မြန်မာတိုင်းအတွက် မြန်မာ့ရိုးရာ သိုင်းပညာ

 

အက်ရှင်ဇာတ်ကားဟု    ခေါ်ကြသည့်     လှုပ်ရှားတိုက်ခိုက်မှု အသားပေးရုပ်ရှင်များကို မြန်မာတို့ ကြိုက်ကြသလို ကမ္ဘာ့ပရိသတ် တို့ကလည်း ကြိုက်ကြသည်။  အက်ရှင်ဇာတ်ကား သရုပ်ဆောင် များဖြစ်သည့် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်း စသည့် အာရှ သရုပ်ဆောင်များရော ဟောလိဝုဒ်မှ အနောက်တိုင်း သရုပ်ဆောင် များပါ  ကမ္ဘာကျော်ကြသည်။ အက်ရှင်ဇာတ်ကားများနှင့် အက်ရှင် သရုပ်ဆောင်များကို အကြောင်းပြု၍ ကွန်ဖူး၊ ဝူရှူး၊ ဝင်ချွန်း အစ ရှိသော    တရုတ်ရိုးရာကိုယ်ခံပညာများ၊   ကရာတေး၊   ဂျူဒို၊ အိုက်ကီဒို   အစရှိသော   ဂျပန်ရိုးရာကိုယ်ခံပညာများ၊  ဘရာဇီး ဂျူဂျစ်ဆု၊ မွေထိုင်း အစရှိသောရိုးရာကိုယ်ခံပညာများကို ကမ္ဘာက သိလာသည်။  စိတ်ဝင်စားလာသည်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးများ ကျင်းပပြီး ဈေးကွက်ဝင်လာသည်။


ကမ္ဘာတွင် နာမည်ကြီးသည့် ကိုယ်ခံပညာများ အများစုမှာ အာရှ၏ အမွေအနှစ်များပင်ဖြစ်ပြီး ယင်းကိုယ်ခံပညာများ၏ မူလအစမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြသည်။ ရှေးနှစ်ပေါင်း ထောင်နှင့်ချီ၍ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့သော အဆိုပါ နိုင်ငံကြီး နှစ်နိုင်ငံ၏အကြားတွင် တည်ရှိနေသည့် မိမိတို့ မြန်မာ နိုင်ငံသည်လည်း   ကိုယ်ပိုင်ယဉ်ကျေးမှု    အမွေအနှစ်များနှင့် တင့်တယ်ခဲ့သလို မြန်မာ့ရေ၊ မြေပေါ်တွင် အခြေခံကာ ပေါ်ထွန်း လာခဲ့သော ရိုးရာကိုယ်ခံပညာများမှာလည်း ကိုယ့်မူ၊ ကိုယ့်ဟန် ဖြင့်   စုံလင်ကြွယ်ဝလှသလို   ကမ္ဘာပေါ်တွင်   လက်ရှိထင်ပေါ် ကျော်ကြားနေသည့်   ကိုယ်ခံပညာများနှင့်    ယှဉ်နိုင်ရုံမျှမက ခေါင်းတစ်လုံးသာသည်ဟုပင် ဆိုနိုင်သည်။


သို့ရာတွင်   မြန်မာ့ရိုးရာသိုင်းပညာများမှာ    မြန်မာနိုင်ငံ သူ့ကျွန်ဘဝ  ကျရောက်ခဲ့ရချိန်မှစပြီး  ချိုးနှိမ်နှိပ်ကွပ်ခံခဲ့ရကာ မှေးမှိန်ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ရသည်။  ဓား၊ လှံ စသည့် လက်နက်များ  ထုတ်လုပ်ခြင်း၊  ကိုင်ဆောင်ခြင်း၊  သိုင်းပညာ သင်ကြားခြင်းတို့မှာ ဥပဒေဖြင့် ထုတ်ပြန်တားဆီးခြင်းခံခဲ့ရသည့် အတွက်      သိုင်းပညာလေ့ကျင့်သင်ကြားလိုသူတို့မှာ      လူသူ ကင်းဝေးသည့်  တောထဲတွင်လည်းကောင်း၊  မြေကျင်းတူး၍ လည်းကောင်း ပုန်းလျှိုးကွယ်လျှိုးလေ့ကျင့်ခဲ့ကြရသည်။ “သိုင်း” ဟုခေါ်သည့် အမည်ကိုပင် ရှောင်ရှားခဲ့ရသည့်အတွက် နောင်တွင် “ဗန်တို၊   ဗန်ရှည်”   ဟူ၍  ခေါ်ခဲ့ကြရကြောင်း၊   ဗန်တိုသည် လက်နက်မဲ့သိုင်းပညာဖြစ်၍   ဗန်ရှည်သည်     လက်နက်ကိုင် သိုင်းပညာဖြစ်ကြောင်း သုတေသီများ ရေးသားဖော်ထုတ်ခဲ့သည့် မှတ်တမ်းများ၌ တွေ့ရသည်။


မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် မြန်မာ့သိုင်း ပညာသည်  ပြန်လည်ပေါ်ထွက်လာခဲ့သော်လည်း  နိုင်ငံတော် အစိုးရ၏ အားပေးမှု၊ နိုင်ငံသူ နိုင်ငံသားတို့၏ စိတ်ပါဝင်စားမှုတို့ အပေါ်တွင်မူတည်ကာ ငုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့်ဖြင့် ပြန့်ပွားသင့်သလောက် မပြန့်ပွားနိုင်သည့် အခြေအနေတွင် ရှိနေ ခဲ့သည်။ ဒေသတွင်းနိုင်ငံများ၏ အားကစားပြိုင်ပွဲများတွင် ပန်ကျပ် ဆီလပ်၊  ဗိုဗီနမ်  စသည့်  အာဆီယံနိုင်ငံအချို့မှ  ရိုးရာကိုယ်ခံ ပညာများ ထည့်သွင်းကျင်းပလာခဲ့ရာတွင် မြန်မာ့သိုင်းပညာရှင် အားကစားသမားများမှာ အဆိုပါနိုင်ငံခြားကိုယ်ခံပညာများကို  လိုက်ပါယှဉ်ပြိုင်ခဲ့ကြရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ မြန်မာလူမျိုး တို့အနေဖြင့် မိမိတို့၏  ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော မြန်မာ့ ရိုးရာသိုင်းပညာကို   လူတိုင်းသင်ယူခြင်းဖြင့်    ထိန်းသိမ်းကြရန်၊ တိမ်မြုပ်ပျောက်ကွယ်နေသည့် ပညာရပ်များကို သုတေသနပြု ဖော်ထုတ်ကြရန်၊ ရိုးရာကိုအခြေခံ၍ ခေတ်မီအောင် ပြုပြင်မွမ်းမံ ကြရန်၊    ကမ္ဘာက   အသိအမှတ်ပြုစိတ်ဝင်စားလာကြစေရေး  အတွက် ဈေးကွက်မြှင့်တင်မှု နည်းလမ်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုအပ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်သည်နှင့်အမျှ ဟိုတယ်၊ ခရီးသွားလုပ်ငန်းများနှင့်ယှဉ်ကာ     မြန်မာ့ရိုးရာသိုင်း ပညာမှာလည်း         ပြန်လည်ထွန်းကားမြင့်မားလာနိုင်မည်ဟု ယုံကြည်မိသည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် တွင်   လူမှုရေးဦးတည်ချက်တစ်ရပ်အဖြစ်   “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူ၍ ပါရှိသည်။ မြန်မာလူမျိုးတိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် အပိုပစ္စည်း မလို၊ ငွေကုန်ကြေးကျ သက်သာစွာပြုလုပ်နိုင်သော အားကစားနည်း တစ်ရပ်အဖြစ်    မြန်မာ့ရိုးရာသိုင်းပညာကို    သင်ယူလေ့ကျင့် ကြစေရေးအတွက် ပညာဖြန့်ဝေခြင်း၊ နှိုးဆော်တိုက်တွန်းခြင်း၊ အားပေးမြှင့်တင်ခြင်းတို့ကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် ဝိုင်းဝန်းဆောင်ရွက်ကြရပါမည့်အကြောင်း။        ။