မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းဖော်ရခြင်းဟု ဆိုရာဝယ်….

Type

လမင်းလင်း 
ဖေဖော်ဝါရီလရဲ့ ညနေခင်းတစ်ခုမှာ ငယ်သူငယ်ချင်းက ဖုန်းဆက်လာပါတယ်။ “သူငယ်ချင်း မင်းရုံးတက်သလားတဲ့။ အေး တက်တယ်” လို့ ဖြေလိုက်ရာ စိတ်ဆိုးပါတော့တယ်။ မင်းတာဝန် မကျေဘူးလို့လည်း ဆိုပြန်ပါတယ်။ ငယ်သူငယ်ချင်း၊  ပြောမနာ၊ ဆိုမနာမို့ သူပြောသွားလိုက်တာ မနည်း။  ရှင်းပြသင့်သလောက် ရှင်းပြလိုက်ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ သူ့အတွက်တော့ နိုင်ငံ့ဝန်ထမ်းတစ်ဦးရဲ့ခံယူချက်ကို နားလည်နိုင်လိမ့်မည်မဟုတ်။ မိဘက ငွေကြေးပြည့်စုံတဲ့အတွက် ပညာရေးတွင် မကြိုးစားခဲ့တဲ့ သူငယ်ချင်းက တက္ကသိုလ်တက်တော့လည်း သာမန်လွယ်ကူတဲ့ ဘွဲ့တစ်ခုကိုသာယူပြီး မိဘ လက်ငုတ် လက်ရင်း စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူ၊ အတော်အသင့်လည်း အောင်မြင်နေသူ ဖြစ်ပါတယ်။ 
ဖုန်းချသွားပြီးသည့်တိုင် သူငယ်ချင်းရဲ့ စကား တွေဟာ  နားထဲမှာ ပဲ့တင်ထပ်သလို ပြန်လည် ကြားယောင်နေပါတယ်။ ကိုယ်ပဲ မှားနေတာလား၊ စိတ်က ဝေခွဲမရ။  အတွေးတွေ   လေးလေးလံလံ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ထမင်းစားချိန် ရောက်လာ ပါတယ်။ မိသားစုထမင်းဝိုင်းမှာတော့  ကိုယ့်ကို မှီခိုနေတဲ့ အသက် ၇၀ ကျော် အဖေနဲ့အမေ၊ ဇနီး သည်၊ ကျောင်းမနေရသေးတဲ့ သားလေးတို့ကတော့ ဘာမှမသိရှာဘဲ ထုံးစံအတိုင်း ရယ်ကာမောကာနှင့်။
ဒီလိုနဲ့  ညစဉ်ဘုရားဝတ်ပြုနေကျ   အချိန် ရောက်လာတော့ ဘုရားကျောင်းဆောင်ရှေ့ထိုင်၊ ငါးပါးသီလခံယူဆောက်တည်၊  ဘုရားရှိခိုးတော့ လည်း စိတ်အာရုံသည် နွားရိုင်းလေးကဲ့သို့ ဟိုပြေး ဒီပြေး၊ တောင်စဉ်ရေမရ အတွေးတွေနဲ့သာ ဘုရား ဝတ်ပြု  ပြီးစီးခဲ့ပါတယ်။ ညအိပ်ချိန်ရောက်တော့ လည်း အိပ်မရပြန်။ 
ကိုယ့်ဘေးမှာ   အပူအပင်ကင်းစွာ    နှစ်နှစ် ခြိုက်ခြိုက်    အိပ်မောကျနေတဲ့   သားလေးကို ကြည့်မိပါတယ်။ အပြစ်ကင်းစွာ အိပ်ပျော်နေလိုက် တာ။ ဒါကြောင့်လည်း သားတို့ရုပ်ရည်၊ သီတာ မည်သား၊  ရေကြည် ချမ်းမြ၊   တစ်ပေါက်ကျက၊ မိဘတို့ ဝမ်း၊ ငြိမ်းစတမ်းတည်းဟု  ဆိုစမှတ်ပြု ခဲ့ကြတာ   ဖြစ်ပါလိမ့်မယ်။  ဒီကလေးငယ်ကို လူလားမြောက်အောင်  ကျွေးမွေးပြုစုဖို့  မိဘတို့ ဝတ္တရားတွေ  ရှိနေပါသေးလား။
ဒါ့အပြင် ကျေအောင်မဆပ်နိုင်သေးတဲ့ မိဘ ကျေးဇူးတွေ၊ ငယ်စဉ်ကတည်းက သူများတွေလို စည်းစိမ်ဥစ္စာတွေ အမွေပေးစရာ များများစားစား မရှိဘူး၊ ပညာအမွေပဲပေးနိုင်မှာ စာကြိုးစားလို့ အမြဲတဖွဖွဆိုတတ်သည့် မိဘနှစ်ပါးကြောင့်လည်း ပညာရေးကို တန်ဖိုးထားတတ်ခဲ့ပါတယ်။ ဝါသနာ ပါတဲ့ ဘာသာရပ်တစ်ခုကို အတိုင်းအတာတစ်ခု အထိ  လေ့လာလိုက်စားခဲ့ပြီး   တက္ကသိုလ်က ဘွဲ့တစ်ခုရခဲ့ပါတယ်။
ဝန်ထမ်းမျိုးရိုးမဟုတ်တဲ့အတွက် ဝန်ထမ်း ဆိုတာ  ဂုဏ်ရှိတယ်ဆိုပြီး   နိုင်ငံ့ဝန်ထမ်းတစ် ယောက်ဖြစ်စေချင်ခဲ့တဲ့ မိဘတွေရဲ့ ဆန္ဒအတိုင်း အလုပ်လျှောက်ခဲ့ပါတယ်။ အရည်အချင်းစစ် ရေး ဖြေနဲ့ နှုတ်ဖြေစာမေးပွဲတွေကို ဖြေဆိုအောင်မြင် ခဲ့တာကလည်း လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါ။ 
ကိုယ်လိုချင်တဲ့   နေရာလေး  တစ်ခုရအောင် ပေးဆပ်ခဲ့ရတဲ့အချိန်တွေ၊ အမြဲမပြတ်လေ့လာပြီး ကြိုးစားတည်ဆောက်ခဲ့ရတွေကလည်း ဆယ်စုနှစ် တစ်ခုကြာရှိခဲ့ပြီ။  ကိုယ်လုပ်နေတဲ့ နေရာ၊ တာဝန်၊ လုပ်ငန်းကို  ကျွမ်းကျွမ်းကျင်ကျင်   ပိုင်ပိုင်နိုင်နိုင် ထူးချွန်စွာ တတ်မြောက်သူ(ပညာရှင်) တစ်ယောက် ဖြစ်အောင်လည်း စိတ်ဆန္ဒထက်ထက်သန်သန်နဲ့ ယနေ့တိုင်လည်း ဆည်းပူး လေ့လာ မှတ်သားနေရဆဲ ဖြစ်ပါတယ်။ 
ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို ကိုယ်တာဝန်ယူ လုပ်ကိုင်နေတဲ့ အလုပ်အပေါ် ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ကိုင်နေသူတစ်ယောက်ဟာ ပရော်ဖက်ရှင်နယ်ပဲ ဖြစ်ပါတယ်။   ပရော်ဖက်ရှင်နယ်  (Professional ) ပီသတဲ့သူ  တစ်ယောက်သည် စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်စွမ်း  ရှိရပါမယ်။  အလုပ်တာဝန်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားနားလည်ရပါမယ်။
ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ်လို့ ခံယူ လိုက်တဲ့အတွက်   သူငယ်ချင်းရဲ့   သတ္တိနည်းတယ်၊ သူရဲဘောကြောင်တယ်ဆိုတဲ့   စွပ်စွဲချက်အပေါ် ရှက်စိတ်နဲ့ ဂယက်ထနေတဲ့ အတွေးတွေကလည်း တည်ငြိမ်စပြုလာပါတယ်။ 
သားလေးနဲ့ မိသားစုတွေအတွက် လိမ္မာရမယ် ဆိုတဲ့ အသိတစ်ခုနဲ့ ကိုယ့်ဘဝကို နားလည်၊ အရာရာ ကို သတိတရားနဲ့ ထိန်းချုပ်ပြီး နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေထိုင်နေတဲ့   ကိုယ့်ကို  သူငယ်ချင်း နားမလည်နိုင်တာ မဆန်းပါဘူး။ ဒါပေမယ့် အခုလို မိသားစုတွေ နှစ်နှစ်ခြိုက်ခြိုက်  အိပ်ပျော်နိုင်တဲ့ အခြေအနေ၊  ရွေးချယ်မှုတစ်ခု  အတွက်လည်း ဆုံးဖြတ်ချက်တွေ  မှန်မှန်ကန်ကန်ချလိုက်ပါတော့ တယ်။  ယုံကြည်ချက်နဲ့   ရပ်တည်ချက်တွေ ခိုင်မာ ခဲ့တဲ့ အတွက်လည်း အိပ်ရေးပျက်ရကျိုးနပ်ခဲ့ပါတယ်။ 
အိပ်ရေးပျက်ခဲ့ပေမယ့်  နေ့သစ်ကို  အားအင် အသစ်တွေနဲ့   နိုးထနိုင်ခဲ့ပါပြီ။  မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ္တန်အတိုင်း အကြောင်း ကိစ္စကြီးငယ်၊ ပြဿနာတွေရဲ့ အမှန်တရား၊ အဖြေကို ရှာဖွေတဲ့အခါ ဝေဖန်ပိုင်းခြားနိုင်တဲ့ ကိုယ်ပိုင်ဉာဏ် စွမ်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်ပြီး ကောက်ချက်ချ ဆုံးဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 
ဒါ့အပြင် ၃၈ဖြာ မင်္ဂလာတရားတော်မှာ အသေ ဝနာစ ဗာလာနံ-  လူမိုက်ကို   မပေါင်းသင်းရခြင်း၊ ပဏ္ဍိတာနဉ္စ သေဝနာ- ပညာရှိ သူတော်ကောင်းကို ပေါင်းသင်းရခြင်း၊ ပူဇာစ ပူဇနေယျာနံ- ပူဇော်သင့် ပူဇော်ထိုက်သူကို ပူဇော်ရခြင်းဆိုပြီး ကြီးပွားချမ်းသာ ကြောင်း အမြတ်ဆုံးသော  မင်္ဂလာတရားတွေကို မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်။ ဒီတရားတွေနဲ့ ပြည့်စုံတဲ့သူတွေသည်  အောင်မြင်လိမ့်မယ်၊ ကြီးပွားချမ်းသာလိမ့်မယ်။ နောက်ဆုံးမှာ နိဗ္ဗာန် ချမ်းသာထိတိုင်အောင် စစ်မှန်တဲ့ ချမ်းသာ သုခကို ရရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။
မိတ်ဆွေကောင်း ‘ကလျာဏမိတ္တ’ နဲ့ ဆက်စပ် ပြီး အခါတစ်ပါးမှာ မြတ်စွာဘုရားကို ညီတော် အာနန္ဒာက လျှောက်ထားတော်မူပါတယ်။ “ အရှင် ဘုရား  မိတ်ဆွေအပေါင်းအသင်းကောင်းတွေ ရှိခြင်းဟာ    လုပ်ငန်းကိစ္စတွေကို  ထက်ဝက် ၅၀ ရာခိုင်နှုန်း ပြီးမြောက်အောင်မြင်စေတယ်ဆိုတာ ဟုတ်ပါသလား ဘုရားလို့ ” လို့  လျှောက်ထား ပါတယ်။ မြတ်စွာဘုရားက “ ဤသို့ ဆိုဖို့ မသင့်ဘူး အာနန္ဒာ” လို့ မိန့်တော်မူပါတယ်။ 
ညီတော်အာနန္ဒာက မြတ်စွာဘုရား မကြားလေ သလား၊  နားကြားလွဲလေသလား  အထင်နဲ့ သုံးကြိမ်တိုင်တိုင်  ထပ်မံမေးတော်မူရာ သုံးကြိမ် စလုံး ငြင်းပယ်တော်မူပါတယ်။ “ညီတော် ဒီစကား ဟာ   မှားပါတယ်။  မိတ်ကောင်းဆွေကောင်း            တွေရှိတဲ့အခါ   လုပ်ဆောင်ဖွယ်ရာ   ကိစ္စတွေဟာ ထက်ဝက်သာမက အလုံးစုံပြီးမြောက် အောင်မြင် စေနိုင်ပါတယ်” လို့ မြတ်စွာဘုရားက အတိအလင်း ဖြေကြားတော်မူခဲ့ပါတယ်။ 
မြတ်စွာဘုရားသည်ပင် ပါရမီဖြည့်ကျင့်ခဲ့တဲ့ ဘဝတိုင်းမိတ်ဆွေကောင်းတစ်ယောက်  ဖြစ် အောင်   ကျင့်ကြံနေထိုင်ခဲ့ပါတယ်။  မိတ်ဆွေ ကောင်းရှိခြင်းဟာ   ပြုဖွယ်ကိစ္စတွေကို    ရာနှုန်း ပြည့်   ပြီးမြောက်အောင်မြင်စေနိုင်တဲ့အတွက် မိတ်ကောင်းဆွေကောင်းတွေကို  တန်ဖိုးထားဖို့ လိုအပ်သလို ကိုယ်တိုင်လည်း  မိတ်ဆွေကောင်း ဖြစ်အောင်  ပြုမူနေထိုင်ဖို့ လိုပါတယ်။
မည်သည့်အကျိုးတရားမဆို အကြောင်းတရား မကင်းတာမို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို  လက်ကိုင်ထား ကာ သူ့အတွက်ရော ကိုယ့်အတွက်ပါ အကျိုးများ စေမယ့်   အတွေးတွေ၊  အပြောတွေနဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်သူမိတ်ဆွေစစ်တွေနဲ့သာ ပေါင်းဖော် နိုင်ပြီး အမှားအမှန်ကို ကိုယ်ပိုင်ဆင်ခြင်  စဉ်းစား ဉာဏ်ဖြင့်  ဝေဖန်ပိုင်းခြား  အမှားကင်းနိုင်ကြ        ပါစေ။       ။