Type
အောင်အောင် IR
စာရေးသူ တိုကျိုသွားပြီး လည်ပတ်မည့်နေရာ များကို စာရင်းပြုစုသောအခါ ခွေးကလေး ဟချီကိုးကြေးရုပ် (Hachiko Memorial Statue)၊ ဂင်ဇာ (Ginza) နှင့် ယာဘူကီချို (Kabukicho) တို့ကို ထည့်သွင်းခဲ့သည်။ ဂျပန် နှင့်နီးစပ်သည့် မြန်မာအများစုမှာ ခွေးကလေး ဟချီကိုးကြေးရုပ်ဆိုလျှင် ရုတ်တရက် မသိ ကြဘဲ ခွေးရုပ်ဘူတာဆိုမှ ရှီဘူယဘူတာရုံ (Shibuya Station) ရှေ့မှ ခွေးရုပ်တုကို မြင်ယောင်ကာ ဒီလိုနဲ့ ရှီဘူယဘူတာကို ခွေးရုပ်ဘူတာဟုခေါ်ရင်း နှုတ်ကျိုးသွားကြ သည်။ ခွေးရုပ်ဘူတာသို့ သွားရောက်လိုခြင်း အကြောင်းမှာ ဘူတာရုံရှေ့တွင် ထားရှိသော နာမည်ကျော် သစ္စာရှိ ခွေးကလေးဟချီကိုး ကြေးရုပ်တုနှင့် အနီးရှိ ရှီဘူယလူကူး မျဉ်းကျား (Shibuya Crossing) ကို ကြည့်ရှုလေ့လာရန်ဖြစ်သည်။ ဂင်ဇာမှာ သူဌေး၊ သူကြွယ်များနေထိုင်ရာ၊ ကမ္ဘာ့ ထိပ်တန်းကုန်တိုက်ကြီးများ တည်ရှိရာ၊ တိုကျို၏ မြေဈေးအကြီးဆုံးနေရာ စသဖြင့် ကျော်ကြားသည်။ ကာဘူကီချိုမှာ အပျော် အပါး ပေါင်းစုံရသည့်နေရာ၊ မီးနီရပ်ကွက် အဖြစ် လူသိများသည်။ ယခု ဆောင်းပါးတွင် အဆိုပါ သုံးနေရာစလုံးကို ပေါင်းစုရေးသား လိုသော်လည်း စာမျက်နှာ အခက်အခဲကြောင့် ခွေးရုပ်တုဘူတာ၊ ရှီဘူယလူကူးမျဉ်းကျားနှင့် ကိုယ်တွေ့ အတွေ့အကြုံများကိုသာ တင်ပြ သွားပါမည်။
ခွေးကလေးဟချီကိုးကြေးရုပ်
ခွေးရုပ်ဘူတာရှေ့ရှိ ခွေးရုပ်တုလေး၏ ဇာတ်လမ်းမှာ ဤသို့ဖြစ်သည်။ ပရော်ဖက်ဆာ ဟိုက်ဇဘူရိုအုအဲနော့ (Professor Hidesaburo Ueno) (၁၈၇၂-၁၉၂၅) သည် တိုကျိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး ၁၉၂၀ ပြည့်နှစ် အစောပိုင်းနှစ်များတွင် အာ့ခိတခရိုင်မှ ဟချီကိုးအမည်ရှိ ခွေးကလေး တစ်ကောင်ကို မွေးစားခဲ့သည်။ ထိုစဉ်က တိုကျိုတက္ကသိုလ်အမည်မှာ တိုကျို ဘုရင့် တက္ကသိုလ်ဖြစ်သည်။ ပရော်ဖက်ဆာ အုအဲနော့သည် နေ့စဉ် ရုံးဖွင့်ရက်များတွင် တက္ကသိုလ်ရှိရာသို့ ရှီဘူယဘူတာရုံမှတစ်ဆင့် သွားရပြီး ထိုသို့ ရုံးသွားသည့် နံနက်တိုင်းတွင် သူ၏ ခွေးကလေးဟချီကိုးမှာ ရှီဘူယဘူတာ ရုံသို့ လိုက်ပါလာလေ့ရှိသည်။ ခွေးကလေး ဟချီကိုး သည် သူ့သခင်ရုံးပြန်လာလေ့ရှိသည့် ညနေခင်း ၃ နာရီခန့်တွင် မပျက်မကွက် ရှီဘူယဘူတာရုံရှေ့မှာ လာရောက်စောင့်ကြို နေတတ်သည်။ ပရော်ဖက်ဆာသည် ၁၉၂၅ ခုနှစ် မေ ၂၁ ရက်တွင် တက္ကသိုလ်တွင် စာသင်ကြား ပို့ချနေခိုက် ရုတ်တရက် ဦးနှောက်အာရုံကြော ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး သူ၏ခွေး ကလေးထံ မည်သည့်အခါမျှ ပြန်လည်မရောက် ရှိလာတော့ပေ။ သို့နှင့်တိုင် သစ္စာရှိခွေးကလေး ဟချီကိုးသည် သူ့သခင် ပရော်ဖက်ဆာအား နေ့စဉ်ညနေခင်းများတွင် အချိန်မှန် ရှီဘူယ ဘူတာရုံရှေ့တွင် နာရီနှင့် ချီကာ လာရောက် စောင့်ဆိုင်းနေခဲ့သည်မှာ နောက်ဆုံး သူ (ခွေးကလေး) ကွယ်လွန်သည့်အချိန် ၁၉၃၅ ခုနှစ်အထိပင် ဖြစ်တော့သည်။ ၁၉၃၂ ခုနှစ်တွင် ဂျပန်သတင်းစာတစ်စောင်မှ နှစ်နှင့်ချီကာ ကွယ်လွန်သွားသော သခင်ဖြစ်သူအား နေ့စဉ်လာရောက် စောင့်ဆိုင်းနေတတ်သော ခွေးကလေးဟချီကိုးအကြောင်း သတင်း ရေးသားဖော်ပြရာမှ ခွေးကလေးသည် ဂျပန်နိုင်ငံတစ်လွှား လူသိများကျော်ကြား လာခဲ့သည်။ ထိုစဉ်က လူအများက ခွေးကလေး ကို ‘Chuken-Hachiko’(‘Hachiko – the faithful dog’) ဟု အမည်ပေးခဲ့ကြသည်။ ခွေးကလေးသက်ရှိထင်ရှားရှိစဉ် ၁၉၃၄ ခုနှစ် မှာပင် ခွေးကလေး၏ သစ္စာစောင့်သိမှုကို ဂုဏ်ပြုသည့်အနေဖြင့် ရှီဘူယဘူတာရုံရှေ့တွင် ကြေးဖြင့်ထုဆစ်သော ခွေးရုပ်တုလေးကို စိုက်ထူထားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ခွေး ကလေး ဟချီကိုးအား တက်ရောက်စေခဲ့သည်။ ခွေးကလေးဟချီကိုးသည် ၁၉၃၅ ခုနှစ် မတ်လ ၈ ရက်တွင် ရှီဘူယဘူတာရုံအနီး လမ်း တစ်လမ်းတွင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ သည်ဟု သိရသည်။
ထိုစဉ်က ခွေးကလေးဟချီကိုး ကွယ်လွန် သည့် သတင်းသည် ဂျပန်နိုင်ငံတွင် ထိပ်တန်း သတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ခွေးကလေးကို တိုကျို မြို့ရှိ အာအိုယာမသင်္ချိုင်း (Aoyama cemetery) ရှိ လွန်ခဲ့သော ၁၀ နှစ်ခန့်က ကွယ်လွန် သွားရှာပြီဖြစ်သော သူ့သခင် ပရော်ဖက်ဆာ၏ အုတ်ဂူအနီးတွင်ပင် မြှုပ်နှံပေးခဲ့ပြီး ဟချီကိုး အထိမ်းအမှတ် ဂျပန်ရိုးရာနတ်ကွန်းငယ် ကိုလည်း ထိုနေရာ၌ပင် ထားရှိသည်ဟု သိရ သည်။
ဂျပန်ဝက်ဘ်ဆိုက်တစ်ခုတွင် ခွေးရုပ်တု ကလေးကို ခွေးကလေးသက်ရှိထင်ရှားရှိချိန် ကပင် ထုလုပ်ခဲ့ကြသည်။ သို့သော် ဒုတိယ ကမ္ဘာစစ်အတွင်း လက်နက်များပြုလုပ်ရန် သံထည်များလိုအပ်သဖြင့် မူလခွေးရုပ်တုကို သံတိုသံစများအဖြစ် ကြိုချက်ဖြတ်တောက် အသုံးပြုခဲ့သည်။ စစ်အပြီး ၁၉၄၈ ခုနှစ် သြဂုတ် လတွင် ခွေးရုပ်တုလေးအား မူလလက်ရာ အတိုင်း ပြန်လည်ထုဆစ်သွန်းလုပ်ခဲ့သည်ဟု ဖော်ပြသည်။ ယခုအခါ ထိုခွေးရုပ်တုကလေး သည် ကမ္ဘာ့လူအစည်ကားဆုံး ဘူတာရုံများမှ တစ်ရုံအဖြစ် အသိအမှတ်ပြုထားသည့် ရှီဘူယ ဘူတာရုံသို့ လာရောက်ကြသည့် ခရီးသွားများ ချိန်းဆိုတွေ့ဆုံရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး တိုကျိုမြို့နှင့်ပတ်သက်ပြီး လူသိအများဆုံး အမှတ်သင်္ကေတများထဲမှာ တစ်ခုဖြစ်လာ ခဲ့သည်။
၁၉၈၇ ခုနှစ်တွင် ခွေးကလေးဟချီကိုး အကြောင်း ဂျပန်ရုပ်ရှင်ကားတစ်ကား (Hachiko Monogatari/ The tale of Hachiko) ထွက်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ ထိုခွေးကလေး အား ဇာတ်အိမ်တည်ပြီး ‘ဟချီ’ (Hachi: A Dog’s Tale) အမည်ဖြင့် ရုပ်ရှင်ဇာတ်ကား တစ်ကားထုတ်လုပ်ခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးရာနေရာဖြစ်သည့် အမေရိကန်နိုင်ငံ ရို့တ်ကျွန်းစု (Rhode Island) ရှိ ဟချီခွေးလေး က သူ့သခင် အမေရိကန်ရုပ်ရှင်မင်းသားကြီး ရစ်ချက်ဂီရီအလုပ်မှ ပြန်အလာကို စောင့်ကြို နေခဲ့သည့် နေရာတွင် ‘ဟချီကိုး’ အမှတ်တရ ခွေးရုပ်တုလေး (Hachiko Statue) ကို တည်ထောင်ထားရှိ သည်။ ခွေးဇာတ်လမ်းသည် ထိုမျှနှင့်ပင် မပြီးသေးပေ။ ခွေးကလေးဟချီကိုး သေဆုံးသည့် နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ် မတ် ၉ရက်တွင် ပရော်ဖက်ဆာ အုအဲနော့ အလုပ်လုပ်ခဲ့သည့် တိုကျို တက္ကသိုလ်၊ စိုက်ပျိုးရေးဌာနမှ အုအဲနော့နှင့် သူ၏ သစ္စာရှိခွေးကလေး ဟချီကိုး ပြန်လည် ဆုံစည်းကြခြင်း အထိမ်းအမှတ်အဖြစ် ‘ဟိုက်ဇဘူရိုအုအဲနော့နှင့် ဟချီကိုးအမှတ်တရ ကြေးရုပ်တု’ (Statue of Hachiko& Hidesaburo Ueno) ကို တိုကျိုတက္ကသိုလ်၏ စိုက်ပျိုးရေးဌာနရှေ့တွင် စိုက်ထူထားရှိခဲ့သည်။ ရုပ်တုမှာ အလုပ်မှ ပြန်လာသည့် သခင်ဖြစ်သူ အုအဲနော့အား တွေ့မြင်သဖြင့် စိတ်လှုပ်ရှား ပျော်ရွှင်နေသည့် ခွေးကလေးဟချီကိုးသည် သခင်ဖြစ်သူထံ ပြေးလွှားခုန်တက်နေဟန် ဖြစ်သည်။
ကိုယ်တွေ့ ခွေးကလေးဟချီကိုးကြေးရုပ်
တိုကျိုတွင် တစ်နေကုန်လည်ပတ် ပြီးနောက် ညနေ ၆ နာရီခန့်တွင် အဆိုပါ ခွေးရုပ်ရှိရာ ရှီဘူယဘူတာရုံသို့ သွားခဲ့သည်။ ရှီဘူယဘူတာရုံသည် ဂျပန်နိုင်ငံတွင် လူအစည် ကားဆုံး၊ လူအရှုပ်ထွေးဆုံး ဘူတာရုံများမှ တစ်ရုံဖြစ်ပြီး ထိုဘူတာရုံသို့ မီးရထားလိုင်း ပေါင်းများစွာ ရောက်ရှိပါသည်။ ဘူတာရုံ၏ ခွေးကလေးအမည်ပေးထားသော ‘ဟချီကိုး ထွက်ပေါက်’မှတစ်ဆင့် ထွက်လိုက်လျှင် ခွေးရုပ်တုလေးအား ထင်ထင်ရှားရှား တွေ့မြင် နိုင်မည်ဖြစ်သည်။ များသောအားဖြင့် ခွေး ရုပ်တုလေးအနားတွင် နေ့၊ညမပြတ် လာရောက်ကြည့်ရှုသူများနှင့် စည်ကားနေ တတ်ပြီး ညနေပိုင်း၊ ညပိုင်းများတွင် အဆိုပါ ခွေးရုပ်နေရာအနီးတွင် ထိုင်စရာ၊ ရပ်စရာ နေရာမရတတ်သည်အထိ ခွေးရုပ်အနီး လူအများနှင့် ပြည့်နှက်စည်ကားနေတတ် သည်။
စာရေးသူအဆိုပါ ခွေးရုပ်တုဆီသို့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မိတ်ဆွေ တစ်ဦးနှင့်အတူ ရောက်ရှိခဲ့ဖူးပြီး ယခု ၁၅ နှစ် အကြာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပါ သည်။ ထုံးစံအတိုင်း ညနေဘက်ဖြစ်လေရာ ရောက်ရှိချိန်တွင် ခွေးရုပ်အနီး လူများစွာပင် ပြည့်ကျပ်နေသည်။ စာရေးသူ ယခင်ရောက်ခဲ့ စဉ်က ခွေးရုပ်တုအနီး လူများစွာရှိနေခဲ့ သည်ကို ခပ်ရေးရေးသတိရမိသည်။ စာရေးသူ ယခု ၁၅ နှစ်အကြာ ညနေခင်းအချိန်တွင်ပင် ထိုခွေးရုပ်လေးထံ တစ်ဖန် ပြန်လည်ရောက်ရှိခဲ့ ပြန်ပြီ ဖြစ်သည်။ ယခုတိုင် ခွေးရုပ်တုအနီး လူများစွာရှိနေဆဲမှာ မျက်မြင်ဖြစ်လေတော့ သည်။ ဟချီကိုးခွေးကလေး၏ ဂုဏ်သတင်း သည် ကြီးမားစွတကား။
ခွေးရုပ်တုပတ်လည် ဓာတ်ပုံများရိုက်ကူး မှတ်တမ်းတင်ပြီးနောက် ခွေးရုပ်တုကို အနီးကပ်လေ့လာဖြစ်သည်။ ခွေးရုပ်တုလေး တည်ရှိပုံသည် အင်မတန် ရိုးရှင်းပါသည်။ အောက်ခံအုတ်ခုံအနိမ့်တစ်ခု၊ အမြင့်တစ်ခု ရှိသည်။ ဒုတိယအုတ်ခုံအမြင့်ပေါ်တွင် ကြေးပြားအထူတစ်ချပ်ခင်းထားပြီး အဆိုပါ ကြေးပြားပေါ်တွင် ကြေးရုပ်တုခွေးကလေး သည် ဆောင့်ကြောင့်ထိုင်လျက် ရှေ့တူရူသို့ လေးနက်စွာ လှမ်းမျှော်ကြည့်နေသည့် အနေအထားဖြစ်ပါသည်။ အုတ်ခုံများ အပါ အဝင် ခွေးရုပ်အစ၊ အဆုံး လူတစ်ရပ် ကျော်ကျော်သာရှိပြီး ရုတ်တရက်ကြည့်လျှင် သာမန် ကြေးရောင်မှိုင်းညို့ညို့ ခွေးရုပ်တု ကလေးတစ်ခုသာ ဖြစ်ပါသည်။ ခွေးရုပ်တု နောက်ကျောဘက်အနီးတွင် ပတ်လည် ထိုင်စရာ အုတ်ခုံများရှိပြီး အနီးဝန်းကျင်နှင့် အထက်မိုးကောင်းကင်မှာလည်း ထပ်မြင့် အဆောက်အဦများနှင့် တိုက်နံရံအမြင့်များ တွင် ချိတ်ဆွဲထားသော ကြော်ငြာတီဗွီကြီး များမှ အလင်းရောင်များဖြင့် ထိန်ထိန်ညီး လျက်ရှိသည်။ အဆိုပါ ခွေးရုပ်တုလေးရှိသည့် နေရာပတ်လည်ကို အချို့သူများက ဟချီကိုး ရင်ပြင် (Hachiko Square)ဟု ခေါ်ဝေါ် သုံးနှုန်းကြသည်။
ရှီဘူယလူကူးမျဉ်းကျား
ခွေးရုပ်တုလေးနှင့် မလှမ်းမကမ်းတွင် ခွေးရုပ်တုနည်းတူ တိုကျိုမြို့တော်၏ နာမည်ကျော် အမှတ်သင်္ကေတတစ်ခု ရှိပါ သည်။ ၎င်းမှာ ကမ္ဘာကျော် ရှီဘူယလူကူး မျဉ်းကျား ဖြစ်သည်။ အဆိုပါ လူကူးမျဉ်းကျား ကြီး ပတ်လည်တွင် ကော်ဖီဆိုင်များ၊ ဘားဆိုင် များ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ ပြည့်နှက်နေပြီး မြင်အောင်ရေးရပါလျှင် သုံးဘက်သုံးတန်မှ ပလက်ဖောင်းများပေါ်တွင် လူမြောက်မြားစွာသည် သူတို့အပေါ်မှ အုပ်စီးထားသော အထပ်မြင့်တိုက်ကြီးများမှ ထိန်ထိန်ညီးနေသော ကြော်ငြာဆိုင်းဘုတ် ကြီးများ၊ ကုန်ပစ္စည်းကြော်ငြာ ဧရာမ ရုပ်မြင်သံကြားပြင်များ အောက်ဝယ် တစ်ဖက်တစ်ချက် သုံးဘက်သုံးတန်မှ မီးပွိုင့်များ တစ်ပြိုင်နက်တည်း စိမ်းမည့် အခြေအနေကို စောင့်ဆိုင်းလျက်ရှိကြပြီး မီးပွိုင့်စိမ်းသည်နှင့် ပလက်ဖောင်းများပေါ်တွင် စောင့်ဆိုင်းနေကြသော သူများသည် တစ်ပြိုင်နက် လူကူးမျဉ်းကျားများမှတစ်ဆင့် လမ်းများကူးရင်း အလယ်တွင် လူတန်း၊ လူအုပ်ကြီးသုံးအုပ် ဆုံမိကြကာ တစ်ယောက် နှင့်တစ်ယောက် မတိုးမိစေရန် ရှောင်ရှား ကြရင်း သွားလာကြသည့် ပုံရိပ်များ ဖြစ်သည်။
အဆိုပါ လမ်းကူးချိန်မြင်ကွင်းကို နိုင်ငံတကာ ရုပ်ရှင်များ၊ သတင်းများ၊ ကြော်ငြာများတွင် မကြာခဏ မြင်တွေ့ရလေ့ရှိပြီး အချို့ နိုင်ငံခြားသားများက အဆိုပါ ရှီဘူယလူကူး မျဉ်းကျားကို တိုကျိုမြို့တော်၏ အထင်ရှား ဆုံးသော သင်္ကေတတစ်ခုအဖြစ် သတ်မှတ် ညွှန်းဆိုကြသည်။ လူများချိန် လမ်းတစ်ခါ ဖြတ်ကူးလျှင် လူထောင်ဂဏန်းအထိရှိတတ်ပြီး တစ်နေ့လျှင် ထိုရှီဘူယ လူကူးမျဉ်းကျား နေရာမှ လူပေါင်း ၅၀၀၀၀၀ ဝန်းကျင် ဖြတ်ကူးသွားလာသည်ဟု သိရသည်။
အဆိုပါ လမ်းကူးချိန်ကို ကြည့်ရှုရန် အကောင်းဆုံးနေရာမှာ အပေါ်စီးမှ ဖြစ်သည်ဟု ဆိုကြပါသည်။ လမ်းညွှန်ဝက်ဘ်ဆိုက် အချို့တွင် ရှီဘူယမျဉ်းကျား လူဖြတ်ကူးချိန် ကို အပေါ်စီးမှ ကြည့်ရှုရန် အကောင်းဆုံး နေရာများမှာ လူကူးမျဉ်းကျားအနီးရှိ Mag’s Park Building ၏ ခေါင်မိုး၊ Shibuya Sky Building (Shibuya Scramble Square)၏ ခေါင်မိုး၊ Tsutaya Building ၏ ဒုတိယအထပ် တွင် တည်ရှိသော စတားဘတ်ခ်ကော်ဖီဆိုင် (Starbucks Coffee)၊ ရှီဘူယဘူတာရုံအတွင်းရှိ Shibuya Station နှင့် Mark City Building တို့အား ဆက်သွယ်ထားသည့် လူကူးတံတား နှင့် L’OCCITANE Cafe တို့ ဖြစ်သည်။ စာရေးသူအမြင်ကတော့ အပေါ်မှ ကြည့်မည် ဆိုလျှင် အချိန်လည်းကုန်ပြီး အပေါ်မှ ကြည့်ရ မည့် နေရာအများစုသည် ဝင်ကြေးလည်း ပေးရပါလိမ့်မည်။ လူများနှင့်လည်း ဝေးကွာ သလို ခံစားရမည်ဖြစ်ပြီး သဘာဝဆူညံသံ များကိုလည်း ကြားရလိမ့်မည်မဟုတ်ပါ။ သို့ဖြစ်ရာ စာရေးသူကတော့ ခွေးရုပ်တုလေး ရှိသည့် ခွေးရုပ်ရင်ပြင်ထောင့်တစ်နေရာမှာ ပင် နေရာယူရင်း အဆိုပါကမ္ဘာကျော် လူကူး မျဉ်းကျားတွင် လူအများသွားလာနေပုံကို နှစ်ကြိမ်၊ သုံးကြိမ် ကြည့်ရှုခဲ့ပြီး ရောနှောပါဝင် လမ်းဖြတ်ကူးဖူးခဲ့သည်။
‘ခွေးကလေး ဟချီကိုးကြေးရုပ်တု’ ထံ သွားရောက်လည်ပတ်လိုပါက လိပ်စာမှာ Shibuya, Tokyo 150-0043, Japan ဖြစ်ပြီး အနီးဆုံးဘူတာမှာShibuya Station (Hachiko Exit)ဖြစ်သည်။ ‘ခွေးကလေးဟချီကိုးအုတ်ဂူ’ ထံ သွားရောက်လေ့လာလိုပါက အာအိုယာမ သင်္ချိုင်း (AyomaCemetery) လိပ်စာမှာ 2 Chome-33 Minamiaoyama, Minato-ku, Tōkyō-to 107-0062 ဖြစ်ပြီး သင်္ချိုင်းရှိ ဟချီကိုးအုတ်ဂူတည်နေရာမှာ Area 6, plot 12, Ayoma Cemetery ဖြစ်ပါသည်။ အနီးဆုံးဘူတာမှာ Aoyama-Itchome Station (Ginza, Oedo&Hanzomon Lines) ဖြစ်ကာ ဘူတာရုံမှ သင်္ချိုင်းသို့ ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည်။ တိုကျိုတက္ကသိုလ်တွင် စိုက်ထူထားသော ‘ဟိုက်ဇဘူရိုအုအဲနော့နှင့် ဟချီကိုး အမှတ်တရကြေးရုပ်တု’ ထံ သွားရောက်ကြည့်ရှုလိုပါက လိပ်စာမှာ ‘the grounds of the Department of Agriculture at the University of Tokyo’ ဖြစ်ပြီး အနီးဆုံးဘူတာမှာ Todaimae Station (Nanboku Line) ဖြစ်ပါသည်။ ။
- Log in to post comments