Type

မောင်မိုးညို
နိုင်ငံ့ဝန်ထမ်းဟူသည် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့်၊ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာ၊ စရိတ်နှင့်အခြားခံစားခွင့်များကို ရယူခံစားနေကြသော ဝန်ထမ်းအားလုံးကို ဆိုလိုသည်။ နိုင်ငံ့ဝန်ထမ်းဟူသည် အောက်ခြေအဆင့် နေ့စားဝန်ထမ်းမှသည် ညွှန်ကြားရေးမှူးချုပ်အဆင့်အထိ ဝန်ထမ်း အားလုံးပါဝင်သည်။
ဝန်ထမ်းများကို ရွေးချယ်ခန့်ထားရာတွင် နေ့စားဝန်ထမ်းမှ ပြန်တမ်းဝင်အရာရှိမဟုတ်သော (non-gazette officer) ဝန်ထမ်း အထိအား သက်ဆိုင်ရာဌာနအကြီးအကဲ အတည်ပြုမှုဖြင့် ရွေးချယ် ခန့်ထားရပြီး ပြန်တမ်းဝင်အရာရှိနှင့် အလယ်အလတ်အဆင့် ဝန်ထမ်း ကြီးများအား ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ အတည်ပြုချက် ဖြင့် ရွေးချယ်ခန့်ထားရသည်။ ထိုအဆင့်များထက် မြင့်သည့်ဌာန ဆိုင်ရာ အကြီးအကဲများကို နိုင်ငံတော်သမ္မတကိုယ်တိုင် အတည်ပြု ခန့်ထားရသည်။
အတည်ပြုခန့်ထားသော အောက်ခြေဝန်ထမ်းအဆင့်များကို နိုင်ငံ့ဝန်ထမ်းရွေးချယ် ခန့်ထားခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့နှင့် အညီ ရွေးချယ်ခန့်ထားရသည့်အပြင် ဝန်ထမ်းဆိုင်ရာ သတ်မှတ် အရည်အချင်းများနှင့် ကျင့်ဝတ်စည်းကမ်းများသာမက အကျင့် စာရိတ္တပိုင်းဆိုင်ရာတို့ကိုပါ စိစစ်ပြီး ရွေးချယ်ခန့်ထားရသည်။ ထို့ထက် အဆင့်မြင့်သော ဝန်ထမ်းများဖြစ်လျှင် ပို၍ပင်စိစစ်ရွေးချယ်ရသည်။ ယခင်ကာလများကဆိုလျှင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် အတည်ပြု ခန့်ထားနိုင်ရန်အတွက် နောက်ကြောင်းရာဇဝင်ကိုပါ ရှာဖွေစုံစမ်း စိစစ်ခဲ့သည်။
နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်လာရန်အတွက် သတ်မှတ်အရည်အချင်း များပြည့်မီအောင် ကြိုးစားရသည့်အပြင် သတ်မှတ်ထားသော၊ ပြဋ္ဌာန်း ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိမှတ်သား လေးစားလိုက်နာရသည့် အပြင် “ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်။ ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲ ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့သည် တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက် ပါမည်။ ကျွန်ုပ်တို့သည် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် ပါတီနိုင်ငံရေးကင်းရှင်းအောင် နေထိုင် ပါမည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့်တာဝန် များကို ဦးလည်မသုန် သက်စွန့်ကြိုးပမ်းဆောင်ရွက်သွားပါမည်” ဟူသော နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင် ထားကြရသည်။
ထို့ကြောင့် ဖော်ပြပါအချက်များအား နိုင်ငံ့ဝန်ထမ်းများသည် အမှန်တကယ် လိုက်နာကျင့်သုံးကြရမည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦးဖြစ်လာရန် လွယ်ကူလှသည် မဟုတ်သည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာတို့ဖြင့် တိုင်းပြည်အကျိုးကို ထမ်းရွက်လိုသောကြောင့် လည်းကောင်း၊ ပြည်သူ့အကျိုးကို စေတနာရှေ့ထား၍ သယ်ပိုးလိုသော ကြောင့် လည်းကောင်း၊ မိမိတို့အတွက် ဂုဏ်သိက္ခာနှင့်ဣန္ဒြေရှိစွာ ဖြင့် မပူမပင်၊ မကြောင့်မကြ နေထိုင်ရပ်တည်နိုင်ရေးအတွက်လည်း ကောင်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြခြင်း ဖြစ်ပါ သည်။
မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းသမိုင်းတွင် ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်ထွန်းရေးအတွက် ခေတ်အဆက်ဆက်အစိုးရများက ရွေးချယ်ပျိုးထောင် အမှုထမ်းဆောင်စေနိုင်ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတို့ကို ဖောက်ဖျက်လျှင်သော် လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေတို့ကို ကျူးလွန်လျှင် သော်လည်း ကောင်း သက်ဆိုင်ရာဥပဒေတို့အရ အရေးယူခဲ့ရသော နိုင်ငံ့ဝန်ထမ်း များရှိခဲ့သည်။ အထူးသဖြင့် အောက်ခြေနိုင်ငံ့ဝန်ထမ်းများအပေါ် တွင် အကြီးအကဲကျင့်ဝတ်၊ နာယကဂုဏ်တို့နှင့်အညီ အုပ်ချုပ်စီမံ ခန့်ခွဲနိုင်ကြသော ဌာနဆိုင်ရာအကြီးအကဲများက ဌာနအကျိုး၊ ဝန်ထမ်းအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးတို့ကို သစ္စာ ရှိစွာဖြင့် ဆုံးခန်းတိုင်အောင် ထမ်းဆောင်ကြသည်ကို တွေ့ရပါသည်။
ထိုသို့ထမ်းဆောင်ကြရာတွင် အကျင့်စာရိတ္တပိုင်းဆိုင်ရာအရ ဖြစ်စေ၊ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်မှုနှင့် လုပ်ငန်းဆိုင်ရာအရ ဖြစ်စေ၊ ပြစ်မှုကြောင်းဆိုင်ရာအရဖြစ်စေ ဖောက်ဖျက်သော ဌာန ဆိုင်ရာ အကြီးအကဲအချို့ရှိခဲ့ပြီး ဝန်ထမ်းဥပဒေအရ၊ ပြစ်မှုဥပဒေအရ အရေးယူထုတ်ပယ်မှု ရှားရှားပါးပါးရှိခဲ့ပါသည်။ ဌာနဆိုင်ရာ အကြီး အကဲသည် ဌာနအပေါ်တွင်လည်းကောင်း၊ နိုင်ငံတော်အပေါ်တွင် လည်းကောင်း အခြားဝန်ထမ်းများနှင့်မတူဘဲ အထူးသစ္စာစောင့်သိရိုသေလိုက်နာရသည့် အကြီးအမှူးများဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း သမိုင်းတွင် စိတ်ခံစားချက်ပြင်းထန်သော အကြီးအကဲအချို့ရှိခဲ့ပါ သည်။ ၎င်းအကြီးအကဲ အချို့အနေဖြင့် အကယ်၍ တာဝန်ထမ်းဆောင်မှု အရဖြစ်စေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအရဖြစ်စေ မနှစ်သက်ပါက၊ မကျေ နပ်ပါက ရဲဝံ့ပြတ်သားစွာဖြင့် နိုင်ငံ့ဝန်ထမ်းလုပ်ထုံးလုပ်နည်း၊ ဥပဒေ တို့နှင့်အညီ မိမိသဘောဆန္ဒအလျောက် အလုပ်မှနုတ်ထွက်ခဲ့သည့် ဝန်ထမ်းကြီးများ ရှိခဲ့ဖူးပါသည်။ ၎င်းဝန်ထမ်းကြီးအချို့သည် မိမိ၏ မကျေနပ်ချက်တစ်ခုခုတို့ကြောင့် အလုပ်နုတ်ထွက်ခြင်းဖြင့် မိမိဆန္ဒကို ပြသခဲ့သော်လည်း နိုင်ငံတော်အပေါ်တွင် သစ္စာဖောက်ဖျက်ခြင်း မရှိသည်ကို အထင်အရှားတွေ့ရပါသည်။
ယခုအခါ ယခင်နိုင်ငံ့တာဝန်ကို ယူခဲ့သော အစိုးရကိုအကြောင်းပြု၍ နိုင်ငံ့ဝန်ထမ်းသမိုင်းတွင် စွန်းထင်းသော အမည်းစက်ကြီး ပေါ်လာခဲ့ သည်။ အဓိကအချက်မှာ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟူသည့်အချက်ကို ယခင်အစိုးရက မျက်ကွယ်ပြုရာမှ အစပြု လာခဲ့သည်။ နိုင်ငံ့တာဝန်ယူထားစဉ် ပါတီနိုင်ငံရေးကို ဦးစားပေးပြီး ဝန်ထမ်းများအပေါ်တွင်ပါ လွှမ်းမိုးလာခဲ့သည်။ ဝန်ထမ်းဟူသည် ရွေးကောက်ပွဲတွင် မိမိနှစ်သက်ရာပါတီကို ရွေးချယ်နိုင်ခွင့်ရှိသော် လည်း ပါတီနိုင်ငံရေးကို မဖြစ်မနေကင်းရှင်းရမည်ဖြစ်သည်။ ပါတီ နိုင်ငံရေးမကင်းရှင်းပါက နိုင်ငံအုပ်ချုပ်ရေး၊ နိုင်ငံရေးစနစ် မတည် ငြိမ်ဖြစ်ခဲ့သည်ကို မြန်မာ့နိုင်ငံရေးသမိုင်း၌ တည်မြဲ၊ သန့်ရှင်းအစိုးရ အကွဲအပြဲများက သက်သေပြခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဝန်ထမ်းသမိုင်းတွင် ရာဇဝင်ရိုင်းစွာဖြစ်လာခဲ့သည်။ ယခင် NLD အစိုးရလက်ထက်က အတည်ပြုခန့်ထားခဲ့သော ဝန်ထမ်း အကြီးအကဲအချို့သည် ပါတီနိုင်ငံရေးခံယူချက် အစွဲအလမ်းကြီးစွာ ဖြင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ အဓိဋ္ဌာန်၊ ဥပဒေတို့ကို ဖောက်ဖျက်ခဲ့သည်။ ဖောက်ဖျက်ရုံသာမက နိုင်ငံတော်အပေါ် သစ္စာ ဖောက်ဖျက် ပုန်ကန်ခြားနားခဲ့သည်။ နိုင်ငံ့ဝန်ထမ်းဟူသည် မည်သည့် အစိုးရတက်တက် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိရမည့်အချက် ကို ဖောက်ဖျက်ခဲ့သည်။ နိုင်ငံ့ဝန်ထမ်းသည် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ရန်အတွက် တာဝန်ထမ်းဆောင် ခဲ့ကြခြင်း ဖြစ်သည်။ အစိုးရတည်မြဲရေးအတွက် တာဝန်ထမ်းဆောင် နေကြခြင်း မဟုတ်ပေ။ ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက် ပြောင်းလဲသွားသော်လည်း နိုင်ငံ့တာဝန်ကို ပြီးဆုံးသည်အထိ ကျေပွန်စွာထမ်းဆောင်ကြရမည့်သူများဖြစ်သည်။ အစိုးရတစ်ရပ်ကို မကြိုက်၊ မနှစ်သက်ပါက ရဲဝံ့ပြတ်သားစွာ မိမိဆန္ဒသဘောထား အလျောက် အလုပ်မှ နုတ်ထွက်သွားနိုင်သည်။
သို့သော် နိုင်ငံ့ဝန်ထမ်းအကြီးအကဲပြုလုပ်ခဲ့သည့် ဆေးပညာရှင် တစ်ဦးနှင့် သံအမတ်ကြီးတစ်ဦးတို့သည် တည်ဆဲအစိုးရကို ဆန့်ကျင် ၍ ပုန်ကန်ခြားနားခဲ့သည်။ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခဲ့သည်။ အဆိုပါဆေးပညာရှင်သည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကတည်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေး စကားဆိုစဉ် အသိပညာပေးသယောင်ယောင်နှင့် ပြည်သူလူထု လှုပ်ရှားပါဝင်မှုများကို နိုင်ငံရေးခေါင်းဆောင်ဟန်ပန်ဖြင့် ပြောဆို ပြုမူခဲ့သည့် သံသယဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဆေးဘက်ဆိုင်ရာ ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်နေစဉ် လူထုခေါင်းဆောင် ပုံစံလိုလို ဟန်လုံးအမျိုးမျိုးထုတ်ပြခဲ့သည်။ အစိုးရအပြောင်းအလဲ ဖြစ်သောအခါ မင်းသားခေါင်းဆောင်းထားသော ဘီလူးကဲ့သို့ ပုံသဏ္ဌာန်အသွင်ကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်လာခဲ့သည်။
အဆိုပါ ဆေးပညာရှင်ဆိုသူသည် တရားလည်းမဝင်၊ လက်ဆုပ် လက်ကိုင်လည်း မပြနိုင်သည့် တရားမဝင်သော ဝန်ကြီးဌာနသုံးခု၏ ဝန်ကြီးဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး အောင်ပွဲ ဆင်ရေးဆိုသည့် အရေးတော်ပုံကိုဆင်နွှဲရန်အတွက် တရားဥပဒေ နှင့် မညီသည့် တရားမဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် လက်တွဲလှုပ်ရှားလျက်ရှိသည်။ ကြွေးကြော်သံအမျိုးမျိုး ကို ကြွေးကြော်ကာ ပြည်တွင်းမှ ဆူပူလှုပ်ရှားမှုများမြင့်တက်လာရေး၊ ပြည်ပအားကို မျှော်ကိုးလုပ်ဆောင်ရေးတို့ကို ပြုလုပ်လာခဲ့သည်။ ပုန်းလျှိုးကွယ်လျှိုးနေထိုင်၍ အွန်လိုင်းပေါ်မှတစ်ဆင့် ပြည်သူများအား သွေးထိုးလှုံ့ဆော်မှုများ တစိုက်မတ်မတ်ပြုလုပ်နေသည်။ ဆန္ဒပြ ပြည်သူများ စိတ်ဓာတ် တက်ကြွလာစေရန်အတွက် မမှန်သတင်းများ၊ မရေရာသောသတင်းများ၊ မသေချာသော ထုတ်ပြန်ချက်များတွင် ထုတ်လွှင့်လာခဲ့သည်။
CDM ကို တစ်ရာ ရာခိုင်နှုန်းအောင်မြင်နေပြီဟု ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးလျက်ရှိသည်။ ဆန္ဒပြအရှိန်အားကောင်းရန်၊ CDM အောင်မြင်ရန် နည်းလမ်းအမျိုးမျိုး ပေးလျက်ရှိသည်။ နောက်ဆုံးတွင် အမှန်ကိုအမှား၊ တရားကို မတရား၊ ဓမ္မကို အဓမ္မ ပြုလုပ်လာခဲ့သည်။ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ ဝန်ထမ်းများကို ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့သည်။ လက်ရှိတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ စိတ်ဓာတ်ပျက်ပြားအောင် ပြုလုပ်လာခဲ့သည်။ ဝန်ထမ်းများအား CDM မပြုလုပ်ပါက မတ်လ ၈ ရက်နေ့မှစတင်၍ ရုံးတက်ရန်မလိုတော့ကြောင်း ခြိမ်းခြောက် လာခဲ့သည်။ ကျဆုံးခဲ့သော ဝန်ထမ်းများနှင့် ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ရုံးပိတ်ရက် ၁၀ ရက် ကြေညာ မည်ဟု ပြောဆိုလာခဲ့သည်။ ပြည်သူ့အကျိုးကို လျစ်လျူရှုသူများအဖြစ် ကြေညာမည်ဟု အွန်လိုင်းပေါ်မှ ခြိမ်းခြောက်လာခဲ့သည်။ ရုံးများ၊ ကျောင်းများ၊ ဆေးရုံများ ၎င်းတို့နှင့် ဆက်သွယ်ကြရန် အချက်ပေး လာခဲ့သည်။ အနည်းဆုံး ၁၀ ရက်၊ ၁၅ ရက်စာ စားနပ်ရိက္ခာများ စုဆောင်းထားရန်၊ ပြည်သူလူထုဘက်မှရပ်တည်ရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်ငြာသံပေးလာခဲ့သည်။
မည်သည့်နေရာတွင် ရှိမှန်းမသိ၊ မည်သည့်ဌာနတွင် ရပ်တည် လုပ်ကိုင်ခြင်းမရှိ၊ မည်သည့်အကူအညီ ကယ်ဆယ်ရေးလာမှန်းမသိ သည့် ပုန်းလျှိုးကွယ်လျှိုး ပွဲလန့်တုန်းဖျာခင်းသည့် ဌာနအကြီးအကဲ လုပ်ခဲ့ဖူးသည့် လူတစ်ယောက်၏ စိတ်အခြေအနေကို သေချာလေ့လာ ခန့်မှန်းကြည့်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ခြောက်လှန့်သည်။ ဖိအား ပေးသည်။ အကျပ်ကိုင်သည်ဖြစ်စေ တပ်မတော်၏ အေးချမ်းစွာ နေထိုင်ကြသော ပြည်သူပြည်သားများအား ကာကွယ်စောင့်ရှောက် ပေးမှုဖြင့် ရိုးသားကြိုးစားစွာ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ ဝန်ထမ်းများမှာ အပြုံးမပျက်ရုံးတက်နေကြပါသည်။ မည်သည့်အစိုးရ တက်တက် နိုင်ငံတော်အပေါ်တွင် သစ္စာရှိစွာ တာဝန်ထမ်းဆောင် လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြပါသည်။ ။
- Log in to post comments