
မင်းသန်းနိုင် (မုဒုံ)
"ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး"။ ဟိုး လွန်ခဲ့တဲ့ ၃၁ နှစ်က စာရေးသူကိုယ်တိုင် အထက်တန်းပညာတစ်ပိုင်းတစ်စနဲ့ ၈၈ အရေး အခင်းထဲ ပါဝင်ရင်း ခေတ်တစ်ခေတ်ရဲ့ ရေစီးကြောင်းထဲမှာ စီးမျော ပါဝင်ခဲ့ဖူးပါတယ်။ ရေစုန်စီးမျောရင်း ပင်လယ်သမုဒ္ဒရာဆီမရောက်ဘဲ ကမ်းစပ်တစ်ခုမှာ မျောကပ်ရင်း ရှင်သန်ခွင့်ရ၊ ဘဝ ပြန်လည်ထူထောင် ခွင့်ရ၊ ဝါသနာပါရာ စာရေးခြင်း၊ စာဖတ်ခြင်းတွေနဲ့မိမိပတ်ဝန်းကျင် အချို့ကို တတ်စွမ်းသမျှ စာပေနဲ့ အကျိုးပြုနိုင်ခဲ့ပါတယ်။
စာပေ၏ အကျိုးကျေးဇူး
ငယ်ရွယ်စဉ်အချိန်မှာ ဖခင်ဖြစ်သူက သတင်းစာပို့သမားဆီမှာ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စာစောင်တွေကို သားတွေဖတ်ဖို့ မှာပေးခဲ့တဲ့ ကျေးဇူးကြောင့် စာပေနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ၁၀ တန်း မအောင် ပညာတစ်ပိုင်းတစ်စနဲ့ ၈၈ အရေးအခင်းကာလကို ဖြတ်သန်း ခဲ့ရ၊ ဘဝမျိုးစုံ၊ သမ္မာအာဇီဝ အလုပ်မျိုးစုံကို လုပ်ကိုင်ရင်း စာပေနဲ့ နှီးနွယ်တဲ့ ဦးစီးဌာနတစ်ခုမှာ အောက်ခြေသိမ်းက အလုပ်ဝင်ရင်း ဘဝကို စခဲ့ရတယ်။ အခုတော့ အသင့်အတင့်နေရာတစ်ခုကိုရ၊ စာပေမှာ မွေ့လျော်၊ စာပေတောမှာ ပျော်ရင်း၊ ရင်သွေးအရွယ် သား၊ သမီး၊ ညီငယ်၊ ညီမငယ်လေးများကို တတ်သိသမျှ စာပေဗဟုသုတ တွေကို ဖြန့်ဝေနေရဲ့။
စာပေ၏ တန်ဖိုး
ယနေ့ သားတို့ သမီးတို့ခေတ်မှာ စမတ်ဖုန်းတစ်လုံးနဲ့ အင်တာနက် ပေါ်က ဗဟုသုတ အကြောင်းအရာတွေကို လေ့လာစူးစမ်းရှာဖွေခွင့် ရခဲ့ကြပြီ။ အချိန်တိုအတွင်းမှာ ကမ္ဘာကြီးအကြောင်းကို သိခွင့်ရတဲ့ "ကမ္ဘာ့ရွာ"ခေတ် ဖြစ်ခဲ့လေပြီ။ လိုချင်တာ၊ သိချင်တာတွေကို အင်တာ နက်ကတစ်ဆင့် အချိန်တိုအတွင်း မွှေနှောက်ရှာဖွေ လေ့လာနိုင်ကြပြီ။ ဝမ်းမြောက်ပေစွ။
စာရေးသူတို့ လူပျိုဘဝမှာ ဖေ့စ်ဘွတ်ဆိုတာ မဆိုထားနဲ့။ စမတ် ဖုန်းတွေ မပေါ်သေး။ အင်တာနက်ဆိုတာ မသိ၊ ဂျေဒိုးနတ်မုန့်ပင် အိပ်မက်အလား။ ဘိန်းမုန့်လေးကို နှစ်ပါးသွား၊ ရေနွေးကြမ်းလေးနဲ့ အကောင်းဆုံး မြန်မာ့ရိုးရာအစားအစာအဖြစ် ပွဲလယ်တင့်ခဲ့ရတယ်။ ဒါတွေကလည်း သမိုင်းနဲ့ စာပေကိုဖတ်၊ ရှေ့မီနောက်မီ ပညာရည် ပြည့်ဝတဲ့ သက်ကြီးတွေကို မေးကြည့်၊ အဖြေရှိလိမ့်မယ်။ အရာရာဟာ အကြောင်းအကျိုး၊ အကောင်းအဆိုး ဒွန်တွဲနေတဲ့အတွက် စာပေကို ဖတ်ကြပါဟု တိုက်တွန်းချင်ပါတယ်။ ယနေ့ နိုင်ငံအသီးသီးရှိ ခေါင်း ဆောင်များ၊ အောင်မြင်သူများဟာ ရိုးသား ကြိုးစားခဲ့ကြသလို စာဖတ် ခြင်းဖြင့် အတွေးအခေါ် ဆင်ခြင်တုံတရားနဲ့ အမှားအမှန်ကို ဝေဖန် ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းရှိရင်း အောင်မြင်လာကြတယ်။ ထင်ရှားလာ ကြတယ်။ စာပေရဲ့တန်ဖိုး ကြီးမားပေစွ။
မိတ်ဆွေကောင်း
စာရေးသူအတွက် သက်မဲ့မိတ်ဆွေကောင်းတစ်ခုက စာအုပ်စာပေ များပဲ ဖြစ်ပါတယ်။ သက်ရှိ သူငယ်ချင်းများစွာနဲ့ ကျောင်းနေဖက် ရင်းနှီးခဲ့ရသူ၊ တစ်မြို့တစ်ရွာတည်းသားဖြစ်သူ၊ ဖေ့ဘွတ်စ်ပေါ်မှာ ယခင်က သိကျွမ်းခင်မင်ခဲ့ဖူးသော်လည်း ယုံကြည်ချက်၊ ခံယူချက်၊ အကြိုက်ချင်း မတူလေသောအခါ ကွဲပြားသွားကြတယ်။ မတူကွဲပြား ရှိသော်ငြားလည်း အမိနိုင်ငံတော် အေးချမ်းသာယာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အတူတကွ လက်တွဲဆောင်ရွက်ကြဖို့က စာရေးသူရဲ့ စိတ်ရင်း အမှန်ပါ။
တစ်နေ့က စားသောက်ဆိုင်တစ်ဆိုင်မှာ စားတာ၊ သောက်တာ အကြိုက်ချင်းမတူတဲ့ စာရေးသူတို့ မိတ်ဆွေငါးယောက် စုထိုင်ရင်း မှာတဲ့အစားအစာ မတူပေမယ့် အတူတကွ လည်ပင်းဖက် အိမ်ပြန် တော့ စာရေးသူက အတူစားသောက်ဖက် သူငယ်ချင်းတွေကို ပြောမိ တယ်။ "ငါတို့တွေဟာ မိတ်ဆွေကောင်း ဖြစ်ဖို့လိုတယ်။ အကြိုက်ချင်း မတူချင်ရင်နေ၊ သွားတော့ တစ်ဆိုင်တည်း၊ ထိုင်ကြတော့ တစ်ဝိုင်း တည်း၊ ပြန်တော့လည်း တစ်လမ်းတည်းမဟုတ်လား"လို့ပြောတော့ "မင်းက စာရေးဆရာဆိုတော့ ပြောတတ်တာပေါ့"တဲ့။ မဟုတ်ပါဘူး ဆိုပြီး တဟားဟားနဲ့ ရယ်စရာတွေပြောရင်း လမ်းအတူလျှောက်ရင်း "ငါတို့အရွယ်တွေက ရန်ဖြစ်ရမယ့်အရွယ်တွေလည်း မဟုတ်တော့ဘူး။ ကလေးတွေအတွက် အသိအလိမ္မာ၊ ပညာနဲ့ ဆင်ခြင်နိုင်စွမ်းရှိအောင် ညွှန်ပြရမှာ မဟုတ်လား။ အမှန်နဲ့ အမှားကို ပိုင်းခြားဝေဖန် ဆင်ခြင် တတ်အောင် လုပ်ရမှာမဟုတ်လား"လို့ ပြောမိတယ်။
စိတ်မကောင်းဖြစ်မိ
၈၈ အရေးအခင်းကာလမှာ ကျောင်းတွေလည်း မဖွင့်နိုင်။ ကျောင်း တက်ကျောင်းဆင်း ခေါင်းလောင်းသံတွေလည်း ဆိတ်သုဉ်း။ ပညာ တစ်ပိုင်းတစ်စနဲ့ လမ်းပေါ်ထွက် ဆန္ဒပြရင်း ကျောင်းတွေပြန်ဖွင့်တော့ လည်း ပညာဆက်လက်သင်ချင်စိတ် လျော့နည်းခဲ့သည့်အတွက် ကျွန်တော်ဟာ ဘဝပင်လယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပင်ပင်ပန်းပန်း ကူးခတ်ခဲ့ရတယ်။
မောပါဘိ။ ပညာကလည်း တစ်ပိုင်းတစ်စနဲ့မို့ အောက်ခြေသိမ်း အလုပ်မျိုးစုံကို လုပ်ခဲ့ရရင်း စာပေဝါသနာပါသူမို့ မြို့နယ်က အဖေ အရွယ် စာရေးဆရာအချို့နဲ့ ပေါင်းမိ၊ ဝါသနာပါရာ နေရာမှန်တစ်ခု ဆီကို မိတ်ဆွေကောင်း အစ်ကိုဖြစ်သူတစ်ဦးရဲ့ ကျေးဇူးကြောင့်ရောက်ရှိ၊ ဝန်ထမ်းဖြစ်ခွင့်ရ။
အခုလို ကိုဗစ်-၁၉ ကာလမှာ ကျောင်းတွေပိတ်ထားတော့ သား အရွယ် သမီးအရွယ်တွေ ပညာသင်ဖို့ နှောင့်နှေးခဲ့ရတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှာကို တစ်ဖက်က စိုးရိမ်ကြောက်ရွံ့နေရသလို တစ်ဖက်ကလည်း တစ်နှစ်ထက်တစ်နှစ် အသက်တွေကြီးလာတဲ့ သားသမီးတွေ၊ ဆရာနဲ့ ကျောင်းသားတွေ ကင်းမဲ့နေတဲ့ အခြေခံပညာ ကျောင်းလေးတွေကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသလို ဖော်မပြ နိုင်တဲ့ ခံစားမှုက ရေးပြလို့မကုန်နိုင်။
ပညာရှေ့ရေး စဉ်းစားတွေး
စာရေးသူရဲ့ သားကြီးက ကုမ္ပဏီတစ်ခုမှာ သူ့ဘဝတက်လမ်းကို သူရှာဖွေရင်း အလုပ်လုပ်။ သူ့မိခင်နဲ့ ညီမဖြစ်သူအတွက်၊ နေအိမ် အတွက် မိသားစုတစ်ထောင့်တစ်နေရာကို ဖြည့်ဆည်းပေးနေပါတယ်။ သမီးလေးကတော့ ကျောင်းတွေပိတ်ထားတော့ ဖုန်းတစ်လုံးနဲ့ အချိန် မကုန်ရအောင် တတ်မှုပညာတစ်ခုကို သင်ယူခိုင်း။ သူဝါသနာပါရာ ပန်းချီဆွဲခြင်း၊ စာရေးခြင်းနဲ့ ဖြတ်သန်း။ ဒါက ကျွန်တော့် မိသားစု တစ်စုရဲ့ အခြေအနေ။ မြန်မာတစ်နိုင်ငံလုံးရှိ မိသားစုတွေ၊ သားတွေ သမီးတွေရဲ့ ပညာရှေ့ရေးကို ကျွန်တော်တို့တွေ စဉ်းစားတွေးရတော့ မယ်။ အနာဂတ် နိုင်ငံခေါင်းဆောင်ဖြစ်လာကြမယ့် ရင်သွေးငယ်တွေ အတွက် ကျွန်တော်တို့အားလုံး ပညာရှေ့ရေး စဉ်းစားတွေးကြဖို့ လိုပြီ။
ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း
တစ်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်လေးတစ်ခုမှာ ပညာတတ် ပရဟိတ လူငယ်တွေက တက္ကသိုလ်ဝင်တန်းသင်ခန်းစာ တွေကို အခမဲ့သင်ပေးနေတဲ့ သတင်းကြားတော့ သွားရောက်စေ့ငုရင်း ပညာကိုလိုလားသူနဲ့ သင်ကြားပေးနေသူ ဆရာလေး၊ ညီငယ်လေး များကို မြင်ရတဲ့အခါ ကြည်နူးခြင်းနဲ့ ဝမ်းမြောက်ရသလို ယနေ့အချိန်မှာ ယုံကြည်ချက်တစ်ခုခံယူရင်း CDM လုပ်နေကြတဲ့ ပညာရေးဝန်ထမ်း တွေ၊ ကိုယ်ပိုင် ခံစားလွတ်လပ်ခွင့်တစ်ခုအဖြစ် စာသင်ကျောင်းနဲ့ ဝေးကွာနေကြတဲ့ ဆရာ ဆရာမတွေ၊ ပညာတစ်ပိုင်းတစ်စနဲ့ လူအုပ်ကြီး ကြားမှာ ရောပါနေကြတဲ့ ကျောင်းသားလူငယ်လူရွယ်တွေကို မြင်ရ သောအခါ ဝမ်းနည်းခြင်းဖြစ်မိပါတယ်။
မျှော်လင့်မိပါသည်
ဆိုရရင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆရာ ဆရာမ၊ ကျောင်းသား ကင်းမဲ့နေတဲ့ ကျောင်းတွေရှေ့ဖြတ်လျှောက်တိုင်း မျက်ရည်ဝဲမတတ် သားသမီးများအတွက် ခံစားမိပါတယ်။ မကြာမီ ကျောင်းတွေဖွင့်ဖို့ ကြိုးစားနေကြောင်းလည်း သတင်းများ ကြားသိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရတဲ့ ကျောင်းတံခါးတွေကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့၊ ခေါင်းလောင်းသံ စာအံသံနဲ့ ဝေလျှံနေတဲ့ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ နာသုံးနာနဲ့ ပြည့်စုံတဲ့ အာစရိယဂိုဏ်းဝင် ဆရာ ဆရာမတွေဟာ မိမိတို့ ရင်သွေးငယ်များနဲ့အတူ လက်တွဲရင်း၊ ကျောင်းဝင်းအတွင်း ဝင်ရောက်လာမယ့်ရက်ကို မျှော်လင့်နေမိပါတော့တယ်။ ။
- Log in to post comments