
မင်းပြည့်
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းက ပေးပို့လာတဲ့ ‘‘Please CDM’’ ဆိုတဲ့ ဖုန်းမက်ဆေ့ စာသားလေးဖတ်ရင်း စိတ်ထဲတစ်မျိုးခံစားသွားမိပါတယ်။ ဖုန်းမက်ဆေ့ ကနေသာမက အရင်နေ့တွေကလည်း ‘‘မင်းကလည်း ဝန်ထမ်းမလုပ်ရလည်း ထမင်းမငတ်ပါဘူးကွာ’’ ဆိုကာ တစ်မျိုး၊ ‘‘သူငယ်ချင်း CDM မလုပ်သေးဘူးလား၊ မလုပ်ရင် သူငယ်ချင်းမဟုတ်တော့ဘူး၊ စတာနော်၊ နောက်တာနော်၊ တကယ်ပြောတာ’’ ဆို၍ အပြုံး React နဲ့က တစ်ဖုံ မက်ဆင်ဂျာကနေ ပေးပို့ထားပါတယ်။
ကျွန်တော့်သူငယ်ချင်း ပေးပို့လာတဲ့ စာသား တွေ ဖတ်ကြည့်ရင်း ဘာစာမှလည်း သူ့ထံ မပြန် ဖြစ်ပါ။ ကျွန်တော်တို့ အသက်အရွယ်က အတန်း ပညာကုန်၊ ဘွဲ့ရလို့ လုပ်ငန်းခွင်ဝင်တဲ့အရွယ်၊ အရာရာကို စဉ်းစားဆင်ခြင်ရတဲ့ အရွယ်မို့ စိတ်ထဲ ကနေ ‘‘ဪ... သူငယ်ချင်း မင်း မရင့်ကျက်သေးပါ လား’’လို့သာ ကျွန်တော် ပြောမိခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းက နိုင်ငံ့ဝန်ထမ်းမဟုတ် သူမို့ ဝန်ထမ်းဆိုတာ နိုင်ငံ့ဝန်ကို ထမ်းရတာ၊ အများဝန်ကို ထမ်းဆောင်ရတာ မလွယ်ဘူးလို့ အခုအချိန်မှာဆိုပါရင်လည်း ဝန်ထမ်းမဟုတ်တဲ့ သူငယ်ချင်း အပြည့်အဝနားလည်နိုင်မယ် မထင်။ တစ်ချိန်တော့ သူငယ်ချင်းကို သေသေချာချာ ရှင်းပြချင်မိပါတယ်။
အခုချိန်မှာ ကျွန်တော်ကတော့ နေ့စဉ်ရုံးတက် နေပါတယ်။ ရုံးတက်မပျက်ဘဲ ဌာနကနေ ကျွန်တော့်ကို တာဝန်ပေးထားတဲ့ စီမံရေးရာ ကိစ္စရပ်တွေကို တာဝန်မပျက် ထမ်းဆောင်နေပါ တယ်။ စီမံရေးရာ ကိစ္စရပ်တွေဟာ ပြီးဆုံးသွား တယ် မရှိဘဲ တစ်နေ့တာ၊ တစ်ပတ်တာ၊ တစ်လ တာ စသဖြင့် နှစ်ပတ်လုံး လည်ပတ်နေတာ ဖြစ်ပါတယ်။
အခက်အခဲမရှိစေဖို့
ဌာနမှာ ကျွန်တော့်တာဝန်ကတော့ နှစ်ပေါင်း များစွာ တာဝန်ထမ်းဆောင်ပြီး ပင်စင်ယူတော့မယ့် ဆရာကြီး၊ ဆရာမကြီးနဲ့ ဝန်ထမ်းတွေရဲ့ ပင်စင် ကိစ္စတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ခွင့်ကိစ္စတွေကို အခက်အခဲမရှိစေဖို့ ဆောင်ရွက် နေပါတယ်။ သူငယ်ချင်း ဖြစ်စေချင်သလို CDM လုပ်ပြီး ပင်စင်ယူမယ့် ဌာနက နိုင်ငံ့ဝန်ထမ်းတွေကို ဒီအစိုးရမှာ မလုပ်ပါ၊ ဟိုအစိုးရကျမှ ပင်စင် လာယူပါလို့ ကျွန်တော် ပြောလို့မရပါ။
ဝန်ထမ်းဦးရေများပြားတဲ့ ကျွန်တော်တို့ ပညာ ရေးဌာနမှာ အသက် ၆၀ အထိ နိုင်ငံ့တာဝန်ထမ်းခဲ့ ပြီးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ သက်ပြည့်ပင်စင် ယူမှာတွေ ရှိပါတယ်။ ဘဝရဲ့အချိန်တော်တော် များများကို ကျောင်းသား ကျောင်းသူတွေနဲ့ ကုန်လွန်ပြီးတော့ အသက် ၆၀ ပြည့်ကာ တာဝန် ပြီးဆုံးတော့မယ့် ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ရသင့်ရထိုက်တဲ့ လုပ်သက်ဆုငွေ၊ ပင်စင်လစာ တွေအတွက် အခက်အခဲ မရှိစေရမှာက ကျွန်တော့် တာဝန်ပါ။
ဒီလိုပဲ ဌာနမှာ ကျန်းမာရေးအရ နာမကျန်း ပင်စင်ယူမယ့်သူတွေ၊ အကြောင်း အမျိုးမျိုးကြောင့် နှစ်ပြည့် ပင်စင်ယူမယ့်သူတွေဆိုတာ ဌာနမှာ အမြဲ ရှိနေတာမို့ သူတို့အတွက် ကျွန်တော် တာဝန်ကို ထမ်းဆောင်ရမှာပါ။ “တာဝန်အရ”ဆိုတဲ့ စကား ကိုသာ ဆိုရပါမယ်။ ကျွန်တော်ကတော့ တာဝန်နဲ့ အတူ စေတနာနဲ့ပါ လုပ်ပေးခဲ့ပါတယ်။
အဘယ်ကြောင့်ဆိုသော် ပင်စင်စား ကျွန်တော့် အဖေနဲ့ အမေတို့လို ပြည်သူတွေအတွက်ပါ။ ပင်စင်ထုတ်ရက်ဆို ပင်စင်ထုတ်ဖို့ တပြင်ပြင် ဖြစ်နေတဲ့ အဖေနဲ့အမေရဲ့ပုံရိပ်က ကျွန်တော့်ကို လွှမ်းမိုးပြီးသားပါ။ အလုပ်အတူတူ လုပ်ခဲ့ကြတဲ့ လုပ်ဖော် ကိုင်ဖက်ဟောင်းတွေနဲ့ ပင်စင်ထုတ်ရင်း စကားဆိုဖို့၊ လှူဖို့တန်းဖို့ စသဖြင့် ကိစ္စအမျိုး မျိုးအတွက် ပင်စင်ထုတ်ရက်နီးတိုင်း တက်ကြွနေတဲ့ အဖေနဲ့ အမေတို့ကို ကြည့်ရင်း ကျွန်တော် CDM မလုပ်ချင်ပါ။ လုပ်ဖို့ဆန္ဒလည်း မရှိပါ။ တာဝန်ကိုသာ ကျေပွန်အောင် ထမ်းရွက်ချင်ပါတယ်။
နိုင်ငံ့ဝန်ထမ်းဆိုတာ ဘယ်အစိုးရဖြစ်ပါစေ၊ အစိုးရယန္တရားရဲ့ အစိတ်အပိုင်းတွေပါ၊ အစိတ်အပိုင်း တစ်ခုချင်း ကောင်းအောင် ဆောင်ရွက်ရင် အစိုးရ ယန္တရားတစ်ခုလုံး ကောင်းမှာဖြစ်ပါတယ်။ ဘယ် အစိုးရ တက်တက်ဆင်းဆင်း၊ ရှိနေ၊ ဆောင်ရွက်နေ ရတာက ဝန်ထမ်းတွေပါ၊ ဝန်ထမ်းအဖွဲ့အစည်း၊ လုပ်ငန်း၊ ဌာနတွေမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံ့ဝန်ကိုထမ်းရ တာ ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်း၊ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကလည်း ရှိပြီးသားပါ၊ နိုင်ငံရေး အရ ရောက်ရှိလာတဲ့ မူဝါဒညွှန်ပြသူ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ ဥပဒေနဲ့မညီလို့ အရေးယူခံရ တာတွေ ဝန်ထမ်းတွေ မြင်ဖူးတွေ့ဖူး ကြားသိဖူးသူ များပြီးသားမို့ အချင်းချင်းညွှန်းစရာ လိုမယ်မထင်ပါ။ ဘယ်လိုအခြေအနေမှာမဆို ကျန်ရှိဆောင်ရွက်နေရ တာက နိုင်ငံ့ဝန်ထမ်းအများစုသာ ဖြစ်ပါတယ်။
ပေးအပ်ထားတဲ့တာဝန်ထမ်းဆောင်ရမယ်
ဘယ်လို ခံယူချက်မျိုးနဲ့ နိုင်ငံ့ဝန်ထမ်းဖြစ်လာ ပါစေ၊ နိုင်ငံ့ဝန်ထမ်းဖြစ်လာတဲ့အခါ ပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရမယ်လို့ ခံယူထား ခဲ့ပါပြီ။ ဒါကြောင့်မို့လည်း တာဝန်နဲ့အတူ တတ်အား သမျှ ကြိုးပမ်းပြီး ဝန်ထမ်းကောင်းအဖြစ် ရပ်တည် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်အား၊ ကြိုးစား အားထုတ်မှုဟာ သူများတွေ အဆင်ပြေအောင် ရည်ရွယ်ထားတဲ့အတွက် ကောင်းတဲ့အကျိုး တရားကို ပြန်ခံစားရမယ်လို့ ယုံကြည်ထားပါတယ်။
CDM လုပ်မှ သစ္စာရှိတယ်၊ နိုင်ငံနဲ့ ပြည်သူကို ချစ်တယ် ထင်တဲ့သူတွေကိုလည်း စဉ်းစားပေးစေ လိုပါတယ်။ ပြည်သူ့အတွက် အထောက်အကူ ပြုအောင် လုပ်ငန်းတာဝန်တွေ မပြတ်ထမ်းဆောင် ရတဲ့ ဝန်ထမ်းတွေဟာ သဘောထားမတူညီမှု ကြားမှာ တာဝန်ကျေဖို့ ရုန်းကန်နေရတဲ့အခြေ အနေတစ်ခုပါ။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ် လို့ ယူဆပြီး မျှတမှုမရှိဘဲ ပြောဆိုသူတွေရဲ့ ဝေဖန်မှုတွေကလည်း များပြားနေပါတယ်။
ပြည်သူ့ဝန်၊ နိုင်ငံ့ဝန်ကို ထမ်းဆောင်နေသူ ဝန်ထမ်းတွေကို လုပ်ငန်းဆောင်တာတွေ ပိုကောင်းအောင် အကြံပေး ပြောဆိုခွင့် ရှိပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ အကြံပေးချက် တွေနဲ့ ဝန်ထမ်းကောင်းတွေက နိုင်ငံကောင်း အောင် ဆောင် ရွက်နိုင်ဖို့ လမ်းပြပေးစေလိုပါတယ်။ “ဟိုလို လုပ်ပါ့လား၊ ဒီလိုလုပ်ပါ့လား၊ ငါလည်း မလုပ်တတ်ဘူး”ဆိုတဲ့ ဘေးပြောတွေကို ချင့်ယုံ စေလိုပါတယ်။ ခုချိန်မှာ ဆန္ဒမတူ၊ သဘောထား မတူဖြစ်နေတဲ့ ဝန်ထမ်းအချင်းချင်းကိုလည်း နားလည်ပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်ပေးထား
ဒီမိုကရေစီသဘောတရားက လူတိုင်းကို လွတ်လပ်စွာ ပြောဆိုလုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လွတ်လပ်မှုက သူတစ်ပါး လွတ်လပ်မှုကို ထိခိုက်စေမယ်ဆိုရင် မကောင်း နိုင်ပါ။ ငါနဲ့မတူ ငါ့ရန်သူဆိုသည့် သဘောတရားမျိုး မစွဲကိုင်စေလိုပါ။
ဒါကြောင့် ဒီမိုကရေစီ အနှစ်သာရကို နှစ်သက် သူတိုင်းဟာ အချင်းချင်း လွတ်လပ်စွာ သဘော ထားကွဲလွဲနိုင်၊ ဆွေးနွေးနိုင်တာမို့ ကိုယ်ချင်းစာ နားလည်ပေးနိုင်မယ်လို့ ထင်မိပါတယ်။
ကျွန်တော်ကတော့ နိုင်ငံကို ချစ်တာ၊ ပြည်သူ ကို ချစ်တာ ဘယ်လောက်ကြီးပါလို့ အွန်လိုင်း ကနေ မဖော်ကျူးတော့ပါ။ ဖေ့စ်ဘွတ်ကနေ လေနဲ့ပဲ “ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ” ဆိုပြီး တခြား သူတွေကိုလည်း အကြံမပေးတတ်ပါ၊ အွန်လိုင်း ကနေ ချစ်ပြမှ ခေါ်မယ့်၊ ပြောမယ့် အတု အယောင်ကြိုက်တွေကိုလည်း အလိုမရှိတော့ပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံ့ကောင်းကျိုးအတွက် ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင် ကြိုးစားရင်း ကျေးဇူးပြုသွားပါ့မယ်လို့သာ ကတိပြုနိုင်ပါတော့တယ်။ ။
- Log in to post comments