ဆီးဂိမ်း ကြက်တောင် Mixed Team ပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ရရှိ

 

ရန်ကုန်    မေ    ၁၀


ဆီးဂိမ်းကြက်တောင်ပြိုင်ပွဲ၏ Mixed Team ပွဲစဉ် ဗိုလ်လုပွဲကို  မေ  ၁၀ ရက်က ကျင်းပရာ မြန်မာကြက်တောင်အသင်း ငွေတံဆိပ်ဆု ဖြင့် ကျေနပ်ခဲ့ရသည်။  ဗိုလ်လုပွဲတွင်   မြန်မာနှင့်     အိမ်ရှင်ကမ္ဘောဒီးယား အသင်း   ယှဉ်ပြိုင်ကစားရာ    ကမ္ဘောဒီးယားအသင်းက   သုံးပွဲ-နှစ်ပွဲဖြင့် အနိုင်ရ ရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ Mixed Team  အသင်းလိုက်ပြိုင်ပွဲဖြစ်သောကြောင့်      အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တွင် ဟိန်းထွဋ်က ကမ္ဘောဒီးယားကစားသမားကို နှစ်ပွဲပြတ်အရေးနိမ့်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင်    သက်ထားသူဇာက    နှစ်ပွဲပြတ်ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ အတွဲက နှစ်ပွဲပြတ်အရေးနိမ့်သော်လည်း အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင်   မြန်မာအတွဲက  ၂- ၁ ပွဲ ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။

 

အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ကမ္ဘောဒီးယားအတွဲက အနိုင်ရသဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။  မြန်မာအသင်း သည် ဆီမီးဖိုင်နယ်အဆင့်မှ    စတင်ကစားရပြီး   ဘရူနိုင်းအသင်းနှင့် တွေ့ဆုံခဲ့ကာ သုံးပွဲ- ပွဲမရှိဖြင့်  အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ သည်။ 

 


Mixed Team ပြိုင်ပွဲကို   ကြက်တောင်ဖွံ့ဖြိုးစနိုင်ငံများအတွက် ကျင်းပပေးခြင်းဖြစ်ပြီး အင်အားကြီးနိုင်ငံများမပါဝင်ဘဲ ကျန်ငါးနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။                          

      
 ညီမြတ်သော်တာ