ငွေကုန်ကြေးကျလည်းသက်သာ ကျန်းမာရေးနှင့်လည်းကိုက်ညီ

မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၀၀ လျှင် ၅၉ ဦးသည် မကူးစက် နိုင်သောရောဂါများကြောင့်     သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။   မကူးစက်နိုင်သောရောဂါများ   ဖြစ်ပေါ်ရခြင်းမှာ   ကျန်းမာရေးနှင့်မညီညွတ်သော  အစားအစာများ စားသောက် ခြင်းနှင့် ကျန်းမာရေးနှင့်   မညီညွတ်သော လူမှုဘဝနေထိုင်မှု ပုံစံများတွင် နှစ်ရှည်လများ နေထိုင်ခြင်းတို့ကို အကြောင်း ရင်းခံသည်။ မကူးစက်နိုင်သော ရောဂါများအနက်  သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ၊ လေဖြတ် စသောရောဂါများ ပါဝင်ပြီး ၎င်းတို့မှာ မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါ များလည်းဖြစ်သည်။


အထက်ပါရောဂါများ ဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန်မှာ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးရန်နှင့်  ကျန်းမာရေးနှင့် ညီညွတ်စွာ   နေထိုင်လှုပ်ရှားရန်လိုသည်။    ထို့ပြင် ဆေးလိပ်၊ အရက်၊ ဆေးရွက်ကြီး  ရှောင်ကြဉ်ခြင်း၊  ကိုယ်အလေးချိန် ထိန်းခြင်း၊    ရေလုံလောက်စွာသောက်ခြင်း၊ စိတ်သောကများ လျှော့ချခြင်းတို့လည်း ပါဝင်သည်။ ကျန်းမာရေးနှင့်    ညီညွတ် သော    စားသောက်မှုပုံစံမှာ   ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်း သော အစားအစာများ၊  အသင့်စားထုပ်ပိုး    အစားအစာများကို   ရှောင်ကြဉ်ရန်၊ ဝက်ဆီ၊ အမဲဆီ၊   ပြည့်ဝဆီများကို    ရှောင်ကြဉ် ရန်နှင့် စားအုန်းဆီကို   အလွန်အကျွံမစားသုံးရန်   ကျန်းမာရေး အသိပညာပေးမှုများတွင် ဖော်ပြထားသည်။


ဆန်နှင့်ဆီသည်  မြန်မာတို့၏    အဓိကစားသုံးကုန်များ ဖြစ်ပြီး တစ်ဦးချင်းစားသုံးမှုမှာ   အိမ်နီးချင်းနိုင်ငံများထက် မြင့်မားသည်။ မြန်မာတစ်ဦးသည် တစ်နှစ်လျှင် ပျမ်းမျှခြင်း အားဖြင့် ဆီခြောက်ပိဿာ စားသုံးသည်ဟုဆိုသည်။ တစ်နိုင်ငံ လုံးအနေဖြင့်  နှစ်စဉ်  ဆီစားသုံးမှုတန်ချိန် တစ်သန်းကျော်ကျော် ရှိသည့်အနက်   ပြည်တွင်းမှ   ပဲဆီ၊ နှမ်းဆီ၊ နေကြာနှင့် အခြား ဆီထုတ်လုပ်မှု စုစုပေါင်း တန်ချိန် လေးသိန်းကျော်သာရှိရာ ကျန်တန်ချိန် ခုနစ်သိန်းဝန်းကျင်ခန့်ကို  ပြည်ပမှတင်သွင်း ရသည်။ အဓိကတင်သွင်းမှုမှာ  စားအုန်းဆီဖြစ်သည်။ မကူး စက်နိုင်သောရောဂါများ မဖြစ်ပွားစေရန်အတွက် အလွန်အကျွံ မစားသုံးရန် အသိပညာပေးထားသည့် စားအုန်းဆီကို အများ ဆုံး တင်သွင်းနေရခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ဈေးကွက် အတွင်း အိမ်ရှင်မတို့နှင့် လက်တစ်ကမ်းတွင် ရောင်းချနေသည့် ဆီများ၏  အရည်အသွေး၊  စံနှုန်းနှင့်   ဘေးကင်းမှုဆိုင်ရာ အာမခံချက်တို့မှာ ရောင်းသူနှင့် ဝယ်သူတို့ကြားတွင်   နှစ်ဖက် စလုံးက  အလေးအနက်မရှိကြသလို    သိနားလည်မှုလည်း မရှိကြခြင်းပင်ဖြစ်သည်။ ရောင်းသူနှင့် ဝယ်သူတို့ကြား အဓိက အလေးထားသည့်အချက်မှာ ဆီဈေးနှုန်းကိုသာဖြစ်သည်။


ဝင်ငွေနည်းပြည်သူအများစု ဝယ်ယူစားသုံးနိုင်သည့်ဆီမှာ အမှတ်တံဆိပ်မပါ၊ ဒန်အိုးဒန်ချိုင့်များ စည်ပိုင်းပြတ်များဖြင့် ထည့်ပြီး ခွက်ခြင်ဖြင့်ရောင်းသည့် ပဲဆီ၊ ပဲနှမ်းဆီ၊ အကြော်ခံဆီ စသည်ဖြင့် အမည်ခံထားသည့် ဆီများသာဖြစ်သည်။ ယင်းဆီ များ၏ အရည်အသွေးနှင့်   အစားအစာ  ဘေးကင်းလုံခြုံမှု တို့အတွက်  စဉ်ဆက်မပြတ်စစ်ဆေးရန် မလွယ်ကူကြောင်း ဆိုင်ရာဌာနအဖွဲ့အစည်းတို့က  ထုတ်ဖော်ပြောကြားထားရာ စားသုံးသူများအဖို့ ကိုယ့်အန္တရာယ်ကိုယ်  ရှောင်ကြရန်သာ ဖြစ်သည်။ ဆီများများ စားလေလေ၊ ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့် နီးလေလေဖြစ်ရာ ဆီလျှော့စားလေလေ၊   ရောဂါ အန္တရာယ်နှင့် ဝေးလေလေ ဖြစ်သည်ဟူ၍ နှလုံးသွင်းနိုင်ကြဖို့ လိုသည်။


စင်စစ်အားဖြင့် မြန်မာ့ရိုးရာဟင်းလျာများ၊   ဒေသအလိုက် ဟင်းအမယ်များနှင့် တိုင်းရင်းသားတို့၏ ဟင်းလျာများတို့တွင် ဆီမပါ သို့မဟုတ် ဆီနည်းနည်းဖြင့် အရသာရှိရှိ   ချက်ပြုတ် နိုင်ပြီး    ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ဖွယ်ရာ များစွာရှိသည်။ တရုတ်၊   ကိုရီးယား၊ ထိုင်းတို့၏ ဟင်းအမယ် များတွင်လည်း ဆီများများမလို၊ ဆီမပါသော လူကြိုက်များ သည့် အစားအစာများကို  မြို့ပေါ်နေ    မြန်မာများ   စားသုံး တတ်နေကြပြီဖြစ်သည်။    ငွေကုန်ကြေးကျလည်း  သက်သာ၊ ကျန်းမာရေးနှင့်လည်း ညီညွတ်စေသည့် ဆီနည်းနည်းနှင့် အရသာရှိသော   ဟင်းလျာအစားအစာများကို  အိမ်ရှင်မတို့   ချက်ပြုတ်နိုင်ကြဖို့အရေး ချက်နည်းပြုတ်နည်းများ  မျှဝေ သင်ကြားပေးကြရပါမည့်အကြောင်း။            ။