Type

အောင်ကြည်မိုး(စစ်တွေ)
ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုလူနာများ တွေ့ရှိမှုသိသိသာသာ လျော့နည်း ကျဆင်းလာနေပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များ တွင် ရောဂါထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ တိုးတက် မှုရှိလာနေသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေထိုင်ရေးအစီအစဉ်တွင် (Stay at home)အကျုံး ဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန် ထားသည်။ ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်း၊ ကျဆင်းလာရသည်ကတစ်ကြောင်း၊ CDM လှုပ်ရှားမှုလည်း ပါဝင်လုပ်ဆောင်ခြင်းမရှိကြ၊ မိုးလေကင်းလွတ်သည့် ရာသီလည်း ဖြစ်နေ၍ ရခိုင်ပြည်သူများ စုပေါင်း၍ ကားငှားပြီး ဘုရားဖူး ထွက်နေကြသည်။ ဘုရားစေတီများသို့ ဘုရားဖူး ထွက်နေကြသလို ဘုရားရှင်၏ ခြေတော်ရာများ ကိုလည်း သွားရောက်ဖူးမြော်ခြင်းများ ရှိလာနေ သည်။
သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ်၌ ဗုဒ္ဓ၏ ခြေတော်ရာအစစ် ၁၂ ဆူ ရှိနေသည်။ မြန်မာနိုင်ငံ တွင် ဗုဒ္ဓခြေတော်ရာ ခုနစ်ဆူရှိသည်မှာ ထူးဆန်း နေပြီး ရခိုင်ပြည်နယ်၌ ဗုဒ္ဓခြေတော်ရာ လေးဆူ ရှိနေသည်။
(၁) ရသေ့တောင်မြို့နယ် မုစဲကျွန်း ခြေတော်ရာ တစ်ဆူ
(၂) မအီမြို့နယ် အထက်ခြေတော်ရာတစ်ဆူ နှင့် အောက်ခြေတော်ရာတစ်ဆူ
(၃) ပေါက်တောမြို့နယ် မြေငူကျွန်း၊ ဆံတော် ရှင်စေတီအနီးရှိ ခြေတော်ရာတစ်ဆူ စသည် တို့ ဖြစ်ကြသည်။
မုစဲကျွန်းခြေတော်ရာ
မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ဘီစီ ၅၈၀ ပြည့်နှစ် ဝယ် တတိယဓညဝတီခေတ်ကာလ စန္ဒာသူရိယ မင်းမြတ် ထီးနန်းအုပ်ချုပ်ခဲ့စဉ်က စန္ဒာသူရိယမင်း ၏ မနောအဓိဋ္ဌာန်ဖြင့် ပင့်ဖိတ်ချက်အရ ဗုဒ္ဓဘုရား ရှင်သည် နောက်ပါရဟန်းငါးရာနှင့် ကြွရောက်လာခဲ့ ဖူးသည်ဟု ရခိုင်သမိုင်းမှတ်တမ်းများ၌ ဖော်ပြ ထားသည်။ သေလာဂီရိပဗ္ဗတော်တောင်(ယခု ကျောက်တော်မြို့ရှိ ကျောက်တော်တောင်)၌ ရပ်တန့်တော်မူပြီး ဗျာဒိတ်စကားမြွက်ဟပြီးနောက် ဘုရင်စန္ဒာသူရိယမင်းမြတ် တောင်းပန်လျှောက်ထား ချက်အရ ဓညဝတီနန်းတော်အနီး သီရိဂုတ္တကုန်းတော် ၌ ဗုဒ္ဓရှင်တော်ကိုယ်စား မဟာမြတ်မုနိ ရုပ်ရှင်တော် မြတ်ကို သွန်းစက်တော်မူခဲ့သည်။ မြတ်စွာဘုရားရှင် ရက္ခပူရ(ယခုရခိုင်ပြည်နယ်)တစ်ခွင်သို့ ဒေသစာရီ ခရီးလှည့်လည်ခဲ့ရာ ရင်းတားမြစ် ခေါ် ရမဒါမြစ် ယခု ရသေ့တောင်မြို့အနီး ဘုရားရှင်ကြွရောက်တော် မူလာသောအခါ ရမ္မဒါမြစ်နဂါးမင်း က ဘုရားရှင်အား ရှိခိုးပူဇော်ပြီးနောက် အစဉ်ထာဝရကိုးကွယ်ပူဇော် နိုင်ရန် ခြေရာတော်တစ်ဆူ ချီးမြှင့်ပေးပါရန်အကြောင်း လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်က လက်ဝဲပါဒခြေရာတော်တစ်ဆူ ရမ္မဒါနဂါးမင်း အားချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ဤခြေတော်ရာ သည် စစ်တွေ- ရသေ့တောင်မြို့သို့အသွား ကမ်းရိုး တန်း သင်္ဘောရေယာဉ်လမ်းခရီး ရသေ့တောင်မြို့နယ် သာစည်ထောင့်ကျေးရွာတွင် တည်ရှိသည်။ ခြေတော် ရာပွဲတော်ကို နှစ်စဉ်ပြာသိုလတွင် ကျင်းပပြုလုပ် လျက်ရှိသည်။
မအီအထက်ခြေတော်ရာနှင့် အောက်ခြေတော်ရာ
တောင်ကုတ်မြို့ မအီဒေသသည် မြတ်စွာဘုရား ရှင်၏ ဝဲယာခြေတော်ရာနှစ်ဆူတည်ရှိသည့် တစ်ခု တည်းသော မြေမဟာဖြစ်သည်။ မအီမြို့သည် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ တောင်ကုတ်မြို့၏ မြောက်ဘက်အစွန်း မအီချောင်း၏ဝဲယာ၌ တည်ရှိ သည်။ မအီချောင်းကို အစွဲပြု၍ မအီမြို့ဟု ခေါ်တွင် ကြခြင်းဖြစ်သည်။ မအီ၊ အမ်း၊ မန်းမြစ်သုံးစင်း စီးဆင်းရာ မဟီရာနဒီ (မြင်မတိန်) တောင်သို့ဘုရားရှင် ဓညဝတီမှ ကောင်းကင်ခရီးဖြင့် မဇ္စျိမသို့အပြန် လက်ယာတော်ရံ ရှင်သာရိပုတ္တရာ၏ လျှောက်ထား တောင်းပန်မှုကြောင့် ဘုရားရှင်သည် ဤဒေသ၌ နုစဉ်ဘဝက ဖြစ်တော်ပေါင်းများစွာကို ဟောကြား တော်မူခဲ့သည်။ ထိုမှတစ်ဖန် မအီချောင်းဖျားရှိ နာဠာဂီရိတောင်သို့ ကြွတော်မူပြီး တြိသေလမည် သော ဆင်တင့်တောင် ကျောက်ဆောင်တွင် ဆင်မင်း ဘဝက ညီတော်ဖြစ်ခဲ့ဖူးသော အညာတောင်ရွာသား မုဆိုးစံလှအား တရားဟောတော်မူကာ ဘုရားရှင်က ‘‘ငါသည် ဤမဟီမြစ်အရပ်၌ မဟာဝိဟိကမည်သော ဆင်မင်းဖြစ်ခဲ့စဉ်က မုဆိုးကြီးစံလှမှာ စူဠာဝိဟိက မည်သော ညီတော်ဆင်ငယ်အဖြစ် ဤအရပ်၌ ကျင်လည်ခဲ့ဖူးကြောင်းနှင့် ငါဘုရားသည် မဟီမြစ် အတွင်းရှိ မဏိသေလရေအိုင်၌လည်း မဏိသေလ နဂါးမင်း အဖြစ် ကျင်လည်ဖူးခဲ့လေပြီ’’ ဟု မိန့်ကြား၍ တရားပြသလေရာ မုဆိုးလည်း သတိသံဝေဂဖြစ်ပြီး အကျွတ်တရားရလေသည်။
ထိုအခါ မုဆိုးစံလှ၏ လျှောက်ထားတောင်းပန်မှု ကြောင့် လူ၊ နတ်၊ နဂါး ၊ သိကြား၊ ဗြဟ္မာ၊ သတ္တဝါ တို့၏ အကျိုးကို မျှော်ကိုးပြီး နာဠာဂီရိတောင်ရှိ တြိသေလမည်သော ဆင်တင့်ကျောက်ဆောင်ပေါ် တွင် လက်ဝဲပါဒ ခြေတော်ရာကိုလည်းကောင်း၊ မဏိသေလကျောက်ဆောင်ပေါ်တွင် လက်ယာပါဒ ခြေတော်ရာကိုလည်းကောင်း ချပေးတော်မူခဲ့သည်။ ထိုအခါ ကမ္ဘာမြေကြီး အိုးထိန်းစက်ကဲ့သို့သွက်သွက် ခါမျှ တုန်လှုပ်လေသည်။ မုဆိုးလည်း ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ခုနစ်ရက်တိုင်တိုင် ပူဇော်ပြီးမှ ရွာသို့ပြန်လေသည်။ မုဆိုးပြောပြချက် အရ မင်းနှင့်တကွ ပြည်သူတို့သည် ခြေတော်ရာအား သွားရောက်ကာ ဖူးမြော်ကြပြီး မုဆိုးနှင့် မိသားစုဝင် များသည် ခြေတော်ရာအနီးတွင် ရဟန်းပြု၍ တရား အားထုတ်သဖြင့် တရားထူးရ၍ ကျွတ်တမ်းဝင်လေ သည်။
(မြင်မတိန်)တောင်အနီး မဟီရာမြစ်နဒီ အလယ်ဗဟို၌ ရေအိုင်ကြီးရှိပြီး ထိုရေအိုင်၏ အလယ် မဏိသေလကျောက်ဆောင်ပေါ်ဝယ် ‘‘ဇမ္ဗူမှာဒွေး ယာမှာဧ’’ ဆိုစကားအတိုင်း ကမ္ဘာပေါ် ၌ တစ်ဆူတည်းသာရှိသော ဘုရားရှင်၏ လက်ယာ ခြေတော်ရာ ရှိနေသည်။ (မြင်မတိန်) တောင်အဆုံး မှာရှိသည့် နာဠာဂီရိတောင်ထိပ်က တြိသေလဟု ခေါ်သည့် ဆင်တင်ကျောက်ဆောင်ပေါ်၌ လက်ဝဲ ပါဒခြေတော် ရာရှိသည်။ ‘‘ဇမ္မူမှာဒွေး ယာမှာဧ’’ ဆိုသည့်အတိုင်း ကမ္ဘာပေါ်ရှိခြေတော်ရာ ၁၂ ဆူ အနက် (၁၁)ဆူသည် လက်ဝဲခြေတော်ရာများဖြစ်ပြီး ရခိုင်ပြည်နယ် မအီချောင်းရှိ အထက်ခြေတော်ရာ သည် ထူးထူးခြားခြား လက်ယာခြေတော်ရာ ဖြစ်နေသည်။ မအီ ဒေသသည် မြောက်ဦးဆရာတော် ဝနဝါသီအရှင် ဝါယာမိန္ဒမထေရ်မြတ်၏ မွေးရပ် ဇာတိမြေလည်း ဖြစ်သည်။
ဆံတော်ရှင် ခြေတော်ရာ
မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ဘုရားရှင်သည် ဓညဝတီမှ မဇ္စျိမဒေသသို့အပြန် ကောင်းကင်ခရီးမှ ကြွချီလာခဲ့ရာ ကစ္ဆပနဒီမြစ်အဆုံး သမုဒ္ဒရာပေါ် အရောက်တွင် ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ဆူပွက်ခဲ့ပြီး အရပ်ရှစ်မျက်နှာလုံး လရောင်ဖြင့် လင်းလက်လာခဲ့သည်။ ထိုအခြင်းအရာကို နဂါး မင်းရှစ်ဦးတို့ သိမြင်လေရာ မြတ်စွာဘုရားကြွချီ လာကြောင်းတွေ့ရှိရ၍ ဘုရားရှင်နှင့်နောက်ပါ ရဟန်းငါးရာတို့အား ပင့်ဖိတ်လျက် ဆွမ်းဆက်ကပ် လှူဒါန်းကြလေသည်။
မြတ်စွာဘုရားရှင်က နဂါးမင်းတို့အား ဆံတော် နှစ်ဆူကို ပေးသနားချီးမြှင့်ပြီး ‘‘ဤအရပ်ဒေသ၌ ဗုဒ္ဓသာသနာတော် အရှည်ထွန်းကားတည်တံ့ လတ္တံ’’ ဟု ဗျာဒိတ်ပေးတော်မူကာ ဆက်လက် ခရီးကြွချီတော်မူခဲ့လေသည်။
နဂါးအပေါင်းတို့သည် ဗုဒ္ဓ၏ဆံတော်မြတ် များကို ဌာပနာထည့်တော်မူလျက် စေတီတစ်ဆူကို မြေငူကျွန်း နီလာပဗ္ဗတတောင်ထိပ်တွင် တည်ထား ကိုးကွယ်ခဲ့ကြလေသည်။ စန္ဒသူရိယမင်းသည် ဆံတော်ရှင်စေတီတော်အား လာရောက်ဖူးမြော် လေရာ နဂါးတို့တည်သောစေတီတော်မှာ လူတို့ တည်သောစေတီနှင့် မတူ၍ မူလစေတီကို ငုံပြီးလျှင် မိမိ၏ မကိုဋ်တော်နှင့်တူအောင် စေတီတော်ကို ပြန်လည်ပြုပြင်တည်ထားတော်မူခဲ့သည်။
ထို့ကြောင့် ဆံတော်ရှင်ဘုရားသမိုင်းလင်္ကာ တွင် “လူနှင့်နဂါး၊ တည်တုံငြားလည်း၊ ဘုရား ဆံတော်ရှင်၊ မြတ်ရှင်ပင်’’ဟု ရှေးစာဆိုများက စပ်ဆိုထားခဲ့ပါသည်။ ရခိုင်မင်းအဆက်ဆက်နှင့် ရခိုင်ပြည်သူတို့က ဆံတော်ရှင်စေတီတော်မြတ် ကြီးကို အစဉ်အဆက်မွမ်းမံပြုပြင် ထိန်းသိမ်း ကိုးကွယ်လာခဲ့ကြသည်။ ဆံတော်ရှင်ဘုရားနှင့် မနီးမဝေးတွင် ဗုဒ္ဓဘုရားရှင်က ခြေတော်ရာတစ်ဆူ ထားခဲ့ပြီး ဤခြေတော်ရာသည် ပေါက်တော မြို့နယ် မြေငူကျွန်း၊ စောမဲကျီကျေးရွာ အနီးနား တွင် တည်ရှိသည်။
မြတ်ဗုဒ္ဓ၏ ကိုယ်တော်၊ အရေတော် နူးညံ့သော ကြောင့် ဘုရားရှင်၏ခြေချရာအရပ်သည် ဝါဂွမ်း လေးများ ထိရာ၊ကျရာ အရပ်သို့အလား မြေနှင့်မထိ ဟု အဋ္ဌကထာဆရာကြီးများက ဆိုထားကြသည်။ သို့ဖြစ်၍ ဘုရားရှင်၏ခြေတော်ရာသည် မြေပြင်၌ အရာမထင်ပေ။ ဘုရားရှင် အဓိဋ္ဌာန်ချထားအပ်သော ခြေရာတော်တို့သည်ကား ဆင်၊ မြင်း စသောသတ္တဝါ တို့ နင်းကျော်သွားသော်လည်း ပျက်စီးခြင်း မရှိသကဲ့သို့ မိုးကြီးရွာ၍သော်လည်း၊ လေကြီးတိုက် ၍သော်လည်းကောင်း ပျက်စီးခြင်းမရှိဘဲ ပကတိ အတိုင်း တည်ရှိလေသည်။ မည်သူတစ်စုံတစ်ယောက် မျှ မဖျောက်ဖျက်နိုင်ပေ။
မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သော်လည်း မြတ်ဗုဒ္ဓမှ ကမ္ဘာပေါ်ရှိ လူသားတိုင်း အကျိုးများ စေရန်အတွက် မိမိ၏ကိုယ်စား ဓာတ်တော်၊ မွေတော်များ၊ အံတော်၊ နံတော် ၊ ဆံတော် စသည် များ နှင့် (ပါဒ) ခြေတော်ရာများကို ပူဇော်နိုင်ရန် ချန်ထားရစ် ခဲ့သည်။ အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်၌ မဟာ ပုရိသ ၃၂ ပါး လက္ခဏာတော်ပါရှိပြီး ထိုမဟာ ပုရိသလက္ခဏာတော်များသည် ဘုရားရှင် နုစဉ် ဘဝသင်္ချေများစွာက ကုသိုလ်ပါရမီများစွာ ဖြည့်ဆည်းတော်မူခဲ့သောကြောင့် ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ မဟာပုရိသ ၃၂ ပါး လက္ခဏာတော် ထဲက ဖဝါးတော်မြတ်သည် ညီညာပြီး ခြေတော် ရာ၌ ၁၀၈ ကွက်သော ဗုဒ္ဓစက်လက္ခဏာတော်များ ပါရှိသည်။
ဖူးမြော်ရခြင်း အကျိုးကျေးဇူး
ဗုဒ္ဓခြေတော်ရာများကို ပူဇော်ဖူးမြော်ရခြင်း အားဖြင့် အခြံအရံ ပရိသတ်ပေါများခြင်း၊ ခရီး သွားလာရာ၌ ဘေးအန္တရာယ်ကင်းဝေးခြင်း၊ အပါယ်လေးပါး မကျရောက်ခြင်းနှင့် နိဗ္ဗာန်သို့ မရောက်မီ လူ့ပြည်၊ နတ်ပြည်တို့၌သာလျှင် စုန်၊ ဆန် ကျင်လည်ရခြင်း၊ စကြာဝတေးမင်းဖြစ်နိုင်ခြင်း နှင့် နောက်ဆုံးသောဘဝ၌ ‘‘ပေဒသညက’’ မထေရ် ကဲ့သို့ အာသဝေါတရားကုန်ခန်းသော ရဟန္တာ အဖြစ်သို့ ရောက်ရှိနိုင်ခြင်း အစရှိသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။ ။
- Log in to post comments