Type

ဆူးငှက်
နန်းရှေ့ သရက်ကုန်းရပ်ကွက်ရှိ လယ်တောအိမ်လေးကနေ မနက်ပိုင်း လမ်းလျှောက်ထွက်ဖြစ်တာက အရှေ့ဘက် မြို့ပတ်လမ်းဆီဖြစ်သည်။ အခုတော့ ထိုနေရာက တိုင်း စည်ပင်သာယာရုံး အဆောက်အဦတွေနှင့် ဆောက်လက်စ အဆင့်မြင့်လုံးချင်းအိမ်ရာတွေ ဖြစ်ကုန်သည်။ လမ်းပေါ် မှာက ဆိုင်ကယ်တွေ၊ အိမ်စီးကားတွေ၊ ကုန်တင်ယာဉ်ကြီး တွေ ဥဒဟိုဖြတ်သန်းနေကြ၏။ ကျွန်တော်က သရက်ကုန်း ဘုန်းကြီးကျောင်းရှေ့ ဇရပ်သစ်လေးပေါ် တအောင့်နား ရင်း ကုန်လွန်ခဲ့သော နှစ် ၃ဝ ကျော်ဝန်းကျင်က သည် နေရာလေးရှိ သစ်သားဇရပ်ဟောင်းလေးဆီ တခုတ်တရ လာဖြစ်ခဲ့တာတွေ တရေးရေး သတိရမိတော့သည်။
နာမည်ကျော် အောင်ပင်လယ်ကွေ့
အဲသည်တုန်းက ဈေးချို အနောက်ဘက်ရီဒေါင်းရိုးရပ်ရှိ အိမ်က စောစောထွက်၊ ထုံးဘူးတန်းက ကိုချစ် လက်ဖက် ရည်ဆိုင်မှာ ပဲနံပြားနှင့် ကော်ဖီတစ်ခွက်သောက်ပြီး အေလမ်းအတိုင်း အရှေ့သို့တက်သည်။ အရှေ့တက်သည် ဆိုရာ၌ မေမြို့ (ပြင်ဦးလွင်)လမ်းအထိ ရောက်အောင်တက် ရခြင်းဖြစ်၏။ နာမည်ကျော် အောင်ပင်လယ်ကွေ့အထိ ပေါ့။ ထိုစဉ်က အောင်ပင်လယ်ကွေ့မှာနာမည်ကြီးသည်။
ထိုအောင်ပင်လယ်ကွေ့ရောက်တော့ မြောက်သို့ ချိုးလိုက်သည်။ အသွားအလာနည်းသော ကတ္တရာလမ်း ပေါ်မှာ တချို့နေရာများ၌ အခုလိုရာသီမျိုးတွင် စပါးတွေ လှန်းချင်လှန်းထားသည်။ ကောက်လှိုင်းတွေပုံချင်ပုံထားသည်။ နွားတွေနှင့် တလင်းနယ်ချင်နယ်နေတတ်သည်။ ထိုကန်ပေါင်ရိုးလမ်းအတိုင်း မြောက်သို့ စက်ဘီးနင်းသွား တော့ တောင်လေက အသံပေးတိုက်ကာ စက်ဘီးရော လူ ရော တွန်းပို့နေသည်။ လမ်းက လယ်ကွင်းပင်လယ်ကြီးထဲဖြတ်ထားသလို။ လယ်ကွင်းပင်လယ်ကြီးကိုကျော်ပြီး အရှေ့ဆီမှာ ရန်ကင်းတောင်နှင့် ရှမ်းရိုးမက ကာဆီးထား ၏။ အနောက်ဘက် လယ်ကွင်းမြစ်ပြင်ကို ကျော်ကြည့် လိုက်တော့ ရွှေရောင်တဝင်းဝင်းနှင့် ဝါခင်းကုန်းစေတီကို ဖူးမြင်ရ၏။ လမ်းအနောက်ဘက်မှာ တစ်ခါတစ်ရံ တဲအိမ်စု ကလေးတွေတွေ့နေတတ်သည်။ ကန်ကောက်တဲ့ ....။ သရက်ကုန်းတဲ့ ....။ သရက်ကုန်းမရောက်ခင်မှာ သရက်ပင်တွေနှင့် ညို့နေသော ဘုန်းကြီးကျောင်းဝင်းတစ်ဝင်းရှိသည်။ သစ်ပင်တွေအုံ့ဆိုင်းကာ သာယာလှ၏။ ကန်ပေါင်က ကျောင်းဝင်းဝင်ပေါက်မှာ သွပ်မိုးနှင့်သစ်သား ဇရပ်အဆောင်ကလေးတစ်ခုရှိသည်။ တစ်ဖက်တစ် ချက်မှာ သစ်သားခုံတန်းရှည်လေးနှင့် .....။
ဇရပ်အဆောင်လေးမှာထိုင်ရင်း
ထိုခုံတန်းလေးမှာ နားခိုရင်း ...အရှေ့ရန်ကင်းတောင်ဆီ လှမ်းမျှော်ကြည့်မိသည်။ ကျောင်းဝင်းအတွင်း စေတီဆီမှ ဆည်းလည်းသံလေးတွေ လွင့်လာ၏။ ရန်ကင်းတောင် ခြေမှာ သစ်ပင်အုပ်အုပ်နှင့် ရွာစုလေးတွေမြင်နေရသည်။ လယ်ကွင်းတွေကြားမှာ ဖြောင့်တန်းနေသော မြောင်း တချို့ကို တွေ့သည်။ မြောင်းပေါင်အတိုင်း လိုက်သွားလျှင် ထိုရွာကလေးတွေဆီ ရောက်မည်။ သွားချင်စမ်းပါဘိ ....။
သရက်ကုန်းဘုန်းကြီးကျောင်းထိပ် ဇရပ်အဆောင် လေးမှာထိုင်ရင်း မျက်စိတဆုံးမြင်တွေ့နေရသော ရွာ ကလေးတွေဆီ တစ်နေ့တော့ နှံ့နှံ့စပ်စပ်ရောက်ဖြစ်သွားတော့သည်။ ကျွန်တော့ စက်ဘီးကလေးနှင့် ချွေးဒီးဒီးကျမျှ နင်းသွားရတာမဟုတ်...။ ကျွန်တော့် အိပ်ခန်းလေးထဲ သက်သက်သာသာ လှဲလျောင်းရင်း ရောက်ရှိ လည်ပတ် ရင်းနှီးကျွမ်းဝင်ရခြင်းဖြစ်သည်။ ခေါင်းရင်းမာလကာပင် ပေါ် စာကလေးတွေ အစာလုငြင်းခုန်ရန်ဖြစ်သံများကိုပင် မေ့လျော့သွား၏။ ဇီးချိုကုန်း၊ ပုသိမ်ကြီး၊ မဲကင်းကုန်း၊ ညောင်ပင်သာ၊ သစ်ချိုကုန်းစသော ရွာများဆီတစ်ရွာဝင် တစ်ရွာထွက် ...။ လည်ရင်းပတ်ရင်း ....၊ ပြောရင်းဆို ရင်း ....။ သို့သော် အခုတော့မဟုတ် ...။ အချိန်က နောက် သို့ နှစ်ပေါင်းများစွာ နောက်ပြန်ဆွဲခေါ်သွားတော့သည်။
မဟာမိတ် လေယာဉ်ပျံများ
ဇီးချိုကုန်း၊ ပုသိမ်ကြီး၊ မဲကင်းကုန်း၊ ညောင်ပင်သာ၊ သစ်ချိုကုန်းအစရှိသော ရွာများမှ ရွာသူ ရွာသားများနှင့် စစ်ပြေးဒုက္ခသည်များသည် ရွာတွင်း၌မနေဝံ့တော့၍ ရွာနှင့်ကင်းလွတ်ရာ အရှေ့စူးစူးရှိ ကွင်းပြင်ကြီးများဆီသို့ ထွက်လာကြရလေသည်။
ရွာများတွင် ဂျပန်တွေ ခိုအောင်းနေမည်အထင်နှင့် ဗုံးကြဲချမည်ကို စိုးရိမ်ရလေသည်။ မော်တာနှင့်လည်း ထပ်မံ၍ ထုဦးမည်ကို စိုးရိမ်နေရ၏။ ကွင်းပြင်သည် ပိုမို၍ ဘေးကင်းသည်ဟုအထင်နှင့် ရွာမှ ထွက်လာကြခြင်း ဖြစ်လေသည်။
ကွင်းပြင်ကျယ်တွင် ဟိုတစ်စု သည်တစ်စု ပေါက် ရောက်လျက်ရှိသော သစ်ပင်အုပ်ကြီးများအောက်တွင် နေရာယူကြရလေသည်။ အားလပ်သည့်နေ့များတွင် ပျော်ပွဲစားထွက်သကဲ့သို့ တရုန်းရုန်းဖြစ်နေကြလေသည်။ သို့သော် ပျော်ပွဲစားထွက်သည့် မျက်နှာများကဲ့သို့ ရွှင်ပျ လှသည်မဟုတ်ဘဲ ကြောက်ရွံ့ အားငယ်၍သာနေလေသည်။
မဟာမိတ် လေယာဉ်ပျံများသည် ယင်း သစ်ပင်အုပ်ကြီး များပေါ်သို့ ကြိမ်ဖန်များစွာ ဥဒဟို ဖြတ်သန်းလျက် ရှိလေ သည်။ သစ်ပင်ထိပ်ဖျားလွတ်ရုံမျှ ပျံသန်းသွားသောအခါ များလည်း ရှိလေသည်။
ရံဖန်ရံခါ လေယာဉ်ပျံတစ်စင်း၊ နှစ်စင်းသည် ခပ်နိမ့်နိမ့် ထိုးဆင်းလာပြီး သစ်ပင်အုပ်ကြီးများပေါ်တွင် သုံးလေး ပတ်မျှ ပတ်၍ ပတ်၍ ဝဲနေတတ်လေသည်။
ယင်းသည့်အခါများတွင် ဦးသိန်းထိုက်က 'မိန်းမတွေဆံပင်ဖားလျားချထားကြဟေ့၊ ကလေးတွေချီပြီး ကွင်းထဲ ထွက်ပြကြကွာ' ဟု အော်ဟစ်ပြောကြားတတ်လေသည်။
မိန်းမအချို့သည် ဦးသိန်းထိုက်ပြောကြားသည့်အတိုင်း ရဲတင်းစွာပင် ဆံပင်ဖားလျားချကာ ကလေးတွေကို ပွေ့ချီ ပြီး ကွင်းပြင်ထီးထီးဆီသို့ ထွက်လာကြသည်။
လေယာဉ်ပျံများသည် မိန်းမတွေနှင့် ကလေးတွေကို တွေ့မြင်ရသောကြောင့်လော မပြောတတ်၊ လုံးဝပင် ရန်မူခြင်းမပြုဘဲ ကောင်းကင်ဆီသို့ ထိုးတက်ကာ ပျံသန်း သွားကြလေသည်။
သက်ဝေမေကျော့
တကယ်တော့ ကျွန်တော်သည် ဒေါက်တာထွန်းရွှေရေး သားသော 'သက်ဝေမေကျော့' ဝတ္ထုအုပ်တွဲကို နှစ်နှစ် သက်သက်ဖတ်ဖြစ်နေခြင်းဖြစ်၏။ ထိုဝတ္ထုထဲက ရွာ ကလေးတွေက ကျွန်တော်သွားချင် ရောက်ဖူးချင်သော ရွာကလေးတွေ ....။ ထိုဝတ္ထုထဲက လူတွေကလည်း ကျွန်တော်သိချင်ကျွမ်းချင်တွေ့ဖူးချင်သောသူတွေဖြစ်နေ၏။ ဝတ္ထုထဲက ဒေါက်တာသက်ဝေနှင့် မေကျော့တို့ စက်ဘီးလေးတွေ ကိုယ်စီနှင့်သွားနေသောနေရာတိုင်းက ကျွန်တော်သွားဖူးလာဖူးရောက်ဖူးသလိုဖြစ်နေသည်။ ဟုတ်မှာပေါ့ ....။ မန္တလေးဝန်းကျင်မှာ ဒီမြင်ကွင်းချည်း ပဲပေါ့။ ထို့ထက်ပိုမိုရင်းနှီးတာက ဝတ္ထုထဲက ဒေါက်တာ သက်ဝေဖြစ်သည်။ ဒေါက်တာသက်ဝေကို ကျွန်တော် ရင်းရင်းနှီးနှီးသိသည်။ အကြိမ်အတော်များများလည်း တွေ့ဖူးသည်။ ဝတ္ထုထဲက ဒေါက်တာသက်ဝေက ဂျပန် ခေတ်ကာလအတွင်း တစ်ရွာဝင်တစ်ရွာထွက် ဆင်းရဲ ပင်ပန်းခံကာ ဆေးကုနေသည်။ ကျွန်တော်သိသော ဒေါက်တာသက်ဝေက စစ်အတွင်းမှာမဟုတ် ...။ ရန်ကင်း တောင်ခြေက ရွာကလေးတွေမှာမဟုတ် ....။ မန္တလေး မြို့လယ်ခေါင်မှာ မှန်လုံကားလေးနှင့်ဖြစ်သည်။
ကျွန်တော်သိသော ဒေါက်တာသက်ဝေက အသား ဖြူသည်။ အရပ်မြင့်၍ ခံ့ထည်သည်။ အနေတော်ဆံပင်ကို ပိနေအောင်ဖြီးထားသည်။ မဟာနဖူးပေါ်ဝဲနေသော ဆံနွယ်တချို့က တွန့်ရရွန့် ...။ နက်မှောင်သော မျက်ခုံး မွေးက ရွှေကိုင်းမျက်မှန်နှင့် လိုက်ဖက်သည်။ နှာတံက သိသာအောင်ပေါ်လွင်၏။ မျက်နှာကျသွယ်သွယ်။ မျက်နှာ ကျနှင့် လိုက်လျောစွာ တိရိပြတ်သားသော နှုတ်ခမ်းများ ရှိသည်။ အသားက အဖြူဘက်လုရုံမက ဝင်းသည်။ ဒိုဘီကျအင်္ကျီ ... များက ဟာဝေယံပုံစံချည်းဖြစ်၏။ အသွေးနုဘောင်းဘီရှည်ကို အမြဲဝတ်သည်။ ခြေမှာ ပေးတင့် ရှူး ....။
မြန်မာ့ဂုဏ်ရည် ဆေးကုဌာန
ဆေးထိုးအပ်ကိုကိုင်၊ အပေါ်မြှောက်ပြီး လေကို ထုတ်လိုက်သည့်ဟန် ...၊ လည်မှာချိတ်ထားသည့် နားကြပ်ကို နားမှာတပ်ပြီး လူမမာကို စမ်းသပ်သည့် ဟန်များက စမတ်ကျလှ၏။ သူ့ဆေးခန်းက ၂၆ ဘီ အာဇာနည်လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ မြောက် ဘက်တန်းက ဖြစ်သည်။ မြန်မာ့ဂုဏ်ရည် ဆေးကုဌာန တဲ့။ ဟုတ်သည်... သက်ဝေမေကျော့ထဲက ဒေါက်တာ သက်ဝေဆိုတာ ... စာရေးသူ ဒေါက်တာထွန်းရွှေပါပဲ လေ။ ကျွန်တော်က ဒေါက်တာထွန်းရွှေနှင့် ပြတ်လှသည် မဟုတ် ...။ ချွတ်ခနဲဆို ချူချာလှသော ကျွန်တော့်မှာ မြင်း လှည်းတစ်စီးနှင့် ဒေါက်တာထွန်းရွှေ၏ မြန်မာ့ဂုဏ်ရည် ဆေးတိုက်သို့ချည်းသွားရသည်။ ဆရာဝန်ကိုယ်တိုင် မှတ်မိနေ၏။ ထိုစဉ်က သောက်ဆေးများမှာ အခုလို ဆေးထောင့်ဆေးပြားတွေမဟုတ် ။ ဆရာဝန်ကိုယ်တိုင် ဘယဆေးမှုန့် ဆေးရည်တွေနှင့် စပ်ကာပေးသည်။ ဆေး ကြောသန့်ရှင်းထားသော ဖန်ပုလင်းထဲ ဆေးရည်တွေ ထည့်ပေးသည်။ ပုလင်းပေါ်မှာ ဆနွင်းမကင်းပုံ စက္ကူ အမှတ်အသား အတန်းလေး ကပ်ထားပေး၏။ ဆေးတစ်ခါ သောက်လျှင် ဆနွင်းမကင်းပုံအမှတ်လေးတစ်မှတ်စာ ငှဲ့၍ သောက်ရသည်။ သောက်ဆေးက အရောင်လေးက
လှသည့်အပြင် အရသာက ချိုမြရှိန်းရှိန်း ....။ တစွတ်စွတ် သောက်ချင်စရာကောင်းလှတော့ ....။
ပွင့်မရတဲ့ မာလာငုံ
သဘောကောင်းသော၊ ဖော်ရွေသော၊ ဆေးကုကောင်း သော ဆရာဝန် ဒေါက်တာထွန်းရွှေကို စာရေးကောင်းသော စာရေးဆရာတစ်ဦးအဖြစ်ကို ကျွန်တော် ကိုးတန်း ကျောင်းသား (၁၉၇၃) ကျမှသိသည်။ ဆရာ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ရှာဖတ်ဖြစ်၏။ 'သက်ဝေမေကျော့' ကိုတော့ အနှစ်သက်ဆုံးဖြစ်သည်။ ဂျပန်ခေတ် မန္တလေး ဝန်းကျင်ပုံရိပ်တွေက ပီပြင်သည်။ ကျန်ဝတ္ထုတွေ အများစု က ဆေးပညာပေးကို ရသအသွင်ဝတ္ထုအဖြစ် ရေးဖွဲ့ ခြင်းဖြစ်၏။ အရေးအသားကောင်းလှသူမို့ အောင်မြင် သည့်နည်းဖြစ်သည်။ စေတနာက အတတ်ပညာကို မြှင့်တင်ပေးလိုက်ခြင်းဟု စဉ်းစားမိသည်။ ဆရာကိုယ် နှိုက်ကလည်း သူ့ ပွင့်မရတဲ့ မာလာငုံ ဝတ္ထုမှာ ဝတ္ထုနှင့် ပတ်သက်၍ (စာပေနှင့်ပတ်သက်၍) သဘောထား အယူအဆကို ဤသို့ရေးသားခဲ့သည်။
ဝတ္ထုတစ်ပုဒ်ရေးပေးပါမည်
“ ဒီနှစ်မကုန်မီ ဝတ္ထုတစ်ပုဒ်ထွက်ရန် အရေးကား မသေးလှပါချေ။ ထို့ကြောင့် အနားယူဦးမည်ဟု စိတ်ကူး ထားသော ကျွန်တော်သည် ဆေးထိုးအပ်နှင့်ကလောင်ကို တစ်လှည့်စီကိုင်ရပြန်လေပြီ။ နေ့တွင် ဆေးထိုးအပ် ညတွင် ကလောင်တစ်လှည့်စီဖြစ်ပါသည်။
ညအချိန်များသည် တိတ်ဆိတ်နေသောကြောင့် စာရေး၍ အလွန်ကောင်းပါသည်။ စာရေးနေချိန်တွင် 'ဈာန်ဝင်စား'၍လည်း ရပါသည်။ စာရွက်ပေါ်တွင် ကလောင်တင်လိုက်သည်နှင့် စာတစ်ကြောင်းပြီး တစ်ကြောင်း ဖြစ်သွားပါတော့သည်။ စာတစ်ကြောင်း ရေးသားနေစဉ် နောက်တစ်ကြောင်းက ခေါင်းထဲတွင် အလိုအလျောက်ပေါ် လာပါတော့သည်။ စာရေးဈာန်ဝင် လာသောအခါ ဇာတ်ဆောင် ဇာတ်ရံများ၏ လှုပ်ရှားပုံများ ထင်မြင်လာ၍ စကားပြောသံများကိုလည်း ကြားယောင် လာလေသည်။
ယင်းသို့သော လှုပ်ရှားပြောဆိုပုံများကို စာတင်လိုက် သောအခါ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်၍ လာပါတော့ သည်။ တကယ်ဆိုတော့ စာရေးခြင်းအလုပ်သည် ပင်ပန်းလှသည်တော့မဆိုသာပါချေ။ ကြည်နူးနှစ်သိမ့်မှုက ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေသည်လောမပြော တတ်ပါချေ။
ဝတ္ထုတစ်ပုဒ်ရေးပေးပါမည်ဟု ကတိကဝတ်ကားပေး ပြီးလေပြီ။ သို့သော် ဝတ္ထုဇာတ်လမ်းမှာ စဉ်းစား၍ မရသေး၊ တော်ရုံသင့်ရုံ ဇာတ်လမ်းမျိုးကိုလည်း ကျွန်တော် မကြိုက်၊ (၁) ဇာတ်လမ်း ဆန်းသစ်ရမည်၊ (၂) ယုတ္တိရှိရ မည်၊ (၃) ခိုင်လုံသော အကိုးအကားရှိရမည်၊ (၄) တိုင်းပြည် နှင့်လူမျိုးအတွက် အကျိုးရှိရမည်၊ (၅) သိသင့်သိထိုက် သော ဗဟုသုတကောင်းများပါရှိရမည်၊ (၆) အတွေးအခေါ် မှန်ကန်ရမည်၊ (၇) ရသမြောက်ရမည် အစရှိသော မူများကိုချပြီး ဇာတ်ကွက်ဇာတ်လမ်းရှာဖွေနေရ၍လည်း ကိုယ်လိုချင်သော 'ပုံစံ' ကို မရောက်နိုင်သေးချေ။” ဟူလို။
တာဝန်ကျေသော စာရေးဆရာ
ဆရာဒေါက်တာထွန်းရွှေရေးသားခဲ့သော ဝတ္ထုကြီးများ နှင့်အတူ ဆရာ့အမှာစာပါ သဘောထားအယူအဆကို ဖတ်ရသောအခါ တာဝန်ကျေသော စာရေးဆရာ တစ်ယောက်အဖြစ် လေးစားမိပါ၏။ ဆရာကား ဆရာဝန် အနေနှင့်လည်း အလွန်တာဝန်ကျေသည်။ စာရေး ဆရာအဖြစ်လည်း တာဝန်ကျေသည်ဟု ဆိုရပေမည်။
ရသမြောက်၍ စေတနာပါသော အဖွဲ့အနွဲ့ပုံစံဖြင့် 'ဆေးပညာ' ကို ဝတ္ထုအသွင်တင်ပြမှုတွင် ဆရာဒေါက်တာ ထွန်းရွှေ၏ဝတ္ထုများက ရှေ့တန်းမှပါသည်။ အောင် လည်းအောင်မြင်၏။ တစ်ချိန်က ကာလသားရောဂါနှင့် ပတ်သက်၍ ဆရာသိန်းဖေမြင့်၏ တက်ခေတ်နတ်ဆိုးက လူငယ်များအကြား အလွန်ထိရောက်သော ပညာပေးမှု ဖြစ်ခဲ့သည်။ ထို့အတူ ဆရာဒေါက်တာ ထွန်းရွှေ၏ ပွင့် မရတဲ့ မာလာငုံကလည်း အလားတူထိရောက်ခဲ့သည်။ အာနိသင်ရှိ ဆေးခါးကို သကြားအုပ်ပေးသလို တကယ့် အနုပညာပစ်စည်းများလည်းဖြစ်သည်။
လွမ်းဆွတ်ဖွယ်အတိတ်မှ
လွန်ခဲ့သည့်နှစ်ပိုင်းက စက်ဘီးလေးတစ်စီးဖြင့် ရန်ကင်းတောင်ခြေ၊ ချောင်းမကြီး၊ သမ္မတော ရွာထိပ် လှည့်ပတ်ခရီးဆန့်မိရင်း သက်ဝေမေကျော့ကို သတိရ နေမိသည်။ ရန်ကင်းတောင်ခြေ ကံလင်းလက်ဖက်ရည် ဆိုင်လေးက ရှေ့စားပွဲမှာထိုင်ရင်း ဥဒဟိုဖြတ်သန်းသွား သော တရုတ်ဆိုင်ကယ်များကို မျက်စိနောက်မတတ် ကြည့်ကာ သက်ဝေမေကျော့ထဲက ဇာတ်ကောင်များကို ရှာဖွေကြည့်နေမိသည်။
သို့သော် နေရာထိုင်ခင်းအားလုံးကား လွမ်းဆွတ်ဖွယ် အတိတ်မှာ ကျန်ရစ်လေပေါ့။ မြင်ကွင်းအားလုံးလည်း ဘာမှမဆိုင်တော့။ ဒါပေမဲ့ ဇာတ်ကောင်များကတော့ မပြောင်းလဲ .....။ ။
- Log in to post comments