံဃာတော်များသည်လည်းကောင်း ကိုယ်တိုင်ဖြည့်ကျင့်ခဲ့ကြသကဲ့သို့ လောကလူသားတို့ကိုလည်း လမ်းညွှန်ပြသတော်မူခဲ့ကြသည်။ လူသည် လူအဖြစ်ကို ရရှိလာကတည်းက မိမိကိုယ်တိုင် အတွက်သာမက မိမိဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိလူမျိုးတို့အတွက်ပါ တာဝန်ရှိသည်။ သည့်ထက်ပို၍ဆိုရလျှင် လူ့လောကကြီး တစ်ခုလုံးအတွက်ပါ တာဝန်ရှိသည်။ လူသည် ယင်းတာဝန်များကို မည်မျှကျေပွန်နိုင်သနည်း၊ မည်မျှစွမ်းဆောင်နိုင်သနည်း၊ မည်မျှ ထမ်းဆောင်နိုင်သနည်း စသည်တို့အပေါ်မူတည်၍ တန်ဖိုးရှိသော လူသားဖြစ်လာသည်။ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင် သူသည် လူမည်ကာမတ္တထက် ပိုသူ လူကောင်းဖြစ်၍၊ အများ အကျိုး ဖျက်ဆီးသူ၊ မိမိကြောင့် အများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေ သူမှာ လူဖြစ်ရှုံးသူ၊ လူ့ဘဝနှင့်မထိုက်တန်သူဖြစ်သည်။ နိုင်ငံသားတစ်ဦးအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးအတွက် ဆောင်ရွက်ခြင်းသည် မိမိရှင်သန်နေထိုင်ရာ လူ့အဖွဲ့အစည်းကို ပိုမို၍ ကောင်းမွန်သော၊ ပိုမို၍ အဆင့်မြင့်မားသော အခြေအနေသို့ ရောက်အောင် မြှင့်တင်ခြင်းဖြစ်သည်။ ယင်းသည်ပင် နိုင်ငံရေး ဖြစ်၍ ဉာတတ္ထစရိယလည်းဖြစ်သည်။ လူသားအားလုံးနှင့် တစ်ကမ္ဘာလုံးအတွက် ရည်ရွယ်ဆောင်ရွက်နိုင်လျှင်မူ လောကတ္ထ စရိယကို ဖြည့်ကျင့်နိုင်ခြင်းပင်ဖြစ်သည်။ မိမိနိုင်ငံသူ နိုင်ငံသား များ အစားအစာ ဝဝလင်လင်စားသုံးနိုင်ရေး၊ အာဟာရပြည့်ဝ ရေး၊ အနာရောဂါကင်းဝေး ကျန်းမာအသက်ရှည်နေနိုင်ရေး၊ ရောင်းပန်းဝယ်ပန်းများ ပွင့်လန်းကာ လျင်မြန်ချောမွေ့စွာ ကူးသန်းသွားလာဆက်သွယ်နိုင်ရေး၊ စာတတ်မြောက်ရေးနှင့် ပညာသင်ကြားရေး၊ အကျင့်စာရိတ္တမြင့်မားရေးနှင့် လူမှုဘဝများ လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုဒုက္ခများမှ ကယ်ဆယ်ရေးစသည်ဖြင့် မြောက်မြားလှစွာသော အရေးများကို ကဏ္ဍအသီးသီးတွင် နေ့စဉ်ပါဝင်ဆောင်ရွက်နေကြခြင်းသည် နိုင်ငံရေးဆောင်ရွက်နေကြခြင်းဖြစ်သည်။ ကိုယ့်နေရာနှင့်ကိုယ်၊ ကိုယ့်ကျွမ်းကျင်မှုနှင့်ကိုယ် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး အားလုံး သူ့တန်ဖိုးနှင့်သူ ရှိကြသည်သာ။ စက်ယန္တရားကြီး တစ်ခုတွင် မည်မျှသေးငယ်သည့် အစိတ်အပိုင်းဖြစ်စေကာမူ မပါမဖြစ် လိုအပ်သကဲ့သို့ သူ့နေရာနှင့်သူ အရေးပါကြသည်သာ။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီပြည့်ဝသော နိုင်ငံဖြစ်ရေး၊ ဒီမို ကရေစီစနစ် စွဲမြဲခိုင်မာစေရေးအတွက် ကြိုးပမ်းအားထုတ်နေရဆဲ နိုင်ငံဖြစ်သည်။ ဒီမိုကရေစီနိုင်ငံသားတစ်ဦးအဖို့ ဉာဏ်ပညာ ဗဟုသုတနှင့်ပြည့်စုံခြင်း၊ နိုင်ငံရေးနိုးကြားခြင်း၊ ဆင်ခြင်တုံတရား ပြည့်ဝခြင်းတို့လိုအပ်သလို လူတစ်ဦးချင်းစီတို့၏ ဆန္ဒနှင့် လွတ်လပ်ခွင့်တို့ကို လေးစားခြင်း၊ မတူကွဲပြားမှုတို့ကို အသိ အမှတ်ပြုခြင်းတို့ လိုအပ်သည်။ တစ်ပြိုင်တည်းမှာပင် စည်းလုံး ညီညွတ်မှုကိုရယူကာ ပိုမို၍ ကောင်းမွန်သော၊ ပိုမို၍ အဆင့်မြင့် ‌သော လူ့အဖွဲ့အစည်းကို ပေါင်းစည်းညီညွတ်သည့်အင်အားဖြင့် တည်ဆောက်ကြရမှာဖြစ်သည်ဟု ရှုမြင်ပါကြောင်း။ ။