အချိန်တန်ပါပြီ ...

Type

မောင်သိဒ္ဓိ

 

လူ့ဘဝရရှိလာပြီဆိုရင်  လူတိုင်းလိုလို   (အတိတ်ကံအားနည်းသူမှ အပ)ဟာ အဆင့်မြင့်တဲ့ ဦးနှောက်ပါရှိကြပြီး ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်နိုင်စွမ်း၊  စကားပြောနိုင်စွမ်း၊   ပြန်လည်သုံးသပ်နိုင်စွမ်း၊  ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့  စိတ်ခံစားနိုင်စွမ်းတွေ  ရှိကြပါတယ်။ အဲဒီအပြင် လူသားတွေအားလုံးမှာ တစ်ပြေးညီ  ရရှိထားတာကတော့ အချိန်ပါပဲ။ အချိန်ကို စုဆောင်းဖို့ မဖြစ်နိုင်သလို ကုန်လွန်အောင် လုပ်ဖို့ကျ သိပ်ကိုလွယ်ကူလွန်းလှပါတယ်။ အချိန်ဆိုတာ အသက် တမျှ အရေးကြီးပြီး လူ့အသက်သေဆုံးသွားရင် ပြန်မရနိုင်တော့သလို အချိန်တွေ ကုန်ဆုံးသွားရင်လည်း ပြန်လည်ရယူဖို့   မည်သို့မျှမဖြစ်နိုင် တော့ပေ။


 ကောင်းစွာမြှင့်တင် တည်ဆောက်နိုင်


ငယ်စဉ်အရွယ်ကစပြီး     လူမှုနီတိတွေ၊    အခြေခံစာပေတွေကို လေ့လာသင်ယူခဲ့ကြရတဲ့ ရင်သွေးရတနာတွေဟာ နိုင်ငံရဲ့အနာဂတ် ကို      ပခုံးပြောင်းထမ်းဆောင်ဖို့   တက္ကသိုလ်နယ်ပယ်အသီးသီးမှာ ဆိုင်ရာပညာရပ်တွေကို လေ့လာသင်ယူနေခြင်းဟာလည်း အချိန်ကို အကျိုးရှိရှိ သုံးစွဲနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် တက္ကသိုလ်တွေ ပိတ်ထားရချိန်မှာ ဘဝအတွက် အကျိုးရှိမယ့် စာအုပ် စာပေကောင်းတွေကို ဖတ်ရှုလေ့လာသင့်သလို ဘာသာစကားတွေ၊ ကွန်ပျူတာပညာရပ်တွေကို ကျွမ်းကျင်အောင် သင်ယူလေ့လာနေကြ ဖို့လည်း လိုပါတယ်။ ဒါမှသာ ကျောင်းပိတ်ထားတဲ့အချိန်တွေကို အချည်းအနှီးမဖြစ်စေဘဲ      မိမိကိုယ်ကိုယ်    ကောင်းစွာမြှင့်တင် တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။


ပျော်စရာကောင်းပြီး   ပညာနို့ရည်စို့ရချိန်  ကျောင်းတက်တဲ့ ကာလတွေဟာ  အပူအပင်ကင်းတဲ့  လူငယ်ဘဝတွေပါပဲ။ လူငယ် ဘဝကို   အထိန်းအကွပ်မဲ့     ဖြုန်းတီးခဲ့သူတချို့တွေကတော့    ပညာ လည်းမစုံ၊ အရွယ်မတိုင်ခင် ဘဝကြမ်းကြမ်း ခရီးလမ်းကို ပင်ပန်းကြီးစွာ ခက်ခက်ခဲခဲ  လျှောက်လှမ်းနေကြရတာကလည်း ဘယ်သူမပြု မိမိ မှုပါပဲ။ မိမိပြုခဲ့တဲ့  ကောင်းမှု၊   မကောင်းမှုတွေကြောင့်ပဲ ကောင်းကျိုး၊ ဆိုးကျိုးကို ခံစားကြရတာ မဟုတ်ပေလော။


ပညာရပ်တွေကို ဆုံးခန်းတိုင်  သင်ယူတတ်မြောက်ခဲ့တဲ့ ကျောင်း သား  ကျောင်းသူတွေကို   သက်ဆိုင်ရာ  တက္ကသိုလ်တွေက အခမ်း အနားနဲ့ ဘာသာရပ်အလိုက် ဘွဲ့လက်မှတ်တွေ  ဂုဏ်ယူဝမ်းမြောက် စွာ ချီးမြှင့်အပ်နှင်းပြီးချိန်  ကျောင်းသား  ကျောင်းသူတွေကလည်း ဘဝသစ်တစ်ခု စတင်လျှောက်လှမ်းဖို့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ကြရ ပြန်တယ်။ လုပ်ငန်းခွင်ဆိုတာကလည်း ပင်လယ်ပြင်လို ကျယ်ပြော လှပြီး  တတ်မြောက်ထားတဲ့  ပညာရပ်နဲ့ အံဝင်ခွင်ကျ ဖြစ်တာရှိသလို ထပ်မံလေ့လာသင်ယူကြရတဲ့ လုပ်ငန်းခွင်တွေကလည်း ရှိစမြဲမဟုတ် လား။  ဝင်ငွေရှိပြီး  တည်မြဲတဲ့အလုပ်တစ်ခုရှိနေမှ  ဘဝဆိုတာ ရပ်တည်နိုင်တယ်၊ သိက္ခာရှိရှိ ရှင်သန်နိုင်တယ်၊ အလုပ် (ဝင်ငွေ)ရှိမှ ဘဝတည်မြဲရှင်သန်နိုင်တယ်။ ဒါဟာ လောကနိယာမတရားပါပဲ။


စစ်တမ်းကောက် ကြည့်လိုက်ရင်


ဂုဏ်သိက္ခာရှိပြီး  သင့်တင့်လျောက်ပတ်တဲ့  လစာကို  ရယူကာ နိုင်ငံ့တာဝန်ကို ကျရာကဏ္ဍအသီးသီးမှ ထမ်းဆောင်ဖို့ ရွေးချယ် လျှောက်လှမ်းခဲ့တဲ့  နိုင်ငံ့ဝန်ထမ်းတွေဟာ နိုင်ငံချစ်စိတ်၊ နိုင်ငံ့တာဝန် ထမ်းရွက်ချင်စိတ်ရှိသူတွေ    ဖြစ်တယ်ဆိုတာ   ငြင်းမရပါဘူး။ လစာ ရရှိရေးအတွက်၊   အလုပ်တစ်နေရာ  ရရှိရေးအတွက်  အကြောင်း အမျိုးမျိုးနဲ့  နိုင်ငံ့ဝန်ထမ်း  ဖြစ်လာသူတွေလည်း  ခြွင်းချက်အရ ရှိနေနိုင်ပါတယ်။  ဘယ်လိုအကြောင်းနဲ့ပဲ   နိုင်ငံ့ဝန်ထမ်းဖြစ်လာ ကြပါစေ နိုင်ငံ့ဝန်ထမ်းဥပဒေကို   လေးစားလိုက်နာရတာ    အတူတူပါပဲ။ လက်ရှိကာလမှာ မြင်နေ၊ ကြားနေရတဲ့ ‘အလုပ်မတက်နဲ့ ရုန်းထွက်’ ဆိုတဲ့ Civil Disobedience Movement (CDM) မှာ ပါဝင်ဖို့ လှုံ့ဆော် သွေးထိုးနေသူတွေကို         စစ်တမ်းကောက်ကြည့်လိုက်ရင်       ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် အလုပ်နားထားရသူတွေ၊ အလုပ်လက်မဲ့ ဖြစ်သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအဖြစ်မှ အလုပ်ပြုတ် သွားသူတွေ၊ အလုပ်ဖြုတ်ခံရသူတွေ၊ ထောက်ပံ့ကြေးတွေနဲ့ စားသောက် နေသူတွေက အများစုပါပဲ။


ဒီလို ဒီလို လူတွေရဲ့ သွေးထိုးလှုံ့ဆော်တဲ့ စကားတွေကို နားယောင် ပြီး CDM ကို မလွှဲမရှောင်သာ နားယောင်ကာ အချိန်အတိုင်းအတာတစ်ခု ပါဝင်ပြီးကြတဲ့   နိုင်ငံ့ဝန်ထမ်းတချို့ဟာ  ကိုယ့်ရဲ့  နိုင်ငံ့တာဝန်၊  ဌာန တာဝန်တွေကို ပြန်လည်ထမ်းရွက်ဖို့ အချိန်တန်နေပြီပဲ ဖြစ်ပါတယ်။ CDM ကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ(၁/၂၀၂၁) အစည်းအဝေးမှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အတိုင်းအတာတစ်ခုအထိ သည်းခံဆောင်ရွက် ပေးခဲ့ပြီး ယခုအခါ ဆက်လက်၍ စည်းကမ်းဖောက်ဖျက်သည့် နိုင်ငံ့ ဝန်ထမ်းများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  နိုင်ငံတော်အပေါ် သစ္စာ စောင့်သိမှုရှိရန်နှင့် တာဝန်ထမ်းဆောင်လိုစိတ်ရှိပြီး     ယုံကြည်ချက်၊   ခံယူချက်များ ကောင်းမွန်ရန်လိုကြောင်း”  မှာကြားခဲ့တာကို  သတင်းတွေ မှာ နားထောင်၊ ဖတ်ရှုလိုက်ရပါတယ်။


စဉ်းစားချင့်ချိန်ကြဖို့လို


ဒီကနေ့ထိ CDM ဆိုတဲ့ အတွေးမှား၊ လုပ်ရပ်မှား၊ လမ်းစဉ်မှား တွေမှာ   ပါဝင်နေကြတဲ့   နိုင်ငံ့ဝန်ထမ်းတွေဟာ  အမှားတွေကနေ ရုန်းထွက်ပြီး အမှားပြင်ကာ အမှန်မြင်နိုင်ဖို့ ဘဝမှာ ဒုတိယအကြိမ် အခွင့်အရေးက ရှိနေပါသေးတယ်။ အဲဒါကတော့ ‘မနက်ဖြန်’ ကစပြီး ‘အပြုံးမပျက် ရုံးတက်’ ကြဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဟာ ပညာတတ် လူတော်လူကောင်းတွေဖြစ်တာကြောင့် ‘ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက မကောင်းဘူး၊ ဘယ်ဟာ အရေးကြီးတယ်၊ ဘယ်ဟာက လုပ်သင့်လုပ်ထိုက်တယ်’ ဆိုတာကို  အသိဉာဏ်နဲ့ ယှဉ်ပြီး အချိန်မလွန်ခင်၊ အမှားမများခင်မှာ ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ ဘဝမှာ အရေးကြီးဆုံးတွေကို  စဉ်လိုက်ရင်    မိသားစု၊   အလုပ်၊  ပညာရေး၊ မိတ်ဆွေ၊ လူမှုရေး၊  ဘာသာရေး၊  အပန်းဖြေမှု၊  ကျန်းမာရေး စတာတွေပဲ ဖြစ်လိမ့်မယ်။ အလုပ်(ဝင်ငွေ) မရှိတော့တာနဲ့ မိသားစု၊ ပညာရေး၊ မိတ်ဆွေ၊ လူမှုရေး၊ ဘာသာရေး၊ အပန်းဖြေမှု၊ ကျန်းမာရေး စတာတွေ အားလုံးကို ဆုံးရှုံးသွားရမှာ ဖြစ်ပါတယ်။ ဒါတွေကို CDM မှာ ပါဝင်ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေက အလေးအနက် ထားပြီး   ရေရှည် အတွက်၊    ကိုယ့်ဘဝအတွက်၊   နိုင်ငံအတွက် အထူးအလေးအနက် ထား စဉ်းစားချင့်ချိန်ကြဖို့ လိုပါတယ်။


လေ့လာမိသမျှ 


CDM မှာ  ပါဝင်နေကြတဲ့  နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့  တာဝန်တွေ ကို စွန့်ခွာပြီး  အချိန်ကို  ဖြုန်းနေကြမယ်ဆိုရင် ‘အချိန်ရဲ့ တန်ဖိုး’ကို တွက်ချက်ကြည့်နိုင်ဖို့ စာရေးဆရာ ကျော်ဝင်း ရေးသားထားတာထဲက လေ့လာမိသမျှ ဖော်ပြလိုပါတယ်။ 


“တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ၊ တစ်လရဲ့   တန်ဖိုးကို    သိချင်ရင်   လမစေ့ဘဲ    ကလေး မွေးတဲ့ မိခင်ကို  မေးကြည့်ပါ၊ တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင် အပတ် စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ၊ တစ်နေ့ရဲ့ တန်ဖိုးကို သိချင်ရင် ကလေးခြောက်ယောက်ကို   ကျွေးမွေးရတဲ့    နေ့စားအလုပ် သမား တစ်ယောက်ကို မေးကြည့်ပါ၊ တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင် ဆုံစည်းခွင့်ကို  စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ၊ တစ်မိနစ် ရဲ့ တန်ဖိုးကို  သိချင်ရင် ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ၊ တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့  ဒရိုင်ဘာကို မေးကြည့်ပါ၊   တစ်မီလီစက္ကန့်ရဲ့   တန်ဖိုးကို  သိချင်ရင်  အိုလံပစ်    ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ” ဆိုတာပါပဲ။


ဤသို့ဆိုလျှင် CDM မှာ ပါဝင်နေရင်း အချိန်တွေဟာ နေ့ရက် နဲ့အမျှ အရေးကြီးနေပြီဆိုတာကို  CDM ပြုလုပ်နေကြတဲ့ နိုင်ငံ့ ဝန်ထမ်းတိုင်းရဲ့ မသိစိတ်မှာ ရှိနေကြမှာ အမှန်ပါပဲ။ ‘ရုံးပြန်တက်ရ မလား’၊ ‘အလုပ်ပြုတ်မှာလား’၊ ‘အလုပ်ထွက်ရမလား’ စတာတွေနဲ့ ပူပင်သောက ‘ဗျာပါဒ’ မီးတွေ လောင်ကျွမ်းနေမယ့်အစား အချိန်ဆွဲ မနေတော့ဘဲ CDM ဝန်ထမ်းတွေအားလုံး ‘အချိန်တန်ပါပြီ’၊ ‘ရုံးပြန် တက်ကြပါ’၊ ‘အလုပ်မထွက်ပါနဲ့’ ဆိုတဲ့ စေတနာစကားတွေကို သတင်းစကားပါးပြီး  တစ်နေ့တာအချိန်တွေကို ဖြုန်းမိနေသလား၊ အကျိုးရှိရှိ သုံးဖြစ်နေသလားဆိုတာ မိမိကိုယ်မိမိ ဆန်းစစ်သတိထား မိကြစေရေး အပြုသဘော ရေးသားလိုက်ရပါတယ်။    ။