တရားဥပဒေစိုးမိုးရေး ပူးပေါင်းပါဝင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန် ယူခဲ့သည်မှာ တစ်လနှင့် ရက်သတ္တတစ်ပတ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မြို့ပြဒေသအသီးသီးတွင် ဖြစ်ပေါ် နေသည့် ဆန္ဒပြမှုများမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ၊ အကြမ်းဖက်လုပ်ရပ်များ ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရသလို အကြမ်းဖက်လုပ်ရပ်များကိုမူ လိုအပ်သလို ဖြိုခွင်းနှိမ်နင်းရ သည်များလည်းရှိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သော ပြီးခဲ့သည့် အစိုးရနှစ်ရပ်လက်ထက်တွင် လည်း ဆန္ဒပြမှုများနှင့် ဆူပူအကြမ်းဖက်မှုများကို လိုအပ်သလို ဖြိုခွင်းနှိမ်နင်းခဲ့ကြရသည်။ ဆူပူအကြမ်းဖက်သူများမှာ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်၊ ရိုက်နှက်ညှဉ်းပန်းခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ အား CDM ပြုလုပ်စေရန် ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းများနှင့် ပြည်သူအချို့အား သတင်းပေးများ အဖြစ် စွပ်စွဲကာ လူအုပ်စုဖြင့် မတရားချုပ်နှောင်ခြင်း၊ လူ့ဂုဏ် သိက္ခာထိပါးစေသည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခြင်း တို့ကို မင်းမဲ့စရိုက်ဆန်စွာ ပြုမူခဲ့ကြသည်။ ယခုအခါ ယင်းသို့ ပြစ်မှုကျူးလွန်သူများအနက်မှ ပါဝင်သူအချို့ကို ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိအစိုးရကို ဆန့်ကျင်နေသူများအနေဖြင့် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်မှုရရန်ရည်ရွယ်ပြီး လမ်းပေါ်ဆန္ဒပြပွဲများ မပြတ်ပြုလုပ်နေရေး၊ ထိပ်တိုက်ရင်ဆိုင် တွေ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြင့် အင်အားသုံးဖြိုခွဲ မှုများ ပေါ်ပေါက်လာစေကာ အစိုးရအပေါ် ပြည်တွင်းပြည်ပ မှ ဖိအားများ ပိုမိုကျရောက်လာစေရေး၊ CDM လှုပ်ရှားမှုများ ဖြင့် အစိုးရကို အကျပ်ရိုက်စေကာ ပြည်သူ့ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားခြင်းကြောင့် ပြည်သူလူထုအတွင်း တင်းမာမှု များ မြင့်တက်လာစေရေး၊ တာဝန်ကျေပွန်စွာ ထမ်းဆောင် နေကြသည့် နိုင်ငံ့ဝန်ထမ်းများအပေါ် ရပ်ရွာပြည်သူလူထုက အမြင်စောင်းလာစေရန် သွေးထိုးလှုံ့ဆော်ပေးခြင်းဖြင့် ဝန်ထမ်းများ စိတ်ဓာတ်ပျက်ပြားလာစေရေးတို့ကို နည်းလမ်း မျိုးစုံအသုံးပြုကာ လုပ်ဆောင်နေကြခြင်းကို တွေ့ရသည်။ ယခုအခါ ဆန္ဒပြဆူပူမှုများ၊ CDM လှုပ်ရှားမှုများ၏ နောက် ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့သူများ၊ ဘဏ္ဍာငွေရှာဖွေထောက်ပံ့ မှုလမ်းကြောင်းများကို စတင်ဖော်ထုတ်တွေ့ရှိလာပြီဖြစ် သလို နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် အကြမ်းဖက်လုပ်ရပ် ပြုလုပ်ခဲ့သူများကို ဖမ်းဆီးအရေးယူမှုများလည်း ဖြစ်ပေါ်လာပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသည့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်သွားမည့် လမ်းပြမြေပုံ ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းပင်ဖြစ်သည်။ ယင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်” ဟူသော အချက်ပါဝင်သည်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အကောင်အထည်ဖော် အောင်မြင်နိုင်ရန်မှာ နိုင်ငံ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ မဖြစ်မနေ လိုအပ်သည့်အလျောက် နိုင်ငံသူ နိုင်ငံသား ပြည်သူအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဆူပူအကြမ်းဖက်မှုများ ဖယ်ရှားကာ ငြိမ်းချမ်းညင်သာသည့် နိုင်ငံရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ပါစေကြောင်း။ ။