မေတ္တာပို့သ အမျှဝေ

Type

ရွာသားဖိုးမောင်
 

‘သူငယ်ချင်း၊ မင်းကို ချစ်သူခင်သူအင်မတန်များတယ်နော် ’
‘သိပါတယ်’
‘မင်းကိုတော်တော် ရန်လိုမုန်းတီးနေသူတွေလဲ...’
‘များတာသိပါတယ်’
‘မင်းကတော့ ဘယ်သူ့ကိုမှ ရန်မလုပ်ဘူးနော်’
‘လုပ်စရာမလိုပါဘူး’
‘မင်းရဲ့လက်ကိုင်တရားက ဘာလဲ’
‘လူ နတ် ဗြဟ္မာ သတ္တဝါဝေနေယျအပေါင်းတို့ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။   ရောဂါ ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကြောင့်ကြခပ်သိမ်း  ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ   လန်းဖြာကြပါစေ’


‘မေတ္တာတရားပေါ့’
‘ဟုတ်ပါတယ်’ 
‘မေတ္တာသတ္တော အနန္တော   တို့ကြားဖူးတယ်။   အဓိပ္ပာယ်က ကိုယ့်ကို တိုက်ခိုက်ဖျက်ဆီးလာတဲ့    ရန်စွယ်အန္တရာယ်ဟူသမျှကို မေတ္တာဓာတ်နဲ့ အနိုင်ယူမယ်ပေါ့’
‘အနိုင်မယူပါဘူး။ သူကြိုက်တာ  သူလုပ်ပါစေ။   လွတ်လပ်ခွင့် ပေးပါတယ်။ မေတ္တာခြုံရင်လုံတယ်။   မေတ္တာပေးရင်  အေးတယ်။ မေတ္တာထားရင် အမှားနည်းတယ်လို့ ယုံကြည်တယ်။ တစ်ဖက်သား ဒုက္ခရောက်ပါစေလို့တော့ မလုပ်ပါ’
‘မင်းနဲ့နိုင်ငံရေးနည်းနည်းပါးပါး ဆွေးနွေးချင်တယ်ကွာ။ ရမလား’
‘အဲဒီဘာသာရပ်ကို ကိုယ်မကျွမ်းကျင်ပါဘူးကွာ။ မပြောတတ်ပါ။ တခြားလူနဲ့ဆွေးနွေးပါ။ ’
‘သာမန်ပြည်သူတစ်ယောက်အနေနဲ့ ပြောကွာ’
‘ဘာပြောရမှာလဲ’
‘ကိုယ်မေးတဲ့မေးခွန်းကို သူငယ်ချင်းဖြေရုံပါပဲ’
‘မေးလေ’
‘ဒီအစိုးရကို ကြိုက်လား’
‘ကြိုက်တာ မကြိုက်တာ မေးနေစရာလိုလို့လား၊  လူတစ်ကိုယ် အကြိုက်တစ်မျိုးစီကိုး သူငယ်ချင်းရ’
‘မောင်ရင့်သဘောထား မေးတာလေ’
‘ပြောစရာလိုသေးလို့လား သူငယ်ချင်းရယ်’
‘ဟုတ်ပြီ။ သဘောကျတယ်။ ထောက်ခံတယ်။ အားပေးတယ်။ ပူးပေါင်းပါဝင်တယ်ဆိုရင် ဘာဖြစ်လို့လဲ’
‘ဒါဟာ သမိုင်းအမြင်နဲ့ဆိုင်တယ်’
‘အေး- ပြောပါဦး’
‘လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကိုရေးနေကြတဲ့ လူတွေချည်းပဲ’


‘ဆက်ပါဦး’
‘ဘယ်သူမဆို ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ်၊  တရား တာပဲလုပ်လုပ်၊ မတရားတာပဲလုပ်လုပ်၊  ကိုယ့်ဇာတ်ထုပ်နဲ့ကိုယ်၊ ကိုယ့်ဘဝဇာတ်ခုံပေါ်မှာ ကိုယ့်ဇာတ်ညွှန်းကို ကိုယ်ရေးပြီး   ကိုယ့် ဇာတ်လမ်းကို ကပြကြရတယ်။ ဘဝဇာတ်ဆရာ စေခိုင်းသမျှ ကခဲ့ ကြရတယ်လို့ တချို့ကဆိုတယ်။ ပြင်ပက ကြိုးဆွဲတဲ့အတိုင်း ကရ တယ်ဆိုတဲ့ သဘောအဓိပ္ပာယ်ပေါ့’


‘အဲဒါ မမှန်ဘူးလား’
‘သူ့ဘာသာသူ  အခြားလူက အထက်မှကြိုးဆွဲတာကို ကချင်တဲ့ လူလည်းရှိမယ်။ ကခဲ့တဲ့သူလည်း ရှိတတ်တယ်။  မိမိရဲ့သမိုင်းကို မိမိ ကိုယ်တိုင်သာ ရွေးချယ်ဆုံးဖြတ်ပြီး ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လုပ်ဆောင် ရမယ်ဆိုတဲ့ စိတ်ထားခိုင်ခိုင်မာမာ ရှိတဲ့လူစားတွေလည်း ရှိခဲ့တယ်’
‘သူငယ်ချင်း၊ အဲဒါ လွတ်လပ်ရေးအရေးတော်ပုံ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်တွေပေါ့’
‘တစ်ဦးချင်းရဲ့လွတ်လပ်ခြင်း၊ အမှီခိုကင်းခြင်း၊ သူတစ်ပါးစေခိုင်း ညွှန်ကြားတာကို လိုက်နာရခြင်းကင်းတာကတော့ တောင်သူအလုပ်၊ လယ်သမားအလုပ်မျိုးပဲ’
‘ဟုတ်တာပေါ့’
‘မုဆိုးတွေ၊ တံငါတွေလည်း ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ်ကြိုက်တဲ့ တောကိုသွား၊ ကိုယ်နှစ်သက်ရာ ချောင်းထဲ၊ မြစ်ထဲသွား။ လွတ်လပ် တယ်’
‘ဟုတ်ပါ့ဗျာ’
‘ဒါပေမယ့် ဝန်ထမ်းဆိုသူကတော့  သူ့အလုပ်ရှင်ရဲ့မျက်နှာကို ကြည့်ကြရတယ်’
‘အစိုးရဝန်ထမ်းတွေပေါ့’
‘အစိုးရဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း ကြိုက်သလိုခေါ်၊ ပုဂ္ဂလိကလုပ်ငန်းက ဝန်ထမ်းတွေလည်း အလားတူ ဒီသဘောပါတာပဲ။ အလုပ်ရှင်ရဲ့တာဝန်ပေးချက်အတိုင်း လုပ်ရတာလေ၊ မန်နေဂျာချုပ်ပဲ ဖြစ်ဖြစ်၊  သန့်ရှင်းရေးသမားပဲဖြစ်ဖြစ်။    တာဝန်ပေးတဲ့အတိုင်း လုပ်ဆောင်ရတာပဲ’


‘ဒါဆိုရင်တော့ နိုင်ငံ့ဝန်ထမ်းဘဝက မကောင်းဘူးပေါ့နော်’
‘ကိုယ်မပြောပါဘူး။ အဲသလို မဆိုလိုဘူး’
‘လိပ်ပြာလေးလို လေဟုန်မှာပျံဝဲပြီး အရပ်ရှစ်မျက်နှာ ပျံချင်ရာ ပျံမှာပဲဆိုတဲ့ လွတ်လပ်သူ လူစားတွေကိုလဲ သူငယ်ချင်းက မတားဘူး ပေါ့’


‘ဘာလို့တားရမှာလဲ။ သူ့ဆန္ဒနဲ့သူ ရွေးချယ်လေ’
‘ဟ ၊ ကိုယ့်လူရ ဝန်ထမ်းတွေ လျော့ကုန်မှာပေါ့ဟ’
‘ဪ... နှစ်ပေါင်းများစွာ  လေ့ကျင့်ပျိုးထောင်လာခဲ့ရတာမို့ ကျွမ်းကျင်ဝန်ထမ်းတွေ အလုပ်ခွင်မှ ထွက်ခွာသွားရင် အလွန်ပဲ နှမြော စရာပေါ့။ စိတ်မကောင်းစရာ အမှန်ပေါ့’


‘မဖြစ်သင့်ဘူးနော်’
‘ခေါ်တဲ့လူကခေါ်၊ မျှားတဲ့သူကမျှားတော့၊    သွားတဲ့လူလည်း သွားတာ ရှိနိုင်တာပေါ့။ တကယ်တော့ ဝန်ထမ်းဆိုတာ နိုင်ငံ၊ လူမျိုး၊ ပြည်သူ့အကျိုးကို စွန့်လွှတ်စိတ်နဲ့ အနစ်နာခံတဲ့ လူစားမျိုးတွေသာ ထမ်းရွက်နိုင်တာ။    ပြည်သူ့ကောင်းကျိုးကို    စေတနာနည်းရင် ဆက်ပြီးမထမ်းနိုင်ပါဘူး။ စေတနာထက်သန်သူ  မှန်မှသာ လုပ်နိုင် ကြပါတယ်’


‘ဒါဆိုရင် အခက်အခဲအမျိုးမျိုးကြားကပဲ နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်ကို ဇွဲရှိရှိ၊ သစ္စာရှိရှိ၊ လုပ်ငန်းမပျက်၊ ဆက်လက်ထမ်းဆောင် နေကြတဲ့ ဒီလိုနိုင်ငံ့ဝန်ထမ်းတွေဟာ ဂုဏ်ပြုထိုက်တဲ့သူတွေပေါ့’


‘အမှန်ပါပဲ။ သူတို့ကသာ အစစ်အမှန် သူရဲကောင်းတွေပဲ’
‘နိုင်ငံတော်ယန္တရားမှာ စီးပွားရေးကုန်ထုတ်လုပ်မှု ဆောင်ရွက် ရတဲ့ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ၊ ပြည်သူ့ဝန်ထမ်း တွေ၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ပို့ဆောင်ရေး၊ တည်ဆောက် ရေး၊ အေးချမ်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေး  ဌာနအလိုက် တာဝန်ယူဆောင်ရွက်ကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ  ဘယ်အစိုးရ တက်တက်၊ လုပ်ငန်းမပျက်  ကိုယ့်အလုပ်ခွင်မှာ တာဝန်ကျေကျေ ထမ်းဆောင်နေကြရမှာ။ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်တာဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆက်နေရခြင်းပဲ။ သူရဲကောင်းတွေလေ’


‘ဟုတ်တာပေါ့’
‘ကိုယ့်ရဲ့လုပ်အားဟာ နည်းနည်းများများ ပြည်သူနဲ့တိုင်းပြည် အတွက် တိုးတက်ဖွံ့ဖြိုးသာယာဖို့သာ အမှန်ဖြစ်တယ်။ ဒီစေတနာနဲ့ ငါလုပ်တယ်ဆိုတဲ့ လူတွေဟာ ဘယ်နေရာမှာနေနေ၊  ဘယ်ရာထူး မှာရှိရှိ၊ ဘယ်အလုပ်ကိုလုပ်လုပ်၊ သူဟာ နိုင်ငံ့သားကောင်းတွေပါပဲ။ သူက ဝန်ထမ်းဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ တိုင်းပြည်ရဲ့ ကောင်းကျိုး ကိုသာ ဦးထိပ်ထားတဲ့ ရည်ရွယ်ချက်စေတနာနှလုံးသားထဲက ပါဖို့ လိုတယ်’


‘ဟုတ်ပါရဲ့နော်’
‘စည်းကမ်းမလိုက်နာနိုင်ရင် ထွက်ပေါ့။ ဘယ်သူကမှ ကြာကြာ ချော့ခေါ်မှာမဟုတ်ပါ။    ကျင့်ဝတ်မလိုက်နာနိုင်ခဲ့ရင်      အစထဲက 
အလုပ်မလျှောက်နဲ့လေ။ ကိုယ်ပိုင်လွတ်လပ်တဲ့ အလုပ်ကိုသာလုပ်။ ဈေးရောင်းရင်လည်းရတယ်။ ဥပမာ ပြောတာပါ။ အသက်မွေးဝမ်းကျောင်းစရာ အလုပ်တွေအများကြီးပါ။ သူခိုး၊ ဓားပြ၊ ပြည့်တန်ဆာ၊ လူလိမ်လူကောက် မဖြစ်ရင် ပြီးတာပဲ။’
‘အေးဗျ၊ ဒါတော့ဟုတ်တယ်’


‘ဝန်ထမ်းဆိုတာကတော့ နေ့စဉ်မပျက် ရုံးချိန် မှန်မှန် ရုံးတက်ရတယ်။ နောက်ကျလို့မရ။ ပြန်ချင် တိုင်း ထပြန်လို့မရဘူး။ ရုံးဆင်းချိန်မှ ပြန်ရပေမယ်။ အိမ်မှာလုပ်စရာတွေ ရှိနေပေမယ့် စောပြန်လို့ မရပါ။ (ခွင့်တင်လို့ ခွင့်ပြုချက်ရမှ ခွင့်ရရင်သာ ပြန်လို့ရတာ လေ)။ အတိုချုပ်ပြောတာပါ။ ထားရာမှာနေ၊ စေရာ သွားရပါတယ်။ ကိုယ်ကြိုက်တာ လုပ်လို့မရဘူး။ လုပ်ရမှာကိုသာ ဦးစားပေးလုပ်ရတယ်။ လုပ်သင့်တာ ကိုပဲ လုပ်ရတယ်။ မလုပ်သင့်တာ မလုပ်ရဘူး။ မပြော သင့်တာ မပြောရဘူး။ ဝန်ထမ်းကျင့်ဝတ်ဆိုတာ နေသားမကျရင် အတော်နေရ ကျပ်လှပါတယ်’


‘မလွယ်ပါလားကွယ်’
‘သို့ပေမယ့် ဝန်ထမ်းစည်းမျဉ်းအရ လုံခြုံမှု အပြည့်အဝ   ရှိနေတယ်။   ကိုယ်က စည်းကမ်း မဖောက်သမျှ ဘယ်အထက်လူကိုမှ ကြောက်စရာ မလိုဘူး။ ဘယ်သူကမှ မတရားဖိနှိပ်လို့မရဘူး။ ဝန်ထမ်းကျင့်ဝတ်ရှိသလို ဝန်ထမ်းဆိုင်ရာ ဥပဒေက အပြည့်အဝ    အကာအကွယ်ပေးထားပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှု၊ ရိုးသားမှု၊  တာဝန်ကျေပွန်မှု၊  လုပ်ငန်းကျွမ်းကျင်မှု၊  လုပ်ဖော်ကိုင်ဖက်တွေရဲ့  လေးစားယုံကြည်ခံရမှု၊   ဆက်ဆံရေးပြေပြစ်မှု၊ သစ္စာရှိမှုတွေကြောင့်    အောက်ခြေဝန်ထမ်းမှ အမြင့်ဆုံး ထိပ်ဆုံးအရာရှိကြီးအဆင့်အထိ ရောက်ရှိ ခဲ့ကြသူတွေလည်း အများကြီးပဲ။’


‘ဟုတ်လား။ နမူနာသာဓကပြပါဦး’
‘မြန်မာနိုင်ငံစာရေးဆရာအသင်း  ဥက္ကဋ္ဌကြီး    ဦးကျော်ဝင်း(မနုဿကျော်ဝင်း)၊ သူဟာ ယဉ်ကျေးမှု ဌာန  ညွှန်ကြားရေးမှူးချုပ်အထိ အဆင့်ဆင့်ရာထူး တိုးမြှင့်ခံရပြီး ရောက်လာခဲ့တာလေ။  မိုးလေဝသ ညွှန်ချုပ်  ဦးထွန်းလွင်။    စိုက်ပျိုးရေးညွှန်ချုပ်   ဦးလှကျော် (နောင်အခါ ဒုဝန်ကြီးတောင်ဖြစ်လာ ခဲ့ပါရဲ့)။ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးမြင့်သိန်း စသဖြင့် ဥပမာပြစရာ ကိုယ့်ပြည်တွင်းမှာ အများ ကြီးပါပဲ။ တပ်မတော်မှာလည်း    ရဲဘော် တပ်သား သစ်ဘဝမှ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သူ တွေ ရှိခဲ့ပေတာပဲ’
‘ရှိဖူးသလား။ ဘယ်သူတွေလဲ’


‘အများကြီးပေါ့။  ဗိုလ်ချုပ်ကြီး   ကျော်ထင်၊ ဗိုလ်ချုပ်ကြီးထွန်းရီ၊ ဗိုလ်ချုပ်တင့်ဆွေ၊ ဗိုလ်ချုပ် သန်းတင်၊ ဗိုလ်ချုပ်သောင်းဒန် စသဖြင့် တိုင်းပြည်နဲ့ ပြည်သူအတွက်  ဘာပဲလုပ်ရလုပ်ရ၊    စွန့်လွှတ် အနစ်နာခံမယ်၊  ကျရာနေရာမှာ   ထားရာနေပြီး အကောင်းဆုံးတာဝန်ကျေအောင် ထမ်းဆောင်မယ် ဆိုတဲ့ သစ္စာရှိသူတွေဟာ   ထိုက်သင့်တဲ့နေရာကို တာဝန်ယူသွားကြတာပဲ’
‘သူငယ်ချင်းက  အဲဒီလို   ပုဂ္ဂိုလ်မျိုးတ​ွေကို လေးစားအားကျတယ် ထင်တယ်’
‘Every man is his own historian လူတိုင်း လူတိုင်းက  သူ့သမိုင်းကို   သူကိုယ်တိုင်ရေးတာပဲ ဆိုတဲ့ ဆိုရိုးစကားကို  လက်ခံတယ်။   ကိုယ့်ပခုံးပေါ် ကျရောက်လာတဲ့တာဝန်ကို   ကောင်းမွန်ကျေပွန် အောင် အစွမ်းကုန်ထမ်းဆောင်ရမယ်လို့  ခံယူပါတယ်’


‘သူငယ်ချင်းရဲ့ဆောင်ပုဒ်က ဘာလဲ’
“ဦးလည်မသုန်”
“ဘာအဓိပ္ပာယ်လဲကွာ”
‘မြိုင်ဝေတောကြီး၊ ဤခရီးဝယ်
ချီးနှီးသက်သက်၊ သေသော်ထက်ကား
ဆက်လက်တညီ၊ တစီတလျဉ်
သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်
တစစ်တမက်၊ ကိုယ်နှင့်သက်ကို
နှင်းဆက်တိုက်မည်၊ အားသန်ရည်လျက်
ဦးလည်မသုန်၊ ထမ်းပါကုန်လော့။ ။ ’


                      လက်ဝဲသုန္ဒရ ဦးမြတ်စံ 
(၁၇၂၇-၁၇၉၉) (ဗျူဟာစက္ကိပျို့မှ)


ရေးခဲ့ဖူးတာကို ကိုယ်အသက် ၂၀ ကတည်းက ခံယူထားခဲ့တယ် ကွာ’


‘သိပြီ။ ငါ့အား  အထက်မှပေးအပ်သော  အမိန့် နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်ဆိုတဲ့ သစ္စာအဓိဋ္ဌာန်သဘောပဲပေါ့’
‘မှန်တယ်’
‘သူငယ်ချင်း   ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိဘဲ  အထက်ကခိုင်းသမျှ   လုပ်ရတာ   ပျော်ပိုက်နိုင်ပါ့ မလား’
‘ဝန်ထမ်းဘဝဟာ  ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ပေးဆပ် အနစ်နာခံရတာတွေ    အလွန်ကြီးမား များပြားပေမယ့်လည်း  အလုပ်ခွင်မှာ   ပျော်ရွှင် တယ်။ လုပ်ဖော်ကိုင်ဖက်တွေက  စည်းလုံးတယ်။ တစ်ယောက်အတွက် တစ်ယောက်က အသက်ပေး ပြီး  သံ‌ယောဇဉ်ကြီးကြတဲ့   ရဲဘော်ရဲဘက်စိတ်   မေတ္တာသံယောဇဉ်ရှိကြတယ်။ (ကိုယ်ပိုင်စီးပွားရေး လုပ်သူမှာ   ဒီလို   အသက်ပေးချစ်ခင်တဲ့   ရဲဘော် ရဲဘက်စိတ်မျိုး  Spirit-de-Corps   မရရှိနိုင်)။ ပြည်သူလူထုက ဝန်ထမ်းကောင်းတွေကို လေးစား ရိုသေကြတယ်။   အနစ်နာခံမှု   ထမ်းဆောင်မှု စေတနာတွေကို တန်ဖိုးထားကျေးဇူးတင်ကြတယ်။ အဲဒါတွေက   ဝန်ထမ်းဘဝ  မချမ်းသာကြပေမယ့်  ကျေနပ်ဂုဏ်ယူနိုင်တာတွေပေါ့ကွယ်’
‘သူတစ်ပါး ကြိုးဆွဲရာကိုသာ လိုက်ပါကရတဲ့ ရုပ်သေးရုပ်တော့ မဟုတ်ဘူးပေါ့နော်’
‘မတူဘူး။    ရုပ်သေးရုပ်သဖွယ်၊   သူတစ်ပါး စေခိုင်းတဲ့  ပြည်ပက  တီးကွက်အတိုင်း   လိုက်နာပြီး တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ဘဝကို ဖျက်ဆီးရိုက်ချိုး၊ မတိုးတက် မဖွံ့ဖြိုးရလေအောင် ပျက်စီးရာ ပျက်စီး ကြောင်း ဘယ်သူတွေ လုပ်နေကြသလဲဆိုတာက တော့ သမိုင်းကပဲ ရေးသွားပါလိမ့်မယ်။’


‘သူငယ်ချင်းကတော့    ဘာဖြစ်ချင်တာလဲ။ ဘာရာထူး ရချင်တာလဲ’
‘ဘာရာထူးမှ မလိုချင်ပါဘူး။ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမယ်။ ဘုရားဟောကြား တော်မူတဲ့တရားကို   အစွမ်းကုန် လိုက်နာကျင့်သုံး သွားမယ်’


‘ဘာလဲ၊ ပြောပါဦး’
‘သီတဂူဆရာတော်ဘုရားကြီးက    ကဗျာ လင်္ကာလေး စီကုံးတော် မူဖူးတယ်ကွဲ့၊ မြတ်စွာ ဘုရားရဲ့ ဩဝါဒ ပါတိမောက်ဆိုပါစို့-
မကောင်းမှုများ၊ ရှောင်ရှားပယ်ခွာ၊
ကောင်းမှုအပေါင်း၊ စုဆောင်းကြပါ။
မိမိစိတ်ရင်း၊ သန့်ရှင်းစေရာ၊
ဤသုံးပါး၊ ဘုရားသာသနာ။     ။


သာသနာတော်ကြီး အရှည်တည်တံ့၍ ပြန့်ပွား ပါစေ၊   အမျိုးဘာသာ သာသနာကို   ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ။
‘သာဓု၊ သာဓု၊ သာဓုပါ သူငယ်ချင်းရာ’