
ဒေါင်
ကိုသံချောင်း - မစာဥ တစ်ခန်းရပ် စကားပြောခန်း (၃)
ပြီးခဲ့တဲ့ တစ်လကျော်က ညဦးပိုင်းဆိုရင် လက်ဖက်ရည်ဆိုင်လေးထိုင်၊ မိတ်ဆွေတွေနဲ့ ထွေရာလေးပါး စကားလေးပြောရင်း အချိန်ကုန် တတ်ပေမယ့် ဒီနွေဦးကတော့ ကိုသံချောင်းကို အတော်လေးစိတ်ရှုပ်ထွေးစေတဲ့ ကာလဖြစ်ပါ သည်။ မတူညီတဲ့အယူအဆ၊ အတွေးအခေါ်တွေ ကို ငြင်းခုန်ကြရင် နာကြည်းမှုမပါဘဲ အရင်လို စိတ်လက်ပေါ့ပါး သွားလေပါ့မလား… အတွေးစ တွေကိုဖြန့်ကြက်ရင်း အိမ်ရှေ့လမ်းမကို မျှော်ကြည့် မိတော့ “ကိုသံချောင်းရေ ဘာတွေထိုင်တွေးနေ တုံး..” စကားတောင်မဆုံးသေးမီ အိမ်ဝသို့ မစာဥ ဆတ်တောက်ဆတ်တောက်နှင့် လမ်းလျှောက်လာ သည်။
“နေ့တိုင်း စဉ်းစားခန်း ထုတ်နေတာနဲ့ အိုင်ဒီယာသစ်တွေရနေပြီထင်ပါရဲ့။ ခေါင်းရှင်းရှင်း နဲ့ အတွေးသစ်တွေရအောင် ဆေးယူလာခဲ့တယ်.. ရော့..ဒီမှာ.. စပယ်ရှယ်ဆီးယို.. ကိုယ်တိုင်ထိုးလာ ခဲ့တာ။ နွေဦးနဲ့ ဆီးယိုပေါ့ရှင်..”
လာပါပြီ မရှင်းမရှင်း ပြောတတ်တာကိုက အပျိုကြီးမမတွေရဲ့ ဝသီထင်ပါရဲ့။
သနပ်ခါးတွေ ထူလဗျစ်နဲ့
“ဟုတ်ပါပြီဗျာ.. မစာဥရဲ့ နွေဦးဆီးယိုလေး စားရင်း ရေနွေးကြမ်းလေးသောက်ပြီး စကားလေး ဘာလေး ပြောကြတာပေါ့။ ဒါနဲ့ သနပ်ခါးတွေ ထူလဗျစ်နဲ့ ဘယ်လိုဖြစ်လာတာတုံး”
“ဒိတ်အောက်လိုက်တာရှင်။ ဒါက အင်တာ နေရှင်နယ်အထိရောက်အောင် လိမ်းပြတာရှင့်။ သနပ်ခါးကမ်ပိန်းပေါ့။ ဒါတွေထားပါဦး။ ကျွန်မ ရှင့်ကိုတစ်ခုပြောမယ်၊ ဒီကနေ့ဖြစ်နေတဲ့ပြဿနာ တွေဟာ စစ်အာဏာရှင်နဲ့ ပြည်သူရဲ့ ပြဿနာတဲ့.. ရှင့်အမြင်ကရော”
“ကျွန်တော်ကတော့ ဒီနေ့ ဖြစ်နေရတာတွေ ဟာ NLD နဲ့ သူ့ကိုလိုလားသူတွေက တစ်ဖက်၊ တပ်မတော်ဦးဆောင်တဲ့ တိုင်းရင်းသားတွေ အပါအဝင် နိုင်ငံရေးအင်အားစုတွေက တစ်ဖက်လို့ မြင်တာပဲဗျာ။ ဆူပူဆန္ဒပြတဲ့ နေရာအများစုဟာ NLD အင်အားကောင်းတဲ့နေရာတွေပေါ့။ ရန်ကုန်၊ မန္တလေးနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ အများဆုံးဆူပူနေကြတာမဟုတ်လား။ အခုအချို့ နေရာတွေမှာ တပ်နဲ့ပြည်သူ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေထိပ်တိုက်တွေ့ကြပေမယ့် အားလုံးဟာ မိသားစုလေဗျာ။ ခွဲခြားလို့ မရဘူးလေဗျာ။ ဒါကြောင့် အချို့ပြည်သူတွေက ရဲတွေကို ပန်းတွေ ပေးကြ၊ ရေသန့်ဘူးတွေ ပေးကြ၊ မုန့်တွေ ကျွေးကြ နဲ့ပေါ့”
“အဲဒါတော့ ကျွန်မလည်း အထိုက်အလျောက် လက်ခံပါတယ်ရှင်။ အစိုးရတစ်ရပ်ရပ်ကို ကျရှုံး အောင်လုပ်ဖို့ဆိုတာ လွယ်တဲ့ဖြစ်စဉ်တော့ မဟုတ် ဘူးလေ။ အထူးသဖြင့် အင်စတီကျူးရှင်း ခိုင်ခိုင် မာမာနဲ့ တည်ဆောက်ထားတဲ့ တပ်မတော်အစိုးရ ဆိုရင် ပိုပြီးခက်တာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ဆောင်ရွက်နေတာဆိုပြီး လက်ခံသဘောပေါက်တဲ့ ပြည်သူတွေလည်း အများ ကြီးရှိနေတာလေ”
“ခင်ဗျားကိုတော့ လေးစားမိသွားပြီဗျာ။ အမှန် အတိုင်း မြင်တတ်လာပြီခင်ဗျ”
“အမလေး ကိုသံချောင်းရယ် ကျွန်မက ခြင်္သေ့လို ကျင့်တယ်ရှင့်။ ရှင်ကြားဖူးတယ် မဟုတ်လား ခြင်္သေ့ဆိုတာ ခဲနဲ့ပေါက်ခံရရင် ခဲကို မကြည့်ဘူး ခဲလာရာကို ကြည့်တာလေ။ ခွေးကျတော့ ခဲနဲ့ပေါက် ခံရရင် ခဲကိုပဲ ကြည့်ပြီးလာတဲ့ အရပ်ကိုမကြည့်ဘူးရှင့်။ ကျွန်မက ပညာရှိဆိုတော့ ဖြစ်စဉ်တစ်ခုဆို အတွင်း ကျကျကို လေ့လာတတ်တာ”
“အဲဒါတွေကြောင့် အပျိုကြီးဖြစ်နေတာထင်ပါရဲ့။ ကျွန်တော်က ခင်ဗျားကို လေးစားပြီးရင်း လေးစား တာပေါ့ဗျာ”
ကောလာဟလတွေကလည်းရှိ
“တော်ပါရှင့် လေးစားရုံပဲထားပါ။ အဆင့်တက်ဖို့ တော့ ယောင်လို့တောင် စကားဦးမသန်းပါနဲ့။ အခု ဆိုရင် ပြည်သူတွေက နေရတာ မလုံခြုံတော့ဘူး ရှင့်။ မီးကွင်းလာပစ်တယ်တို့၊ အဆိပ်ခတ်မယ်တို့လို ကောလာဟလတွေကလည်းရှိတော့ ညညဆိုရင် ကျွန်မတောင် ဂုဏ်တော်ကွန်ချာတွေရွတ်၊ စည်းတွေ ချပြီး အိပ်နေရတယ်။ စိတ်ပူတာပေါ့ရှင်။ ရှင်ရော အဲဒီလိုစိတ်မပူဘူးလား”
“မပူဘဲရှိမလားဗျ.. ကျွန်တော်က မိန်းမတောင် မရသေးတာ ငြိမ်းချမ်းချင်တာပေါ့။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စိတ်ရှည်သည်းခံပြီးနေခဲ့ ပေမယ့် နေ့စဉ်နဲ့အမျှ ဥပဒေချိုးဖောက်၊ မင်းမဲ့စရိုက် ဆန်တာတွေ တွေ့လာတဲ့အတွက်အရေးယူသွားမယ် ဆိုပြီး ထုတ်ပြန်ထားတယ်လေ။ အကြမ်းဖက်ဆူပူမှု တွေက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ရာဇသတ်ကြီးပုဒ်မတွေနဲ့ ငြိစွန်းတယ်လေဗျာ။ ပြောရရင်တော့ အဲဒီလိုဥပဒေအရ ဆောင်ရွက်အရေး ယူမှုတွေ ဖြစ်လာရင်တော့ မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေ ရပ်တန်းရပ်သွားပါလိမ့်မယ်။ အဲဒီကျ အပျိုကြီး အိပ်ရေးဝဝ အိပ်လို့ရပါပြီ”
“ဒါပေမယ့်လည်း မသိနားမလည်တဲ့ပြည်သူတွေ က ဥပဒေတွေ၊ ပုဒ်မတွေကိုမသိဘဲ ဆက်လုပ်နေမိကြ မှာတော့ စိုးရိမ်မိပြန်တယ် ကိုသံချောင်းရေ။ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာပါဝင်သူတွေက ရာဇသတ် ကြီးပုဒ်မ ၁၄၃ အရ ထောင်ဒဏ် ခြောက်လတဲ့၊ ရာဇသတ်ကြီးပုဒ်မ ၁၄၄ မှာ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးမှာ သေစေနိုင်တဲ့ လက်နက်ကို ကိုင်စွဲ လျက် ပါဝင်မယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်တဲ့လေ။ တခြားပုဒ်မတွေလည်း ရှိသေးတာပေါ့။ အစိုးရိမ်ဆုံး ကတော့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ဂ)ပဲ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကိုထိန်းသိမ်းဆောင်ရွက်ရန် တာဝန် ဝတ္တရားကိုဆောင်ရွက်နေတဲ့ ဆောင်ရွက်မှုအောင်မြင် ရေးကို နှောင့်နှေးစေရန်၊ ပျက်ပြားစေရန်ပြုမူ ဆောင်ရွက်လျှင် ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ် နိုင်တယ်ဆိုပြီး ကြားမိတယ်”
“ဟုတ်တာပေါ့ မစာဥရယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည်ပျက်စီးဖို့လုပ်သူတွေအတွက် ထိုက်တန်တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်တွေပေါ့။ ဒါပေမယ့် ရောယောင်ပြီး ပါသွားမယ့် မသိနားမလည်သူတွေအတွက် စိတ်ပူ စရာပဲ။ ခံစားချက်တွေကို ရှေ့တန်းတင်၊ မြှောက်ပင့် သူတွေရဲ့ စကားကိုနားယောင်ပြီး ပကတိအခြေအနေ ကို မသုံးသပ်တတ်ကြရင် တည်ဆဲဥပဒေတွေကို မျက်ကွယ်ပြုမိကြမှာမျိုး စိတ်ပူစရာပါပဲဗျာ”
“အခုလို တိုင်းပြည်အရေးကြီးချိန်မှာ ပါဝါ နိုင်ငံရေးလေဟာနယ်အရ နေရာဝင်ယူလိုသူတွေက လူထုအပေါ် အသုံးချသွားမှာကိုလည်း ကျွန်မတော့ စိုးရိမ်တာပဲ။ ဒီလိုလူထုလှုပ်ရှားမှုတွေက ရှည်ကြာ လာခဲ့မယ်ဆိုရင် အရင်ဆုံးထိခိုက်မယ့်သူတွေဟာ ပြည်သူတွေဆိုတာကို သတိထားရမယ့်အချိန်လို့ ထင်တာပဲ ကိုသံချောင်းရဲ့”
ပြည်သူတွေကသာ အထိနာ
“အပျိုကြီးတောင် နိုင်ငံရေးမျက်စိအတော်ပွင့်လာပြီပဲ။ ခင်ဗျားပဲစဉ်းစားကြည့်လေ၊ တကယ်တော့ ကမ္ဘာပေါ်မှာ ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေဟာ အများလက်ခံနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေ၊ ပကတိအခြေအနေနဲ့ အနီးစပ်ဆုံးတူညီတဲ့ တောင်းဆို မှုတွေနဲ့တိကျတဲ့ပလန်(Plan) တွေရယ်ကြောင့်သာ အောင်မြင်ခဲ့ကြတာပါ။ အခုတော့ ခေါင်းဆောင်မယ့် သူတွေက ပြည်သူနဲ့အတူမရှိ၊ ရှေ့မထွက်ဘူး။ ပစ်ကြ ခတ်ကြ၊ အရေးယူကြရပြီဆိုရင် ပြည်သူတွေကသာ အထိနာကြရတာ မဟုတ်လားဗျာ။ Generation Z လို့ မြှောက်ပေးနေပြီး အတွေ့အကြုံမရှိတဲ့ လူငယ် တွေကို လမ်းပေါ်ထွက်ခိုင်းနေသူတွေက သူတို့ ကိုယ်တိုင်တော့ လုံခြုံတဲ့နေရာတွေကနေ ခိုင်းစေနေ ကြတာမျိုးလို့ ကျွန်တော်ကတော့ မြင်တယ်”
“ဟုတ်တယ် ကိုသံချောင်းရယ် လိုတာထက် ပိုပြီး လုပ်ကိုင်တာဟာ မလိုအပ်တာတွေ ဖြစ်လာ စေဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ အခုဆိုရင် အုတ်ရော ရော၊ ကျောက်ရောရော ဆန္ဒပြပွဲတွေဖြစ်လာလို့ ကျွန်မတော့ လမ်းပေါ်မထွက်ဖြစ်ဘူး။ နေပူထဲ ထွက်တော့ အသားကလည်းမည်း၊ ရက်ကများလာ တော့ ဝင်ငွေကလည်းမရှိနဲ့မို့ မသွားဖြစ်တော့တာ။ အချိန်တန်တော့လည်း ကိုယ်လုပ်မှ ကိုယ်စား ရတာပဲကို လူပျိုကြီးရဲ့။ သံပုံးတီးဖို့ကျတော့လည်း ဘေးပတ်ဝန်းကျင်က လူကြီးသူမတွေကို နားမခံ သာအောင်လုပ်သလိုဖြစ်လာတယ်လို့ ခံစားလာ မိလို့ လျှော့ထားလိုက်ပါပြီ”
အပြန်အလှန်လေးစား
“လူထုဆန္ဒဖော်ထုတ်တာက အရှိန်အဟုန်နဲ့ အင်အား၊ အချိန်ကာလအကန့်အသတ်တွေရှိတယ် အပျိုကြီးရဲ့။ CDM ကို ဝန်ထမ်းတွေ လုပ်နေကြတာ ကလည်း တစ်နိုင်ငံလုံး ပိုပြီးကျပ်တည်းဆင်းရဲတာ၊ ကသောင်းကနင်း ဖြစ်တာမျိုးပဲ တိုးလာနိုင်တာ ပေါ့။ အခုတောင် တစ်သက်လုံးရှာကျွေးလာတဲ့ အဖေကို အမြင်မတူလို့ဆိုပြီး အသိအမှတ်မပြုတာ၊ အသက်ကယ်ပေးတဲ့ဆရာဝန်ကို ဆဲဆိုလှောင် ပြောတာ ကြားနေရတယ်။ နောက်ဆိုရင် မိဘနဲ့ သားသမီး၊ သူငယ်ချင်းအချင်းချင်း၊ ညီအစ်ကိုချင်း၊ မောင်နှမချင်း၊ ဆရာနဲ့ တပည့်ကြားအချင်းချင်း အမြင်မတူ၊ အရောင်မတူတိုင်း ကဲ့ရဲ့လှောင်ပြောင် စော်ကားနေကြရင် နောက်ဆုံးမှာ ပြုတ်ကျမှာက စစ်တပ်မဟုတ်ဘူးဗျ။ ပြည်သူအချင်းချင်းကြား က စာနာမှု၊ နားလည်မှု၊ အပြန်အလှန်လေးစား တန်ဖိုးထားတတ်မှုတွေပဲ မဟုတ်ဘူးလား မစာဥ ရယ်”
“ဟုတ်ပါပြီရှင်။ ကျွန်မက မတရားမှုဆိုရင် ဘယ်ဘက်ကမှ လက်မခံပါဘူးနော်။ အခုအချိန် မှာ ကျွန်မကလည်း ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူခံစားချက်တော့ ရှိတာပေါ့။ အခုအခြေ အနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ကျွန်မလည်း စောင့်ကြည့်နေပါတယ်။ ဘယ် အရာမဆို အတိုင်းအတာတစ်ခုအထိပဲ ကောင်း တယ်ဆိုတာကိုတော့ ပြည်သူတွေ သဘောပေါက် စေချင်တယ်။ ကျွန်မကတော့ တည်ငြိမ်အေး ချမ်းချင်တယ်။ ရပ်ကွက်ထဲ ပုံမှန်အထည်လေး အကြွေးလိုက်ရောင်းလိုက်၊ အချိန်ကျပြန်သိမ်း လိုက်နဲ့ သာယာချင်တာတော့ အမှန်ပဲရှင်။ စကား လည်းကောင်းနေလိုက်တာ အိမ်ပြန်နောက်ကျရင် အမေက ခိုးရာလိုက်ပြေးတယ် ထင်တော့မှာပဲ”
“ကျွန်တော့်ကိုတော့ စိတ်ကူးမလွဲနဲ့ အပျိုကြီး ရေ။ ခေတ်ကောင်းတာနဲ့ တင့်တောင့်တင့်တယ် ထားနိုင်အောင် ရှာဖွေကျွေးမွေးမယ်လေဗျာ”
“ရှင်က ဖေ့စ်ဘွတ်ခ်ပေါ်ပလူပျံနေတဲ့ ခရက်ဒစ် ဆိုတဲ့ အမည်မသိစာရေးသူအတိုင်း ပွဲလန့်တုန်း ဖျာကိုခင်းဖို့မကြိုးစားပါနဲ့။ ကျွန်မက ဆုံးဖြတ် ထားပြီးသားပဲ တော်လှန်ရေးမပြီးမချင်း ချစ်သူ မရှာဘူး။ ဒါပဲ..”
ရှက်ရှက်နှင့် လှည့်ထွက်သွားသော မစာဥကို ကြည့်ရင်း ကိုသံချောင်း သက်ပြင်းရှည်တစ်ခုကို ချမိသည်။ အသွင်တူမှ အိမ်သူဖြစ်နိုင်သတဲ့။ အပျိုကြီးဆီက စိတ်ဝင်စားမှုကိုရအောင် နောက် တစ်ရက် ဘယ်လိုအကြောင်းတွေနဲ့များ ချဉ်းကပ် ရမလဲ သူသိချင်မိပါသည်။
- Log in to post comments