ယနေ့သည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် နှစ် ၁၀၀ ပြည့်သောနေ့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် အဆင့်သစ်တောပညာကို ၁၉၂၃ ခုနှစ်က ရန်ကုန်တက္ကသိုလ် တွင် Forestry School ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် စတင် ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်သည့် အလျောက် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ (၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့) တွင် နေပြည်တော် ဇေယျာ သီရိမြို့နယ်၊ ရေဆင်းရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၌ ကျင်းပခြင်းဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် သစ်တောများသည် လူသားတို့ ရှင်သန်နေထိုင်မှုအတွက် မှီခိုစရာနေရာ၊ ထုတ်ယူသုံးစွဲရာ နေရာများ၊ အမဲလိုက်အပန်းဖြေစရာနေရာများ ဖြစ်ခဲ့ကြသည်။ ၁၉ ရာစုအတွင်းတွင်မူ သစ်တောများသည် စီးပွားရေးအတွက် အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီး ၂၀ ရာစု နှောင်းပိုင်းကာလနှင့် မျက်မှောက်ခေတ်တွင်မူ သစ်တောများ ၏ တန်ဖိုးကို ရှုမြင်ပုံများမှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်တို့အတွက် မရှိမဖြစ်သောအရာများအဖြစ်သို့ ပြောင်းလဲ သွားသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်တည်တံ့မှု၊ ရေချိုအရင်းအမြစ်များနှင့် မြေဆီလွှာ ထိန်းသိမ်းမှု စသည်တို့နှင့်ပတ်သက်၍ သစ်တောများ၏ တန်ဖိုးအစစ်အမှန်များကို ပိုမိုသိမြင်လာကြသည်နှင့်အမျှ သစ်တောပညာရပ်မှာလည်း စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲ နိုင်ရေးအတွက် သစ်တောများ ထာဝစဉ်တည်တံ့ရေးမှသည် ဂေဟစနစ်ကို အခြေပြုသော သစ်တောစီမံခန့်ခွဲမှုဆီသို့ ပြောင်းလဲမျက်နှာမူလာခဲ့ပြီဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် သင်ကြားခဲ့သည့် သစ်တော ပညာသင်တန်းများသို့ အိမ်နီးချင်းနိုင်ငံအချို့မှ သင်တန်း သားများ လာရောက်သင်ကြားခဲ့သည့် မှတ်တမ်းများရှိရာ သင်ကြားမှု အဆင့်အတန်းမြင့်မားခဲ့သည့်သာဓကဟု ဆိုရ မည်ဖြစ်သည်။ စစ်ပြီးကာလ သစ်တောပညာဌာနသည် ရန်ကုန် တက္ကသိုလ် သိပ္ပံမဟာဌာန (Faculty of Science) အောက်တွင် ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သစ်တောပညာမဟာဌာန (Faculty of Forestry) အဖြစ် သီးခြားဖွင့်လှစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ သစ်တောပညာဌာနသည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်အောက်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တက္ကသိုလ်၏အမည်သည် “သစ်တော တက္ကသိုလ်” မှ “ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (University of Forestry and Environmental Science - UFES)” သို့ ပြောင်းလဲခဲ့သည်။
မျက်မှောက်ကမ္ဘာတွင် သစ်တောများ လျင်မြန်စွာ ပျက်စီး ဆုံးရှုံးနေပြီး လူတို့၏ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင် များ ထိခိုက်ပျက်စီးနေခြင်းနှင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်းတို့ ဆက်စပ်ဖြစ်ပေါ်လျက်ရှိသည်။ သစ်တော များ၏ အကျိုးကျေးဇူးများကို သိနားလည်ရန်၊ သစ်တောများ ထာဝစဉ်တည်ရှိနေရေး ထိန်းသိမ်းရန် စသည်တို့အတွက် သစ်တောပညာရပ်များကို လေ့လာသင်ယူကြရန်လိုအပ်သလို ပြည်သူလူထုအတွင်း၌လည်း အသိပညာပြန့်ပွားရန်လိုသည်။ သစ်ပင်သစ်တောများကို ချစ်မြတ်နိုးလာစေရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိနားလည်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များအကြောင်း အသက်အရွယ်အလိုက်၊ အတန်း ပညာအလိုက် ရင်းနှီးကျွမ်းဝင်နေကြစေရေးတို့အတွက် အခြေခံပညာရေးမှစကာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်များ ထည့်သွင်းသင်ကြားခြင်းဖြင့် အနာဂတ်ကာလ တွင် သစ်တောနှင့်သစ်ပင်ချစ်ခင်မှုမြင့်မားသူ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းသူ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပြုစုပျိုးထောင်ကြရပါမည့်အကြောင်း။ ။