ချင့်ချိန်စဉ်းစား

“ ခလုတ်တစ်ချက်မနှိပ်ခင် စဉ်းစားပါ။ မမျှဝေခင် စဉ်းစားပါ။ COVID-19 နဲ့ပတ်သက်တဲ့သတင်းအချက်အလက်အမှားတွေ၊ မယုံကြည်မှုတွေ၊ ထိတ်လန့်မှုတွေစတဲ့ အကြောင်းအရာအများ ကြီးပျံ့နှံ့နေပါတယ်။” ဖော်ပြပါစာသားများမှာ COVID-19 ဆိုင်ရာ သတင်းအချက် အလက်များနှင့်စပ်လျဉ်း၍ အများပြည်သူကို ပညာပေးဆော်ဩ ထားသည့် ပိုစတာတစ်ခုမှဖြစ်သည်။ ထို့အပြင် “မှန်ကန်တဲ့ သတင်းအချက်အလက်တွေက လူတွေရဲ့အသက်ကို ကယ်ဆယ် နိုင်ပါတယ်။” “ကျွမ်းကျင်သူပညာရှင်အတုများကို သတိပြုပါ။ သတင်းအချက်အလက်တွေကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကျွမ်းကျင် သူပညာရှင်အတုတွေကို မကြာခဏအသုံးချလေ့ရှိပါတယ်။” “လုပ်ကြံသတင်းလား သို့မဟုတ် သတင်းအမှားလား ခြားနားမှု ကို သိပါ” စသည့် ပိုစတာများကိုလည်း မီဒီယာများတွင် တွေ့နိုင် သည်။ အထက်ဖော်ပြပါ ပညာပေးပိုစတာများကို ကြည့်ခြင်းဖြင့် လူမှုကွန်ရက်မီဒီယာသုံးစွဲသူများကို ဦးတည်၍ ဆော်ဩနေခြင်း ဖြစ်ကြောင်း သိနိုင်ကြမည်ဖြစ်သည်။ လူမှုကွန်ရက်များတွင် အတွေ့ရများနေသည့်သတင်းတု၊ သတင်းမှားများကို ခွဲခြားသိရှိ နားလည်နိုင်ကြရန်၊ သတင်းတုသတင်းမှားတို့၏ အန္တရာယ်ကို သိမြင်ကြပြီး မဆင်မခြင်ထပ်ဆင့်မျှဝေခြင်း မပြုမိကြစေရန် အသိပညာပေးနေခြင်းလည်းဖြစ်သည်။ အင်တာနက်ကွန်ရက်များ တစ်ကမ္ဘာလုံးအနှံ့ဖုံးလွှမ်းလာ ခြင်းနှင့် စမတ်ဖုန်းများကို လူတိုင်းကိုယ်စီ ကိုင်ဆောင်လာနိုင် ခြင်းတို့ကြောင့် လူတို့၏ သတင်းအချက်အလက်ရယူမှုမှာလည်း အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားခဲ့သည်။ သတင်းစာ၊ ရေဒီယို၊ ရုပ်/သံ၊ အင်တာနက်ဝက်ဘ်ဆိုက်များကို နောက်မှာချန်ထားရစ် ကာ လူမှုကွန်ရက်များကို တွင်ကျယ်စွာအသုံးပြုကြခြင်းဖြင့် သတင်းစားသုံးမှု ပုံစံများ‌ ပြောင်းလဲသွားကြခြင်းဖြစ်သည်။ လူမှု ကွန်ရက်တွင် သတင်းများကို ရယူရုံသာမက တုံ့ပြန်မှု၊ ထပ်ဆင့် ဖြန့်ဝေမှုတို့ ပြုလုပ်နိုင်သည်။ သမားရိုးကျမီဒီယာတို့က သတင်း အချက်အလက်များကို စုဆောင်းခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ တည်းဖြတ်ခြင်း၊ ထုတ်လုပ်ခြင်းအဆင့်ဆင့်တို့ ပြုလုပ်နေစဉ်မှာပင် လူမှုကွန်ရက်မှ သတင်းများက ဖြစ်စဉ်နှင့် မရှေးမနှောင်းမှာပင် ဖြန့်ဝေမှုများ ပြုလုပ်နေပြီဖြစ်သည်။ တစ်ခါတစ်ရံ တိုက်ရိုက် ထုတ်လွှင့်မှုများပင်ရှိနေပြီး လျင်မြန်သည့်အဟုန်ဖြင့် ပျံ့နှံ့သွား တတ်သည်။ လူမှုကွန်ရက်ကို အသုံးပြုသည့် သတင်း စားသုံးသူများအဖို့ မိမိရရှိသည့် သတင်းသည် အစစ်လား၊ အတုလား၊ အမှားလား၊ အမှန်လား၊ အယောင်ဆောင်လား၊ ချဲ့ကားထားခြင်းလား၊ ပြောင်းပြန်လှန်ထားခြင်းလားဆိုသည်ကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် အသိဉာဏ်ပညာနှင့်အတူ သတိတရားထားရှိနိုင်ဖို့ပါ လိုအပ်လာ သည်။ ပရော်ဖက်ရှင်နယ်သတင်းဌာနများနှင့် သတင်းသမား များမှာ အမှားနှင့်မကင်းနိုင်သည်မှာ သဘာဝဖြစ်သော်လည်း ကျင့်ဝတ်များကိုမူ ခါးဝတ်ပုဆိုးကဲ့သို့ စွဲမြဲလိုက်နာကြခြင်းကြောင့် ယုံကြည်စိတ်ချနိုင်ကြသည်။ အကောင့်တုမျိုးစုံဖြင့် လူမှုကွန်ရက် တွင် တင်ထားသည့် စာသား၊ ဓာတ်ပုံ၊ ရုပ်ပုံ၊ အရုပ်အသံဟူသမျှ တို့ကိုမူ အပြန်ပြန်အလှန်လှန် စိစစ်ကြရန် လိုမည်ဖြစ်သည်။ အချက်အလက်များ မှန်မမှန်၊ ယုတ္တိ ရှိ မရှိ၊ အချက်အလက်ပြည့်စုံမှု ရှိ မရှိ၊ မည်သည့်ရှုထောင့်မှ၊ မည်သည့်ရည်ရွယ်ချက်ဖြင့်၊ မည်သို့ သတင်းပေးတင်ပြထားသည်တို့ကိုပါ သေချာစွာ စစ်ဆေးနိုင်ပါမှ အညာလည်းမခံရ၊ မိမိ ညံ့ရာလည်းမကျ ဖြစ်မည်။ မိမိတို့နိုင်ငံ၏ ပစ္စက္ခမှာ ကပ်ရောဂါကာလဖြစ်သည့်အပြင် နိုင်ငံရေးယဉ်ကျေးမှုကို အကြောင်းပြုဖြစ်ပေါ်လာသည့် အရေးပေါ် ကာလတစ်ရပ်ကို ဖြတ်သန်းနေရချိန်ဖြစ်သည်။ မြန်မာ ပြည်သူတို့ အသုံးများသည့် လူမှုကွန်ရက်များပေါ်တွင် တွေ့မြင် ကြားသိနေရသမျှတို့မှာ အုတ်အုတ်ကျက်ကျက် အရောရော အထွေးထွေးဖြစ်နေသည်။ ပရော်ဖက်ရှင်နယ်မီဒီယာများမှာ တာဝန်ယူမှုနှင့် ကျင့်ဝတ်များနှင့်အညီ သတင်းများကို ၎င်းတို့၏ အာဘော်များအလိုက် ထုတ်နေကြသော်လည်း သတင်းတု သတင်းမှားများစွာတို့မှာမူ ရှောင်၍မရအောင် ပေါ်ထွက်နေကြရာ သတိသမ္ပဇဉ် ဉာဏ်အမြင်ဖြင့် ချင့်ချိန်သုံးသပ် ဆုံးဖြတ် နိုင်ကြရန် ဖြစ်ပါကြောင်း။ ။