ကြိုတင်ပြင်ဆင်မှု

Type

ချစ်နိုင်(စိတ်ပညာ)
 

ချစ်စွာသောတူမောင် 


ရွှင်လန်းချမ်းမြေ့ပါစေ . . . 
အောင်မြင်မှုတစ်ခု ရရှိတယ်ဆိုပါစို့။ 


ဒါဟာ အကြောင်းရင်းတစ်ခုတည်းက သီးပွင့်လာခဲ့တာ မဟုတ် ကြောင်းကို အထူးပြောစရာမလိုဘူး ထင်တယ်။ အကြောင်းရင်းတွေ အများကြီး ပေါင်းဆုံစုစည်းရတာဖြစ်ကြောင်း မောင်လည်း သိတယ်။ ဦးဦးလည်း သိတယ်။ အောင်မြင်စေတဲ့ အကြောင်းရင်းတရား များစွာ ထဲမှာ   ကြိုးစားမှု၊   စိတ်အားထက်သန်မှု၊  ဇွဲရှိမှု၊ အခက်အခဲတွေကို လက်မလျှော့အရှုံးမပေးဘဲ ဆက်လက် အားထုတ်ခဲ့မှု စတဲ့အချက်များ အပြင် ကြိုတင်ပြင်ဆင်မှုရှိခဲ့မိလို့ဆိုတာ တွေ့ရတတ်ပါတယ်။


အနာဂတ်ကို မျှော်တွေးကြည့်ရမယ်။
ဘာတွေဖြစ်လာမှာလဲ။ ဘာတွေရှိလာမှာလဲ။
ဘာတွေ ပြောင်းလဲသွားမှာလဲ။
ဘာပဲဖြစ်ဖြစ် မိမိအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုတင် မျှော်တွေးလို့ရသမျှ အခြေအနေအမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင် ရမှာပဲလို့ စဉ်းစားမိပါတယ် တူမောင်။


ဆိုင်းဆရာကြီး ဦးဘမောင်၊ နှဲဆရာကြီး ဇေယျာညွန့် အစရှိတဲ့ “မြန်မာ့ဆိုင်း၊ နှဲပညာကျော်များ” အကြောင်း ပန်တျာမြင့်အောင် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို မနက်က ဖတ်ခဲ့မိတယ်။ စာပေ ဗိမာန် ပြည်သူ့လက်စွဲစာစဉ်မှ (၁၉၇၇) ခုနှစ်က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။  စာရေးဆရာ   ပန်တျာမြင့်အောင်က  ဆိုင်းဟု ဆိုကြ ပေမယ့်  ဆိုင်းလောကမှာ  သဘောသဘာဝ လုံးဝမတူကြတဲ့ ဆိုင်း အမျိုးအစားသုံးမျိုး ရှိတယ်လို့ ဆိုထားပါတယ်။ (၁) ရုပ်သေးဆိုင်း၊ (၂) ဇာတ်ဆိုင်းနဲ့ (၃) ဗလာဆိုင်းတဲ့။ အချို့သော ဆိုင်းဆရာများဟာ တစ်မျိုးတည်းကိုသာ   လုပ်ကိုင်အသက်မွေးကြသတဲ့။  အချို့သာ နှစ်မျိုး၊ သုံးမျိုးလုပ်ကိုင် အသက်မွေးကြတယ်လို့ ဆိုထားတယ်။


ရုပ်သေးဆိုင်းနဲ့ ဇာတ်ဆိုင်းဟာ အမြင်အားဖြင့် တူညီကြတယ်လို့ ထင်မြင်ဖွယ်ရှိပါတယ်တဲ့။ သို့သော် အမှန်စင်စစ်မူ မတူကြပါဘူး တဲ့ဗျား။ ရုပ်သေးဆိုင်းက ညဉ့်ဦးပိုင်းမှာ အရုပ်ကလေးများရဲ့ သဘာဝ လှုပ်ရှားမှုကို ပေါ်လွင်အောင် တီးမှုတ်ပေးရတယ်။ ဇာတ်ဆိုင်းကျတော့ ညဉ့်ဦးပိုင်းမှာ လက်ရှိခေတ်အခြေအနေကို ပေါ်လွင်အောင် တီးမှုတ် ပေးရတယ်။ မတူဘူး။ ရုပ်သေးဆိုင်းရော ဇာတ်ဆိုင်းပါမြိုင်ထနှစ်ပါး သွားနဲ့ နောက်ပိုင်းဇာတ်ထုပ် ထောက်ပံ့ပို့ဆောင် တီးမှုတ်ပေးရာမှာ တော့ တူကြပါတယ်။ သဘာဝချင်းတူကြတယ်လို့ ဆိုထားတယ်။


ဗလာဆိုင်းနဲ့ ရုပ်သေးဆိုင်း၊ ဇာတ်ဆိုင်းတို့ကျတော့ ပိုမိုကွာခြား သွားပြန်ပါတော့တယ်။ ဗလာဆိုင်းက  နေ့ပိုင်းလည်း တီးရတယ်။ အကအခုန်မပါဘဲ  ပရိသတ်စွဲမက်ချစ်ခင်အောင် တီးမှုတ်ရတာမို့ ဦးဆောင်မှုနဲ့ ပရိယာယ်ပိုများတယ်လို့ ဖော်ပြထားပါတယ်။
ဆိုင်းဆရာအမျိုးမျိုးရှိပုံတွေလည်း ဖော်ပြထားရဲ့။ ပတ်မချောင် ကလာတဲ့ ဆိုင်းဆရာဟာ ပတ်ရင်းနိုင်သတဲ့။ မောင်းဆိုင်း၊ ကြေးနောင် တို့မှ တက်လာတဲ့ ဆိုင်းဆရာဟာ ပတ်ဖျားကို နိုင်သတဲ့။


လက်ရှိ ပန်တျာကျောင်းများနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ယဉ်ကျေးမှုတက္ကသိုလ်တို့တွင် သင်ကြားပြသဝိဇ္ဇာဘွဲ့(ဂီတ)ပေးအပ် မယ့် အနုပညာရှင်တွေဟာ ဆိုင်းပညာ၊ နှဲပညာ ဘယ်လောက်ထိ အောင် တတ်မြောက်ကြမှာပါလိမ့်။ မပြောတတ်ပါ။


ဒီဆရာသင်တဲ့   ဒီကျောင်းထွက်၊  ဒီတက္ကသိုလ်တက်ခဲ့ကြဖူးတဲ့ လူအချင်းချင်း၊  လောကပြင်ကျယ်   ဘဝအထွေထွေကို   တကယ် ဖြတ်သန်းကူးခတ်ရပြီဆိုတဲ့   အခါမှာတော့    အောင်မြင်မှုချင်း၊ ကျော်ကြားထွန်းကားမှုချင်း မတူညီနိုင်ကြဘူး။ ပန်းချီဆရာ၊ ပန်းပု ဆရာ၊ ဂီတဆရာ၊ အကဆရာ နယ်ပယ်အသီးသီးမှာ တစ်ယောက်နဲ့ တစ်ယောက် များစွာကွဲပြားခြားနားသွားကြတာ အမြင်ပဲ။ အားလုံး အသိပါပဲ။


သင်တုန်းက အတူသင်ခဲ့ကြတာပဲ။
မြင်တုန်းက အတူမြင်ခဲ့ကြတာ ဟုတ်တယ်။


ဝါသနာ၊ ဗီဇ၊ အားထုတ်မှု၊ ဆည်းပူးမှု၊ စိတ်ပါဝင်စားမှု၊ စိတ်အား ထက်သန်မှု၊ ဇွဲလုံ့လ ပြည့်ဝမှု၊ ဆက်ဆံရေးပြေပြစ်မှု၊ ဂါရဝနိဝါတရှိမှု၊ ပျက်စီးဆုတ်ယုတ်စေတဲ့ အချက်များကို ရှောင်ရှားနိုင်မှုစတဲ့ အချက် တွေက ခွဲခြားလိုက်တာပဲ။


ကြိုတင်မျှော်တွေးခြင်းနဲ့ ကြိုတင်ပြင်ဆင်မှုရှိတဲ့ ပုဂ္ဂိုလ်တွေက ထိပ်တန်း၊   ရှေ့တန်း၊  ထွန်းပေါက်တဲ့   အဆင့်အထိ  ရောက်ရှိ လာကြတာပေါ့ကွယ်။ အကယ်၍သာ ရုပ်သေးပညာ တိမ်ကောသွား မယ်ဆိုရင် ရုပ်သေးဆိုင်းကို အထူးပြုကျွမ်းကျင်ခဲ့တဲ့ ဆိုင်းဆရာ ဟာလည်း အလိုအလျောက် နေရာကျဉ်းသွားပေလိမ့်မယ်။ အကယ်၍ သာ   ဇာတ်သဘင်ပညာ   မှေးမှိန်ပျောက်ကွယ်သွားမယ်ဆိုရင် ဇာတ်ဆိုင်းပညာကို အထူးပြုကျွမ်းကျင်ခဲ့တဲ့ ဆိုင်းဆရာဟာ ရပ်တည် မှု ခက်ခဲသွားနိုင်တယ်။


ဗလာဆိုင်းတွေကတော့ နောင်အခါမှာ ဘယ်မျှအထိ အလှူပွဲ၊ ဘုရားပွဲ၊ လူထုဖျော်ဖြေပွဲတွေမှာ တည်ရှိနေကြဦးမှာလဲ။ မြို့ရွာဒေသ ထွန်းကားကြပုံချင်းတောင်မှ မတူကြဘူး။ အချို့တိုင်းတွေမှာ ဆိုင်း အဖွဲ့တွေ အများကြီးပဲ။ မကွေး၊ မန္တလေး၊ စစ်ကိုင်း။ အချို့ပြည်နယ်တွေ မှာ ဆိုင်းအဖွဲ့ နည်းပါးကြတယ်။ ကယားပြည်နယ်၊ ချင်းပြည်နယ်။ ဘာပဲပြောပြော ရှေးကနည်းပါးခဲ့ပေမယ့် နောင်ကာလ ပိုမိုကျယ်ပြန့် စည်ပင်တာလည်း ဖြစ်နိုင်တာပါပဲ။  အနုပညာဆိုတာ  ပရိသတ်ရဲ့ နှစ်သက်အားပေးမှုရှိလာရင် ရှင်သန်တာပါပဲ။
ကြိုတင်ပြင်ဆင်မှုတွေ ရှိရမယ်။


ဒီအချက်ကိုတော့ အထက်ပါ နမူနာသာဓကဖော်ပြပြီး ဆွေးနွေး ချင်တာ ဖြစ်ပါတယ်။ ရှီးဗ်ခဲရာ (Shivkhera) ရေးတဲ့ YOU CAN WIN စာအုပ်ကို မောင်ဉာဏ်တင် ဘာသာပြန်ထားတဲ့ အောင်ရမယ်စာအုပ်မှ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူ Winners Versus Losers ဆိုတဲ့ ကဗျာလေးကို ကူးယူတင်ဆက်လိုက်ပါရစေ . . .


အောင်နိုင်သူနှင့် ရှုံးနိမ့်သူ
အောင်နိုင်သူက
အဖြေဘက်မှာ အမြဲရှိတယ်။
ရှုံးနိမ့်သူက
ပြဿနာဘက်က အမြဲရှိတယ်။
အောင်နိုင်သူမှာ
အစီအစဉ်တကျ အမြဲရှိတယ်။
ရှုံးနိမ့်သူမှာ
ဆင်ခြေအမြဲရှိတယ်။
အောင်နိုင်သူက
‘ခင်ဗျားအတွက်
ဆောင်ရွက်ပေးပါရစေလို့’ပြောတယ်။
ရှုံးနိမ့်သူက
‘ဒါ ငါ့အလုပ်မဟုတ်ဘူး’လို့ ပြောတယ်။
အောင်နိုင်သူက
ပြဿနာတိုင်းရဲ့ အဖြေကိုရှာတယ်။
ရှုံးနိမ့်သူက
အဖြေရှိပြီးသားကို ပြဿနာလုပ်တယ်။
‘ဒီကိစ္စက ခက်တော့ခက်မယ်။ 
ဒါပေမယ့် လုပ်ရင်ဖြစ်တယ်’လို့
အောင်နိုင်သူက ပြောတယ်။
‘ဖြစ်တော့ဖြစ်တယ်။
ဒါပေမယ့် သိပ်ခက်တယ်လို့’
ရှုံးနိမ့်သူက ပြောတယ်။
အမှားတစ်ခုခုကို လုပ်မိရင်
အောင်နိုင်သူက
‘ကျွန်တော်မှားသွားတယ်’တဲ့။
ရှုံးနိမ့်သူ အပြစ်လုပ်မိရင်
‘ကျွန်တော့်အပြစ်မဟုတ်ဘူး’လို့ ပြောတယ်။
အောင်နိုင်သူက
‘အခိုင်အမာ အာမခံတယ်’
ရှုံးနိမ့်သူက ကတိပေးတယ်။
အောင်နိုင်သူတွေမှာ
စိတ်ကူးအိပ်မက်တွေရှိတယ်။
ရှုံးနိမ့်သူတွေမှာ
အကြံအဖန်တွေရှိတယ်။
အောင်နိုင်သူတွေက
‘လုပ်ကိုလုပ်မှ ဖြစ်မယ်’ တဲ့။
ရှုံးနိမ့်သူတွေက
‘လုပ်ပြီးသားကလေးများ ရလိုက်ရင်’တဲ့။
အောင်နိုင်သူတွေက
အသင်းအဖွဲ့ စိတ်ရှိတယ်။
ရှုံးနိမ့်သူတွေက
အသင်းအဖွဲ့နဲ့ ကင်းကွာတယ်။
အောင်နိုင်သူက
အကျိုးဘက်က ကြည့်တယ်။
ရှုံးနိမ့်သူက
အဆိုးဘက်က ကြည့်တယ်။
အောင်နိုင်သူတွေက
ဖြစ်နိုင်တာကိုပဲ မြင်တယ်။
ရှုံးနိမ့်သူတွေက
ပြဿနာတွေကိုပဲ မြင်တယ်။
အောင်နိုင်သူတွေက
သူလည်းအောင်၊ ကိုယ်လည်းအောင်။
ရှုံးနိမ့်သူတွေက
သူတစ်ပါးနိမ့်ပါးပြီး ကိုယ်အသာစီးရဖို့
ယုံကြည်တယ်။
အောင်နိုင်သူတွေက
ရှေ့မှာဖြစ်လာနိုင်တဲ့ အလားအလာ
တွေကို မြင်တယ်။
ရှုံးနိမ့်သူတွေက
အတိတ်ကိုပဲ ကြည့်တယ်။
အောင်နိုင်သူတွေက
အပူချိန်ကို ထိန်းညှိပေးတဲ့
သာမိုစတက်နဲ့ တူတယ်။
ရှုံးနိမ့်သူတွေက
အပူချိန်တိုင်းတဲ့ သာမိုမီတာနဲ့ တူတယ်။
အောင်နိုင်သူက
ပြောသလိုလုပ်တယ်။
ရှုံးနိမ့်သူက ပြောသလိုမလုပ်ဘူး။
အောင်နိုင်သူတွေက
အငြင်းသန်ပေမယ့် အပြောအဆို နူးညံ့တယ်။
ရှုံးနိမ့်သူတွေက 
ခံမပြော နားမထောင်၊ အပြောအဆို ကြမ်းတယ်။
အောင်နိုင်သူတွေက 
တန်ဖိုးထားရမယ့်အရာကို ခိုင်မာစွာစွဲကိုင်ပြီး
အသေးအဖွဲကိစ္စကို အလျှော့အတင်းရှိတယ်။
ရှုံးနိမ့်သူက အသေးအဖွဲကိစ္စကို 
ဇီဇာကြောင်ပြီး တန်ဖိုးထားရမှာကို
ကြုံသလိုလုပ်တယ်။
အောင်နိုင်သူက
‘ကိုယ့်ကို သူများက လုပ်ရင်
မကြိုက်တဲ့အလုပ်မျိုးကို
သူတစ်ပါးကိုလည်း ကိုယ်က မလုပ်နဲ့’ဆိုတဲ့
ကိုယ်ချင်းစာတရားရှိတယ်။
ရှုံးနိမ့်သူက ‘ကိုယ်က ဦးအောင် တွယ်ထားမှ’ဆိုတဲ့
သဘောတရားကို လိုက်နာတယ်။
အောင်နိုင်သူက
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တယ်။
ရှုံးနိမ့်သူက ဖြစ်သလိုပဲ နေတယ်။
အောင်နိုင်သူတွေက 
အောင်နိုင်ဖို့အတွက် အကွက်ချပြင်ဆင်တယ်။
သော့ချက်ကျတဲ့ စကားလုံးကတော့
‘ကြိုတင်ပြင်ဆင်မှု’ ပါပဲ။


ရှီးဗ်ခဲရာဆိုတဲ့   စာရေးဆရာက    ‘ကြိုတင်ပြင်ဆင်မှု’ဟာ သော့ချက်ကျတဲ့ စကားလုံးလို့ ဆိုထားခဲ့ပါတယ်။ 
တူမောင် ...
အောင်မြင်ချင်တယ်ဆိုရင် အခြေအနေအရပ်ရပ်ကို စနစ်တကျ လေ့လာသုံးသပ်ပြီး အကွက်ချ ပြင်ဆင်ထားပါလေ။ ကြိုတင်ပြင်ဆင် မှုများကို မနားမနေ ဆောင်ရွက်ပါလေလို့ တိုက်တွန်းလိုက်ပေရဲ့။


ချစ်စွာသော 
ချစ်နိုင်(စိတ်ပညာ)
ရုပ်ရှင်အောင်လံ ရသစုံမဂ္ဂဇင်း၊ 
အောက်တိုဘာလ၊ ၂၀၀၂ခုနှစ်၊