
သပြေစိုး
မြန်မာလူမျိုးများသည် ဆန်စပါး၊ ပဲနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးကို အဓိကထား စားသုံးသည့်လူမျိုးများဖြစ်သည့်အပြင် မြန်မာ့ရေမြေ ရာသီဥတုသည် ဆန်စပါး အထူးစိုက်ပျိုးဖြစ်ထွန်းသည့် ရာသီဥတုဖြစ်ရာ လယ်ယာကဏ္ဍသည် မြန်မာ့စီးပွားရေးအတွက် အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးရေးကို ရှေးမြန်မာဘုရင်များ လက်ထက်မှသည် ယနေ့ခေတ်အထိ ဦးစားပေး ဆောင်ရွက်ခဲ့သည်။
တာဝန်ကျေခဲ့သူများ
တောင်သူလယ်သမားများသည် မြန်မာနိုင်ငံ၏ ဝမ်းစာကဏ္ဍတွင်သာ ကျေးဇူးပြုနိုင်သည် မဟုတ် ပေ။ မြန်မာ့သမိုင်း၌ လွတ်လပ်ရေးကြိုးပမ်းမှုတွင် လည်း သမိုင်းတစ်လျှောက် အရေးပါသောအခန်း ကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ မြန်မာ့လယ်ယာမြေ၊ မြန်မာ့ရေကို ချစ်မြတ်နိုးစိတ်ဖြင့် ကာကွယ် စောင့်ရှောက်ခဲ့သူများဖြစ်သည်။ မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရစဉ်ကာလ ၁၉၃၀ ပြည့်နှစ်က သာယာ၀တီခရိုင်မှ စတင် ခဲ့သော ဆရာစံခေါင်းဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံသည် နယ်ချဲ့တို့ကို တုန်လှုပ်ချောက်ချားစေရုံသာမက မြန်မာ့ လွတ်လပ်ရေးအတွက် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု မျိုးချစ်စိတ်ကို နှိုးဆွစေခဲ့ ပါသည်။ ထို့ကြောင့် တောင်သူလယ်သမားများသည် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာကဏ္ဍတွင် သာမက နယ်ချဲ့တို့၏ အန္တရာယ်ကို ကာကွယ်ရာတွင်လည်း အမိမြေအတွက် တစ်ဖက်တစ်လမ်းမှ တာဝန်ကျေ ခဲ့သူများဖြစ်သည်။
တောင်သူလယ်သမားဦးကြီးတို့၏ ကျေးဇူး တရားကို အလေးအမြတ်ပြုသောအားဖြင့် မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့တွင် တောင်သူလယ်သမားနေ့ကို စတင်ကျင်းပခဲ့သည်။ ထို့နောက် ၁၉၆၅ ခုနှစ်တွင် မတ်လ ၂ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ကာ နှစ်စဉ် ကျင်းပခဲ့သည်။ ခေတ်အဆက်ဆက်တွင် လည်း နိုင်ငံတော်အစိုးရက တောင်သူလယ်သမား တို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် ခဲ့သည်။
တိုင်းပြည်အတွက် တာဝန်ကျေခဲ့သူ တိုင်းပြည်စားနပ်ရိက္ခာကဏ္ဍ၏ ကျေးဇူးရှင်များ ဖြစ်သည့် တောင်သူလယ်သမားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လူမှု အခွင့်အရေးများ ရရှိစေရန်အတွက် ခေတ်အဆက် ဆက် အစိုးရများက ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြ သည်။ မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မြန်မာပြည်သူတို့ အတွက် အဓိကကျသော ဆန်စပါးကို စိုက်ပျိုး ထုတ်လုပ်ပေးနေသော ကျေးဇူးရှင်တောင်သူ လယ်သမားကြီးများသည် ကျေးလက်ဒေသများ တွင် နေထိုင်လျက်ရှိပါသည်။
သို့ဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ သန့်ရှင်း သော သောက်သုံးရေရရှိရေးဟူသော လုပ်ငန်း နယ်ပယ်ကြီး (၆) ရပ်တွင် နိုင်ငံတော်က ကျေးလက် ဒေသ သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဟာ ဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လမ်းများနှင့် တံတားများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကျေးလက်ဒေသ အိမ်ရာတည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် ကျေးလက်ဒေသနေပြည်သူ များ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည် ရန်ပုံငွေ ထူထောင်ပေးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုမျှ သာမက ကျေးလက်နေပြည်သူများ၏ လုပ်ငန်း စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချခြင်းနှင့် ဒေသထုတ်ကုန်များ ဈေးကွက်ရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန်၊ ကျေးလက် ပြည်သူများကိုယ်တိုင် ပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်းများ နှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ ကျေးလက်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
စိုက်ပျိုးရေးနည်းပညာများလေ့လာနိုင်
အလားတူပင် ခေတ်မီစိုက်ပျိုးနည်းပညာများ၊ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားကြီးများ အချိန်နှင့်တစ်ပြေးညီ သိရှိအသုံးချနိုင်ရေးအပါအဝင် လယ်ယာကဏ္ဍဆိုင်ရာ သတင်းများ၊ ပညာပေးနှင့် ဖျော်ဖြေရေးအစီအစဉ်များ စသည့် ကဏ္ဍစုံပါဝင်သော “တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း (Farmer Channel)”အစီအစဉ်နှင့် တောင်သူလယ်သမားများ ဗဟုသုတရရှိရေးအတွက် ဂျာနယ်များ၊ ပညာပေးစာစောင်များ၊ လယ်ယာစီးပွား သတင်းများ ထုတ်ပြန်ပေးနေသည့်အပြင် စိုက်ပျိုး နည်းပညာများ လွယ်လင့်တကူရရှိနိုင်ရန် မိုဘိုင်းဖုန်း များမှ Mobile Application ဖြင့် မိုးလေဝသသတင်း များ၊ လယ်ယာကဏ္ဍနှင့် ဈေးကွက်ဆိုင်ရာ အချက် အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ထုတ်ပြန်ဝန်ဆောင်မှုပေးနေသဖြင့် တောင်သူ လယ်သမားများ အချိန်နှင့်တစ်ပြေးညီ လေ့လာ သိရှိနိုင်နေပြီ ဖြစ်ပါသည်။
ထို့အပြင် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသော ဦးတည်ချက် (၉) ရပ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် အချက်ကိုပါ ထည့်သွင်းချမှတ် ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့အချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလဖြစ်သည့်အတွက် နိုင်ငံတကာ စားနပ်ရိက္ခာဈေးကွက်တွင်လည်း ဈေးကွက် လိုအပ်မှုများ မြင့်တက်လျက်ရှိသည်။ မြန်မာ နိုင်ငံသည်လည်း ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင် ကျင့်သုံး လျက်ရှိသည့်အပြင် အာဆီယံ ဒေသတွင်း ကုန်စည် စီးဆင်းမှုများလည်း လျင်မြန် လာသည့်အလျောက် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်စပါးအပါအဝင် အခြားသော သီးနှံအမယ်စုံများ ပြည်ပဈေးကွက်သို့ စနစ်တကျ ထိုးဖောက်နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိသည်။ ဆန် စပါးတင်ပို့ရောင်းချမှုများတွင် အိမ်နီးချင်းနိုင်ငံများ သို့ သာမက ဥရောပနှင့် အာဖရိကနိုင်ငံများသို့ပါ ဈေးကွက် ချဲ့ထွင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံ များနှင့် ယှဉ်ပြိုင်ရင်ပေါင်တန်းနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်
မြန်မာနိုင်ငံသည် နှစ်စဉ် တိုးတက်လျက်ရှိသည့် လူဦးရေအတွက် နိုင်ငံ၏စားနပ်ရိက္ခာလုံခြုံ စိတ်ချမှုရှိစေရေးသာမက နိုင်ငံတကာဈေးကွက် လိုအပ်ချက်နှင့်အညီ နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် တောင်သူလယ်သမားကြီးများသည် လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ဈေးကွက်စီးပွားရေးနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေမည့် ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် လယ်သမားနိုးကြား လျှင် တိုင်းပြည်လည်း အကျိုးများမည်ဖြစ်ပေရာ ယနေ့ဖြစ်ထွန်းတည်ရှိနေသည့် စိုက်ပျိုးရေး အခြေခံကောင်းများနှင့်အတူ စိုက်ပျိုးထုတ်လုပ် မှုစွမ်းအား မြင့်မားရေးအတွက် ဘက်စုံကဏ္ဍစုံက ကြိုးပမ်းစွမ်းဆောင်ကြရာတွင် တောင်သူ လယ်သမားထုတစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါ သည်။ သို့မှသာ တောင်သူလယ်သမားကြီးတို့၏စွမ်းအားဖြင့် နိုင်ငံတော်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးကို တိုးတက်စေနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments