
နေပြည်တော် မေ ၆
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှု များအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့် အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒ ဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှု ထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော် လည်း ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ်(၁)ရပ်ကွက် နေသူများဖြစ်ကြသည့် အောင်သူ(ခ)တိုက်ဂါး(ခ)စောစိုင်း လေးနှင့် ချယ်ရီအောင် တို့သည် ၎င်းတို့အသုံးပြုသည့် “လွမ်းချစ်သူချစ်သူလွမ်း” Facebook အကောင့်နှင့် “Tiger ရဲ့ မားမား” Tiktok အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာနေ လှလှနွယ်သည် ၎င်းအသုံးပြုသည့် “ဒေါင်းနီမလေး” Tiktok အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဇရပ်ဖြူ ကျေးရွာနေ သူရိန်ထွန်းသည် ၎င်းအသုံးပြုသည့် “Thu Rein Htun Art” Facebook အကောင့်၊ တောင်ဥက္ကလာပ မြို့နယ် အမှတ်(၁၄)ရပ်ကွက်နေ ရာဇာဖြိုးဝေ(ခ)အာဝါး သည် ၎င်းအသုံးပြုသည့် “Yazar Phyo Wai” Facebook အကောင့်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့နယ် အမှတ်(၁)ရပ်ကွက်နေ သိန်းဇော်သည် ၎င်းအသုံး ပြုသည့် “Thein Zaw” Facebook အကောင့်တို့ဖြင့် အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရ သည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်