ရဟန်းတို့ စိတ်၏ကိလေသာမှ ထွက်ကြောင်းဖြစ်သော မေတ္တာကို မှီဝဲအပ်သည်ရှိသော်၊ ပွားစေအပ်သည်ရှိသော်၊ အကြိမ်များစွာ ပြုအပ်သည်ရှိသော်၊ စီးသောယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော်၊ တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော်၊ မေတ္တာမှ မကွာစေအပ်သည် ရှိသော်၊ လေ့ကျက်အပ် သည် ရှိသော်၊ ကောင်းစွာ အားထုတ်အပ်သည်ရှိသော်၊ တစ်ဆယ့်တစ်ပါးကုန်သော အကျိုးဆက်တို့ကို အလိုရှိ အပ်ကုန်၏ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့ ကြောင်း အင်္ဂုတ္တရနိကာယ် ဧကာဒသနိပါတ်တွင် ဖော်ပြ ထားသည်။
မေတ္တာတရားကို ပွားများရခြင်း၏ အကျိုး ၁၁ ပါး တို့မှာ ချမ်းသာစွာအိပ်စက်ရခြင်း၊ ချမ်းသာစွာနိုးထရ ခြင်း၊ မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း၊ လူတို့၏ ချစ်ခြင်းကိုခံယူရခြင်း၊ နတ်ဘီလူးတို့၏ ချစ်ခြင်း ကို ခံယူရခြင်း၊ နတ်တို့က စောင့်ရှောက်ခြင်း၊ မီး၊ အဆိပ်၊ ဓားလက်နက်တို့၏ဘေးမသင့်နိုင်ခြင်း၊ စိတ်မပျံ့လွင့် ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ မတွေဝေသည်ဖြစ်၍ စုတိစိတ်ကျရခြင်း၊ တရားအထူးကို ထိုးထွင်းမသိသည် ရှိသော် ဗြဟ္မာ့ပြည်သို့လားရခြင်းတို့ ဖြစ်သည်။ ဒေါသ ကင်းကွာရာ မေတ္တာတရားကို ပွားများသူတို့ မုချရရှိ သောအကျိုးဆက်တို့ပင်ဖြစ်သည်။ မေတ္တာ၏ ဆန့်ကျင် ဘက်တရားမှာ ဒေါသဖြစ်၏။
ဒေါသဟူသည် ပြစ်မှားကြမ်းတမ်းတတ်သော သတ္တိ ရှိ၏။ လှံတံဖြင့် ခတ်အပ်သော မြွေကဲ့သို့ ကြမ်းတမ်းခြင်း လက္ခဏာရှိ၏။ မိုးကြိုးစက်ကျသကဲ့သို့ စူးဝင်တတ်၏။ တောမီးကဲ့သို့ မှီရာပုဂ္ဂိုလ်ကို ပူလောင်စေခြင်းကိစ္စရှိ၏။ ရအပ်သောအခွင့်ရှိသော ရန်သူကဲ့သို့ ချုပ်ချယ်ခြင်းလျှင် ထင်သော အခြင်းအရာရှိ၏။ အဆိပ်ဖြင့် ရောနှော အပ်သောဆေးကဲ့သို့ ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်း အာဃာတဝတ္ထုလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်ရှိ ၏ဟု မောင်းထောင်ဆရာတော်ကြီးက ဒေါသကထာ တွင် ဖွင့်ဆိုသည်။
ဒေါသ၏ ကြမ်းတမ်းသော အရုပ်ဆိုးသော သတ္တိ ကြောင့် ဒေါသဥပါဒ်သောသူမှာ ကြမ်းတမ်းလာသည်။ အရုပ်ဆိုးလာသည်။ အတတ်ပညာ အလိမ္မာတို့ ကုန်ခန်း ကာ အမှောက်မှောက်အမှားမှား တရားလက်လွတ် ပြောမိပြောရာ ပြောတတ်လာသည်။ စကားတစ်ခွန်း ကိုပင် ဆုံးအောင်မပြောနိုင် ဖြစ်လာသည်။ ဒေါသနှင့် ယှဉ်သောစိတ်သည် မှီရာပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုတတ် သောကြောင့် မိမိ၏စိတ်မဟုတ်ဟု ဆိုအပ်သည်။ တစ်ဖန် မီးသည် လေနှင့် အပေါင်းအဖော်ဖြစ်ခဲ့သော် ပြန့်ပွား ကြီးမားတတ်သော သဘောနှင့်တူစွာပင် ဒေါသသည် မာနနှင့်ပေါင်းဖက်မိပါက အတိုင်းထက်အလွန်ခက်ထန် ကာ ပြေပျောက်ခြင်းငှာ ခဲယဉ်းစေပြီး အတိုင်းထက် အလွန်လည်း ပျက်စီးစေတော့သည်။ သို့ဖြစ်ရာ မိမိတို့၏ စိတ်သန္တာန်တွင် ဒေါသမမှီမတွယ် မကပ်ငြိစေရန်မှာ ဒေါသ၏အကြောင်းတရားကို သိရှိစွန့်ပယ်နိုင်ရမည် ဖြစ်သည်။
ပုဂ္ဂိုလ်သတ္တဝါတို့အဖို့ သုဘနိမိတ္တဉ္စ-တင့်တယ်လှပ လျောက်ပတ်၏ဟု အမှတ်အထင်လွဲသောအားဖြင့် ဖြစ်သော အာရုံသည် ရာဂကိုဖြစ်စေ၍၊ ပဋိယနိမိတ္တဉ္စ- မနှစ်သက်အပ်သောအနိဋ္ဌာရုံက ဒေါသကိုဖြစ်စေသည်။ ထိုမှတစ်ပါး အယောနိသောမနသိကာရ-မသင့်မတင့် နှလုံးသွင်းခြင်းကလည်း ဒေါသကိုဖြစ်စေသည်။ အမျက် ဒေါသဥပါဒ်လာခြင်းသည် တဏှာ၊ မာန၊ ဒိဋ္ဌိတို့စွဲလမ်း ခြင်းက အရင်းခံသည်။ ဤသူသည် ငါ့ကိုဆဲရေးသည်၊ ငါ့ကိုထိပါးသည်။ ငါ့ကိုဆဲရေးရာသလော၊ ငါ့ကိုထိပါးရာ သလောဟု ဒေါသမီးလျှံက မာနလေနှင့်ပေါင်းဖက်ကာ ဟုန်းဟုန်းတောက်လောင်တော့သည်။ မြင်မြင်သမျှ၊ ကြားကြားသမျှ အာရုံခြောက်ပါးမှာ ထင်ရှားပေါ်သမျှ တို့အပေါ် တဏှာ၊ မာနနှင့် ဒိဋ္ဌိတို့ခွာကာ ယောနိသောမန သိကာရ-သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းလျက် ဒေါသအမျက်မီးတို့ ငြှိမ်းသတ်နိုင်ပါစေကြောင်း၊ အေးမြ ချမ်းသာသည့် မေတ္တာဓာတ်တို့ လောကဓာတ်တစ်ခွင် လွှမ်းပတ်နိုင်ပါစေကြောင်း။ ။
Remark Type