အမျိုးသမီးများဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့

Type
စန်းနီလာဝင်း အားနွဲ့သော်လည်း အားမမဲ့သည့် မိန်းမသား လူ့သမိုင်းတွင် “မိခင်အုပ်ထိန်းသောခေတ်” က ဦးစွာဖြစ်ထွန်းခဲ့သော ကြောင့် ပုခက်လွှဲသော မိခင်လက်သည် ကမ္ဘာကို စိုးမိုးသည်ဟူ၍ မိခင်မေတ္တာကြီးမြတ်မှုဂုဏ်အင်္ဂါကို တမြတ်တနိုး ဖော်ကျူးထားရပါ သည်။ ထိုသို့ ဖော်ကျူးထားရခြင်းမှာလည်း အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်က မိခင်၏ နှိုင်းတုမရသော ၅၂၈ သွယ် မေတ္တာတရားကို “မေတ္တသုတ်” ပရိတ်တော်၌ “မွေးသမိခင်ကျေးဇူးရှင် အမျိုးသမီးသည် မိမိ၏ ရင်သွေးဖြစ်သော တစ်ဦးတည်းသောသားကို မိမိအသက်နှင့်ပင် လဲ၍ အစဉ်ကာကွယ်စောင့်ရှောက်သကဲ့သို့ အလုံးစုံသော ဝေနေယျ သတ္တဝါတို့အား မေတ္တာတရားပွားများကြကုန်လော့” ဟု ဟောဖော် ညွှန်ပြတော်မူခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မိခင်ကောင်းတို့၏ စစ်မှန် သော မေတ္တာတရားကို လေးစားကြည်ညိုဖွယ် ဖြစ်ပါသည်။ စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို လုံးဝမစွန့်၊ ကြံကို ကြိတ်စက်ဖြင့် ကြိတ်သော်လည်း ချိုသော အရသာကို လုံးဝမစွန့်၊ ပညာရှိသူတော်ကောင်းတို့သည် ဆင်းရဲခြင်းသို့ရောက်သော်လည်း သူတော်ကောင်းတရားကို လုံးဝမစွန့်၊ ထို့အတူ မြန်မာအမျိုးသမီးကောင်းတို့သည် မည်သည့်နေရာ မည်သည့်ဒေသသို့ ရောက်သော်လည်း မြန်မာအမျိုးသမီးဂုဏ်ရည်ကို လုံးဝမစွန့်ကြပါ။ သားသမီး ဝတ္တရား (၅) ပါးတွင် “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ” ဟူသော ဝတ္တရားများအနက် စောင့်လေမျိုးနွယ် ဟူသော ဝတ္တရားကို မျိုးချစ် မြန်မာအမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း စောင့်ထိန်းကြပါသည်။ အကြောင်းမှာ တိုင်းတစ်ပါးသား နိုင်ငံခြား သား နိုင်ငံခြားသူနှင့် “ဘဝအဖော်မွန်” (Life partner) အဖြစ် လက်တွဲ မိပါက မိဂုဏ်၊ ဘဂုဏ်၊ ဆွေဂုဏ်၊ မျိုးဂုဏ်၊ အမျိုးသားရေးဂုဏ်တို့ကို ပျက်စီးအောင် ဖျက်ဆီးရာရောက်သောကြောင့်ပင် ဖြစ်ပါသည်။ မြန်မာအမျိုးသမီးတို့သည် သမိုင်းအဆက်ဆက်တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မိဂုဏ်၊ ဘဂုဏ်တို့ကို ရိုသေလေးမြတ်တန်ဖိုးထားကာ စောင့်ထိန်းလာခဲ့ကြပါသည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း တွင် မြန်မာမျိုးချစ်အမျိုးသမီးတို့သည် ဝံသာနု ရက္ခိတတရားကို လက်ကိုင်ထားကာ ကုမ္မာရီ အမျိုးသမီးအသင်းများကို ဖွဲ့စည်းကာ အမျိုးဘာသာ၊ သာသနာအကျိုးကို အသက်စွန့်၍ သယ်ပိုးဆောင် ရွက်ခဲ့ကြသည်။ နယ်ချဲ့တိုင်းတစ်ပါးသားတို့၏ မတရားသိမ်းပိုက် ဖိနှိပ်အုပ်ချုပ် အမြတ်ထုတ်မှုကို ဆန့်ကျင်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။ မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအားထားရာ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ အခွင့်အရေးများ ရရှိခံစားမှု၊ တန်းတူရည်တူ ဆက်ဆံခွင့်ရရှိမှု၊ အမျိုး သမီးများ၏ စွမ်းပကားမြင့်မားမှုတို့အတွက် နိုင်ငံတကာ လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ကမ္ဘာ့အမျိုးသမီးညီလာခံများကို ဤသို့ ကျင်းပပြုလုပ်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ (၁) ၁၉၇၅ ခုနှစ်တွင် ပထမဦးဆုံးသော ကမ္ဘာ့အမျိုးသမီး ညီလာခံကို မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့တွင်လည်းကောင်း၊ (၂) ၁၉၈၀ ပြည့်နှစ် ဒုတိယအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင်လည်းကောင်း၊ (၃) ၁၉၈၅ ခုနှစ်တွင် တတိယအကြိမ် ကမ္ဘာ့အမျိုးသမီး ညီလာခံကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် လည်းကောင်း၊ (၄) ၁၉၉၅ ခုနှစ်တွင် စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံ(၄)ရပ်အနက် ၁၉၇၅ ခုနှစ်တွင် ပထမဦးဆုံး ကျင်းပ ပြုလုပ်ခဲ့သော မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့တော်ရှိ ကမ္ဘာ့အမျိုးသမီး ညီလာခံသို့လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဘေဂျင်းမြို့တော်၌ ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ် ကမ္ဘာ့ အမျိုးသမီး ညီလာခံသို့လည်းကောင်း မြန်မာနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပါသည်။ စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကြီး၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် နိုင်ငံတိုင်း၌ အမျိုးသား အဆင့် ယန္တရားဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက် သင့်သည့် ကဏ္ဍကြီး (၁၂) ရပ်ပါဝင်သော “ဘေဂျင်းကြေညာစာတမ်း” (Beijing Declaration) ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ထိုကဏ္ဍကြီး (၁၂) ရပ်မှာ - (၁) အမျိုးသမီးများနှင့် ဆင်းရဲမွဲတေမှု၊ (၂) အမျိုးသမီးများအား ပညာပေးရေးနှင့် လေ့ကျင့်သင်တန်း ပေးခြင်း၊ (၃) အမျိုးသမီးများနှင့် ကျန်းမာရေး၊ (၄) အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ (၅) လက်နက်ကိုင်ပဋိပက္ခများအကြားတွင် ကျရောက်နေ သော အမျိုးသမီးများ၊ (၆) အမျိုးသမီးများနှင့် စီးပွားရေးကဏ္ဍ၊ (၇) ဆုံးဖြတ်ချက်ချခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာခွဲယူခြင်း တွင် အမျိုးသမီးများကဏ္ဍ၊ (၈) အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းယန္တရားများ၊ (၉) အမျိုးသမီးများနှင့် လူထုဆက်သွယ်ရေး၊ (၁၀) အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်၊ (၁၁) အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ (၁၂) မိန်းကလေးငယ်များ။ စတုတ္ထအကြိမ် အမျိုးသမီးညီလာခံမှ ချမှတ်ခဲ့သည့် ဘေဂျင်း ကြေညာစာတမ်းအရ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် ၁၉၉၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ တွင် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးဆောင် လမ်းညွှန်ဆောင်ရွက်သွားနိုင်ရန် “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးရေးရာ ကော်မတီ” (MNCWA-Myanmar National Committee on Womens Affairs) ဖွဲ့စည်းပေးခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် “အမျိုးသားအဆင့် ယန္တရား” (National Mechanism) အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးရေးရာကော်မတီက စတင် ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ (၃) ရက်နေ့ ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပ ပြုလုပ်သွားရန် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကြီး၏ ရည်ရွယ်ချက် များမှာ- (၁) အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်း ကဏ္ဍကို မြှင့်တင်ပေးရန်၊ (၂) အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် ရန်၊ (၃) အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံ ရေးကို ကာကွယ်စောင့်ရှောက်ရန်၊ (၄) တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပိုမို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အမျိုး သမီးများအား လေ့ကျင့်ပျိုးထောင်ပေးရန်၊ (၅) အမျိုးသမီးများအား အကြမ်းဖက်ကာကွယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို စနစ်တကျအကောင် အထည်ဖော် ဆောင်ရွက်ရန်၊ (၆) အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ဆောင်ရွက်ရန်၊ (၇) အမျိုးသမီးများ၏ အခွင့်အရေးများကို တိုင်းရင်းသား ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် “အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ” ၊ “ဒေသဆိုင်ရာအဖွဲ့အစည်းများ” ၊ “ပြည်တွင်းအဖွဲ့ အစည်းများ” နှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က အခြေခံမူ (၅) ချက်ထားရှိရာ ယင်းတို့မှာ- (၁) အမျိုးသားရေးဆိုင်ရာအခြေခံမူ ဒို့တာဝန်အရေးသုံးပါး ကို အခြေခံ၍ တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားရေးတာဝန်သက်သက်ကိုသာ ဆောင်ရွက်မည်။ (၂) တိုင်းရင်းသားရေးဆိုင်ရာအခြေခံမူ ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် လေးစားမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးအနက် ထား ကြိုးပမ်းမည်။ (၃) ဘာသာရေးဆိုင်ရာအခြေခံမူ မိမိတို့ သက်ဝင်ယုံကြည် အားထားသည့် ဘာသာရေး ကိုးကွယ်ဆည်းကပ်မှုကို တတ်စွမ်း သမျှ ကူညီအားပေးမည်။ (၄) လူမှုရေးဆိုင်ရာအခြေခံမူ ရပ်ရွာအေးချမ်းသာယာရေး၊ စားဝတ်နေရေး၊ သက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်။ (၅) အမျိုးသမီးရေးရာအခြေခံမူ အမျိုးသမီးများ၏ အခန်း ကဏ္ဍကို မြှင့်တင်ပေးရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်မည်တို့ ဖြစ်ကြပါသည်။ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကြီးသည် ရည်ရွယ်ချက် (၇) ရပ်၊ အခြေခံမူ (၅) ရပ်နှင့်အညီ အမျိုးသမီးများအား ကာကွယ်စောင့် ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေး လုပ်ငန်းများအတွက် အမျိုးသမီး များအား အကြမ်းဖက်မှုမှ ကာကွယ်ရေးလုပ်ငန်းအဖွဲ့ခွဲ၊ လူမှောင်ခိုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းအဖွဲ့ခွဲ၊ ပြုစုပျိုးထောင် ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း အဖွဲ့ခွဲ၊ အမျိုးသမီး ငယ်ရွယ်လုပ်ငန်းအဖွဲ့ခွဲတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို အားရဂုဏ်ယူဖွယ် လေ့လာတွေ့ရှိရပါသည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့နှင့် ဆက်စပ်ဆောင်ရွက်နေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ၁၉၇၇ ခုနှစ်မှစ၍ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင် ပေးနိုင်ရေးအတွက် နှစ်စဉ် မတ်လ ၈ ရက်နေ့ကို “အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့” (International Women’s Day) အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပပြုလုပ်ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကို လွန်ခဲ့သည့် ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်မြို့တော်၌ ထိုစဉ်က အမေရိကန်ဆိုရှယ်လစ်ပါတီက ဦးဆောင်ကျင်းပခဲ့ရာ ဂျာမနီနိုင်ငံမှ အမျိုးသမီးကိုယ်စားလှယ် ခေါင်းဆောင်များ ဖြစ်ကြသည့် “ကလာရာဇက်တင်း” (Clara Zetkin)၊ “ကိတ်ဒန်းကား” (Kate Duncker) တို့က ၁၉၁၀ ပြည့်နှစ်၌ စတင် ကျင်းပပြုလုပ်ခဲ့သော “အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်အမျိုးသမီး ညီလာခံကြီး” တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကို စတင် ကျင်းပခဲ့ပြီး ဆက်လက်၍ နှစ်စဉ်ကျင်းပသွားရန် တောင်းဆို တင်ပြခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် မြန်မာအမျိုး သမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီးများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်လမ်းညွှန် ဆောင်ရွက်သွား နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myan-mar National Committee - MNCWA) ကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာ အမျိုးသမီးများနေ့အဖြစ် နှစ်စဉ် ကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီသည် အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့်ယန္တရား အခြေခံရပ်တည် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဆက်နွှယ်နေသော ဝန်ကြီးဌာနများ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အမျိုးသမီးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်ဖွဲ့စည်းထားသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အဓိကဝန်ကြီးဌာန အဖြစ် တာဝန်ယူအကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။ စီးပွားရေးလုပ်ငန်းများ၌လည်း အလုပ်အကိုင်မရှိသော အမျိုး သမီးများအတွက် သင့်တော်သော လုပ်ငန်းများတွင် အလုပ်အကိုင် ရရှိရန် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လုပ်ငန်း ဆိုင်ရာ နည်းပညာသင်တန်းဖြစ်သော ကွန်ပျူတာ၊ စက်ချုပ်၊ မိတ်ကပ်၊ ဆံပင်အလှပြင် သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ ယာဉ်မောင်း သင်တန်း၊ အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ် ပေးခဲ့သည်ကိုလည်း တွေ့ရသည်။ လုပ်ငန်းပမာဏအလိုက် မတည်ရင်းနှီးငွေလိုအပ်ချက် တစ်စိတ် တစ်ဒေသကို ချေးငှားပေးခြင်းအဖြစ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ မတည်ရင်းနှီးငွေ (Micro Credit) များ ထောက်ပံ့ပေးခြင်း၊ ထုတ်လုပ်သော ကုန်ပစ္စည်း များအတွက် ဈေးကွက်ဝင် အရည်အသွေးဆိုင်ရာ အသိပညာပေးခြင်း အားဖြင့်၊ ပုဂ္ဂလိကလုပ်ငန်းတည်ထောင်နိုင်ရန် ကူညီဆောင်ရွက်ပေး လျက်ရှိသည်ကိုလည်း အားရဖွယ်တွေ့ရှိရသည်။ အချုပ်ဆိုပါလျှင် မြန်မာအမျိုးသမီးများသည် ကျွန်မမှာ မိန်းမသား ဖြစ်နေ၍ အားနွဲ့သော်ငြားလည်း အားမငဲ့သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မိဂုဏ်၊ ဘဂုဏ်၊ ဆွေဂုဏ်၊ မျိုးဂုဏ်၊ လူမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ် တို့ကို တမြတ်တနိုး တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခရီးကို လျှောက်လှမ်းရာ ခရီးစဉ် တစ်လျှောက်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကြီးအနေဖြင့် အမျိုးသမီးထုတစ်ရပ်လုံး၏ စွမ်းအားကို ရယူဆောင်ရွက်လျက် ရေဇလာမြင့်၍ ရွှေကြာပွင့် တင့်သည့်ပမာ “အမျိုးသမီးများဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဟူသော ခံယူချက်နှင့်အညီ ဆတက်ထမ်းပိုးတိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း စေတနာကောင်း ဖြင့် ဆန္ဒပြု ဆုတောင်းလိုက်ပါသည်။ ။