
အင်တာဗျူး - မြင့်မိုရ်
နိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှု အခြေ အနေများနှင့် ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ်သော ဦးဆောင်သူ များ၏ CDM (Civil Disobedience Movement) လှုပ်ရှားမှုမှသည် ပြည်သူအများ လိုလားတောင့်တသော ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင် နေပြီး အဖျက်အမှောင့်လုပ်ရပ်များကိုသာ ဦးတည်နေသည်။ CDM လှုပ်ရှားမှုသည် တိုင်းပြည်အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေးအမြတ်ထုတ်ကာ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်း များအား သွေးထိုးပေးနေခြင်းဖြစ်သည်။ ယခုအခါ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူအများ သွားလာနေသော လမ်းမများပေါ်တွင် ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေခြင်း၊ ရုံးတက်နေသော ဝန်ထမ်း အများစုနှင့် ပြည်သူများအား အနှောင့်အယှက်ပေးနေခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များနှင့် ပတ်သက်၍ လတ်တလောကြုံတွေ့ ခံစားနေရသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို ပြန်လည်မျှဝေ ရေးသားဖော်ပြလိုက်ပါသည်။
“ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ တာဝန် ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာတစ်ဦးပါ။ ကိုဗစ်- ၁၉ ကပ်ရောဂါ ကာလ ပထမအကျော့ရော၊ ဒုတိယအကျော့မှာပါ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ယာယီရပ်နားထားခဲ့ရတယ်။ အလုပ်တွေ ရပ်နားထား တော့ လစာကလည်း အပြည့်အဝမရရှိဘူးပေါ့။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေလည်းပေါ်လို့ ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်း ပိုင်းလောက် အလုပ်တွေပြန်စမယ်လို့ ကုမ္ပဏီက ရည်ရွယ်ထားကာမှ မျှော်လင့်မထားတဲ့ နိုင်ငံရေးဆူပူလှုပ်ရှားမှုက ပေါ်ပေါက်လာပြန်တယ်။ ဒီ CDM ဆူပူလှုပ်ရှားမှုက အခုဆိုရင် တစ်လလောက်တောင် ကြာမြင့်နေ ပြီ။ အခုချိန်ထိ အရှိန်က သိပ်မကျသေးဘူး။ တကယ်တော့ ဆူပူလှုပ်ရှား မှုနောက်ကွယ်က ကြိုးကိုင်တွေ၊ မြှောက်ထိုးမှုတွေကြောင့် အခုလို လူငယ်အများစု လမ်းမတွေပေါ် ရောက်လာနေကြတာ။ သူတို့တစ်တွေရဲ့ နိုင်ငံရေးခံယူမှုက မပြင်းထန်သလို နိုင်ငံရေးနဲ့ပတ်သက်ပြီး နားလည် တတ်ကျွမ်းမှုကလည်း အဲဒီလောက် မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာ ဘယ်သူကရေးတင်လို့ တင်မှန်းမသိဘဲ ခိုင်မာမှုမရှိတဲ့ သတင်းတွေ ဖတ်ပြီးအဟုတ်ထင်နေကြတာ။ ဖြစ်နိုင်၊ မဖြစ်နိုင် / အမှန်နဲ့ အမှားကို ကောင်းကောင်း ဝေဖန်ပိုင်းခြားနိုင်မှုမရှိသေးတော့ အယုံလွယ်ကြတာ ပေါ့။ တချို့ဆို လူကြီးပိုင်းတွေကပါ အခုနောက်ပိုင်း လူငယ်တွေကို အနာဂတ်မျိုးဆက်သစ်တွေ ဦးဆောင်ရမှာ၊ မင်းတို့ ခေါင်းငုံ့ခံရင် နှစ်ပေါင်းဘယ်လောက်အထိ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး အယုံ လွယ်အောင် သိမ်းသွင်းနေကြတာ တွေ့ရတယ်။ ဒါကြောင့်လည်း အခု လောက်အထိ ကြာသွားတာပါ။ တကယ်ဆို ခုလိုအချိန်မျိုးမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်လို့လည်း စိုးရိမ်စရာ အရင်လောက်အထိ မရှိ တော့ဘူးဆိုတော့ လုပ်ငန်းတွေ ပြန်လည် လည်ပတ်လုပ်ကိုင်နေပြီ။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ နောက်ကျကျန်နေတဲ့ နိုင်ငံရဲ့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို ရှုငဲ့ပြီး CDM လှုပ်ရှားမှုနဲ့ အဖျက် အမှောင့်လုပ်ရပ်တွေကို မြန်မြန်အဆုံးသတ်စေချင်ပါပြီ” ဟု ရန်ကင်း မြို့နယ်အတွင်းနေထိုင်သည့် အင်ဂျင်နီယာ ဦးမြရွှေ (နာမည်လွှဲ)က ပြောကြားသည်။
“ဒီ CDM လှုပ်ရှားမှုကို အမြန်ဆုံးပြီးဆုံးစေချင်ပြီ။ နယ်ကနေ အိမ်ကိုလာနေတဲ့ တူလေးကလည်း အထည်ဆိုင်က လောလောဆယ် ပိတ်ထားတော့ နေ့တိုင်းလမ်းထွက်လွန်းလို့ မနည်းပြောနေရတယ်။ ဘာရယ်မဟုတ်ဘူး။ သူများတွေအော်တာနဲ့ နားလည်တာလည်း မဟုတ်ဘူး။ လူငယ်ဆိုတော့ သူများတွေပြောသံကြား နားယောင်ပြီး သူငယ်ချင်းတွေနဲ့ လိုက်လိုက်သွားတာ။ နင့် အမေပြောပြီး နယ်ပြန်ပို့ မယ်ဆိုလို့ ခုရက်ပိုင်းတော့ ငြိမ်နေတယ်။ ဘယ်ရက် ပြန်ဖောက်မယ် မသိဘူး။ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် အထည်ဆိုင်ကလည်း ပိတ်ထား ရတာ အခုဆိုရင် တစ်နှစ်တောင် ကျော်နေပြီ။ သူများတွေလို ဆိုင်ခန်း ငှား ပြီး ဖွင့်ရရင်တော့ မလွယ်ဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနရဲ့ ကြီးကြပ် မှုနဲ့ မင်္ဂလာမွန်ဈေးကြီးကို ပြန်ဖွင့်လိုက်သေးတယ်။ အဲဒီဈေးတွေ ပြန်ဖွင့်တဲ့နေ့မှာပဲ အခုလို တိုင်းပြည်ဆူပူမှုကစခဲ့တော့ အထည်ဆိုင် ကို ချက်ချင်းပြန်ပိတ်လိုက်ရတယ်။ အခုလည်း အခြေအနေက ပုံမှန် မဟုတ်သေးတော့ ဆိုင်ကို ပြန်ဖွင့်လို့ မရသေးဘူးဖြစ်နေတယ်။ ဈေးက တော့ ဖွင့်ထားတယ်။ တချို့ဆိုင်တွေကတော့ ဖွင့်ကြတယ်။ အစ်မက တော့ တစ်နှစ်လုံးလုံးတောင် ပိတ်လာခဲ့ပြီးမှ ဒီအခြေအနေမျိုးကြီးမှာ ပြန်မဖွင့်ချင်သေးလို့ လောလောဆယ်တော့ ယာယီပိတ်ထားသေးတယ်။ ဖောက်သည်တွေလည်း မှတ်ရောမှတ်မိသေးလား မသိတော့ပါဘူး။ လုပ်ကိုင်စားသောက်ရတာကလည်း ကိုဗစ်-၁၉ ကပ်ရောဂါက တစ်မျိုး၊ ဒီ CDM လှုပ်ရှားမှုက တစ်မျိုးနဲ့ အတော်လေးကို စိတ်ကုန်လာပြီ။ ဒီကြားထဲ CDM လှုပ်ရှားမှုအောင်မြင်ရင် ဘာဖြစ်မယ်၊ ညာ ဖြစ်မယ်နဲ့ ဟိုအသံကြားရ၊ ဒီသံကြားရနဲ့။ ညညဆိုလည်း သံပုံးတီးသံတွေနဲ့ ဆူညံနေတာပဲ။ တစ်သက်နဲ့တစ်ကိုယ် ခုလိုကြီး တစ်ခါမှမကြုံဖူးပါ ဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်ပြီး မင်္ဂလာမွန်ဈေး ၌ အထည်ဆိုင်ဖွင့်လှစ်ထားသည့် ဒေါ်မေကြည် (အမည်လွှဲ)က ပြော ကြားသည်။
“ကျွန်တော်က YBS ယာဉ်မောင်းတစ်ဦးပါ။ ခုရက်ပိုင်းတွေမှာ ရန်ကုန်မြို့ပေါ် ကားဆွဲရတာ အတော်လေးကို စိတ်ညစ်ရတယ်။ အရင်ကထက် စိတ်ကိုထိန်းပြီးလည်း မောင်းနေရတယ်။ CDM လှုပ်ရှား မှုစတင်တဲ့ ရက်တွေတုန်းက ခုလောက်ထိ စိတ်မညစ်ရသေးဘူး။ ခုနောက်ပိုင်း ကားလမ်းတွေကို ပိတ်ထားတာ တော်တော်များများ ကြုံတွေ့နေရတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း လိုက်လံ ရှင်းလင်းမှုတော့ လုပ်ကြတာပဲ။ ကျွန်တော်တို့နိုင်ငံမှာ လူတော်တော် များများက နိုင်ငံရေးလုပ်စားကြတဲ့သူတွေရဲ့ မှိုင်းမိနေတော့ အတော် လေးကို ပြောရခက်တယ်။ သူတို့လုပ်ရပ်တွေနဲ့ သူတို့လိုချင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့က ပြောင်းပြန်။ ဟိုနေ့ကဆို အများသူငါ သွားလာနေတဲ့ ဗညားဒလလမ်းမကြီးပေါ်မှာ သစ်ကိုင်းတွေချပိတ် ထားလို့ ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေပါ အောက်ဆင်းပြီး ဖယ်ရတယ်။ ဒီကြားထဲ လမ်းပေါ်က သစ်ကိုင်းတွေဖယ်ရမလားဆိုပြီး လူတစ်ယောက်က လာပြောလို့ ခရီးသည်တွေပါ အချေအတင်ဝိုင်းပြောမှ နောက်ဆုံး အဆင်ပြေသွားတယ်။ အဲဒီနေ့ကဆို အတော်လေးကို စိတ်ညစ်ရတယ်။ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှု အကြောင်းပြပြီး နိုင်ငံရေးသမားတွေက နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့မြင်တယ်။ ဒါတွေကို ပြည်သူတွေအနေနဲ့ သဘောပေါက် နားလည်သင့်ပါပြီ။ အထူးသဖြင့် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်နေတဲ့ လူငယ် တွေကို အဓိကထား ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အောက်ရှိ YBS ခရီးသည်တင်ယာဉ်လိုင်း ၄၃ မှ ယာဉ်မောင်း ဦးစောအောင်(အမည်လွှဲ)က နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုများကို အကြောင်းပြုကာ အဖျက်အမှောင့်လုပ်ရပ်များနှင့် ပတ်သက်၍ ကြုံတွေ့ခဲ့မှုများကို ရင်ဖွင့်ပြောကြားခဲ့သည်။
“လောလောဆယ် ကျောင်းက ပိတ်ထားတော့ အိမ်မှာ အိပ်လိုက် စားလိုက်နဲ့ ပျင်းနေပြီ။ တချို့ သူငယ်ချင်းတွေကတော့ CDM လှုပ်ရှား မှုမှာ ပါဝင်ကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်လျှောက်လုံးလည်း အိမ်မှာပဲနေနေရတာ။ ရောဂါတွေ တည်ငြိမ်စပြုလို့ ကျောင်းတွေ ပြန်မဖွင့်ခင် အေးအေးချမ်းချမ်းနဲ့ မိသားစုလိုက် ခရီးလေးထွက်ဖို့ ရည်ရွယ်ထားပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ခရီးစဉ်ပျက်ပြီး မသွားရတော့ပြန်ဘူး။ အိမ်မှာနေရတာ ပျင်းလို့ဆိုပြီး သူငယ်ချင်းတွေနဲ့ CDM လှုပ်ရှားမှုမှာ တစ်ရက်လိုက်သွားလိုက်တာ။ နေတွေကလည်းပူ၊ ခြေတွေလည်းညောင်း၊ တစ်နေ့လုံး အော်ဟစ်နေရတာ။ မအော်ပြန် ရင်လည်း သူငယ်ချင်းက ဇွတ်အော်ခိုင်းပြန်ရော။ ညနေလည်းရောက်ရော အသံက မထွက်တော့ဘူး။ ညကျတော့ ဖျားပါလေရော။ ဒါနဲ့ အမေက သူများယောင်လို့ လိုက်ယောင်တာ၊ ဘာအကျိုးခံစားရလဲ၊ ငါတို့က အရေးအခင်းမျိုးစုံ ကြုံခဲ့ပြီးပြီ ဆူတာနဲ့ နောက်ရက်တွေ မလိုက်တော့ ပါဘူးလို့ အိမ်ကို ကတိပေးလိုက်ရတယ်။ တကယ်လည်း ကျွန်မက CDM လှုပ်ရှားမှုမှာ ထပ်ပါဖို့ စိတ်ကူးမရှိတော့တာပါ။ တစ်ရက်တည်းနဲ့ လန့်သွားတယ်။ တကယ်တော့ ကျွန်မတို့လို ပညာသင်ဆည်းပူးနေတဲ့ လူငယ်တွေအနေနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ တကယ်ကို မပါဝင်သင့်ဘူးလို့ ကျွန်မမြင်မိပါတယ်။ ဒါက သမီးတစ်ဦးတည်းရဲ့ အမြင်ပါ။ တချို့သူငယ်ချင်းတွေကတော့ ဆက်လုပ်နေကြတာ တွေ့ရ တယ်။ သူငယ်ချင်းအများစုကတော့ CDM လှုပ်ရှားမှုမှာ ထပ်မလုပ် ကြတော့ပါဘူး။ မြန်မြန်လည်း အဆုံးသတ်ပြီး ကျောင်းတွေ ပြန်ဖွင့် စေချင်ပါပြီ” ဟု တက္ကသိုလ်ဂုဏ်ထူးတန်းတွင် တက်ရောက်ပညာ ဆည်းပူးနေသော မနှင်းပွင့်(အမည်လွှဲ)က CDM လှုပ်ရှားမှုနှင့်ပတ်သက်၍ ပြောကြားသည်။
ယခုအခါ နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုမှ ဆင့်ပွားလာသော အဖျက်အမှောင့်လုပ်ရပ်များသည် ပြည်သူများ လိုလားတောင့်တ နေသော ဒီမိုကရေစီလမ်းကြောင်းနှင့် မျဉ်းပြိုင်သဖွယ် ဆန့်ကျင်ဘက် ဖြစ်နေသည်။ အထူးသဖြင့် ရန်ကုန်မြို့ကဲ့သို့ လူဦးရေ ထူထပ်များပြား သော မြို့ကြီး၏ လမ်းမများပေါ် တားဆီးပိတ်ပင်မှုလုပ်ရပ်များသည် ခရီးသွားပြည်သူအများစုကိုသာ ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်စေကြောင်း ရေးသားလိုက်ရပါသည်။
- Log in to post comments