Type

ကိုထွန်းခင်
ခင်မင်ရတဲ့ မိတ်ဆွေတစ်ယောက်က CDM မှာ မပါဝင်တဲ့အတွက် သူ့ရဲ့ဓာတ်ပုံကို ဗီနိုင်းဖောက် ဖေ့စ်ဘွတ်ပေါ်တင်ပြီး အရှက်ခွဲခံရတဲ့အကြောင်း ပြောလာပါတယ်။ စာရေးသူက သူ့ရဲ့မိခင်မှာ ကင်ဆာရောဂါဝေဒနာခံစားနေရပြီး ဆေးသွင်းကုသနေရတာ တစ်နှစ်နီးပါးရှိနေတာကို သိထားတဲ့အတွက် ကျန်းမာရေးအခြေအနေကို မေးမြန်းရာ အတော်မကောင်းတော့ကြောင်း၊ မိုးကုတ်ဆရာတော်ကြီး ဟောကြားသည့် အလုပ်ပေးဝိပဿနာတရားတွေကို အချိန်ပြည့်ဖွင့်ပေးထားရပြီး အနားမှာအနီးကပ်စောင့်ကြပ်ဂရုစိုက်နေရကြောင်း၊ တိုင်းရေးပြည်ရာ အဖြာဖြာကို သိရှိပါသော်လည်း မိခင်ကြီးရဲ့ကျန်းမာရေးက အရေးကြီးနေလို့ အာရုံစိုက်နေရတဲ့အတွက် သူများ CDM သော်လည်း သူ့မှာ စိတ်မဝင်စားနိုင်ကြောင်း ပြောလာပါတယ်။
အဲဒါကို အတွင်းကျကျမသိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက အခုလို လုပ်လိုက်တာလို့လည်း ပြောပါတယ်။ Social Bullying လုပ်ရင် တိုင်ကြားလို့ရတဲ့ ဖုန်းနံပါတ်တွေ ရှိတယ် ဆိုပေမယ့် မတိုင်တော့ပါဘူး။ ဒီလိုနည်းနဲ့ ကလဲ့စားမချေတော့ပါဘူးတဲ့။ ပြုသူအသစ် ဖြစ်သူ အဟောင်း၊ သူတို့ပေးတဲ့အကုသိုလ်ကို ကိုယ်မယူရင် သူတို့ဆီမှာပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ်။
မိတ်ဆွေက သူ့စိတ်ကို အမြဲသတိထားပြီး ဘာတွေနဲ့ပဲ ကြုံကြုံ စိတ်ကြည်လင်အောင်၊ အေးချမ်းအောင်နေပါတယ်တဲ့။ ကုသိုလ် ရအောင်တောင် အလှူအတန်းတွေ လုပ်နေရသေးတာ၊ လူတိုင်းအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်တာ၊ လူတိုင်းအပေါ် မေတ္တာနဲ့ဆက်ဆံ တာလည်း ကုသိုလ်ရတာပါပဲ။ သူတို့ ပြောချင်တာပြောလိုက်ရလို့၊ လုပ်ချင်တာ လုပ်လိုက်ရလို့ သူတို့စိတ်ချမ်းသာသွားရင် ကိုယ်လည်း ကုသိုလ်ရပါတယ်လို့ ပြောလာပါတယ်။
မိတ်ဆွေနဲ့ စကားစမြည်ပြောပြီး လမ်းခွဲလာခဲ့ပေမယ့် တွေးစရာ တွေက တစ်ပုံတစ်ပင်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလဆန်းကစတင်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။ နွေဦး တော်လှန်ရေးလို့ခေါင်းစဉ်နဲ့ လူထုလှုပ်ရှားမှုတွေ၊ လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေအားလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီဆိုရင် အစိုးရရဲ့ ယန္တရားတစ်ခုလုံး ရပ်ဆိုင်းသွားပြီး နွေဦးတော်လှန်ရေးဟာ အောင်မြင်ပြီလို့ ယူဆနေကြပါတယ်။ ဒါ့ကြောင့် ရန်ပြုဆန့်ကျင်လိုသူအချို့နဲ့ တိုင်းပြည်ကို အကျိုးမလိုလား သူတွေ ၊ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသူဟာ နိုင်ငံ့ဝန်ထမ်းတွေ ကို ပစ်မှတ်ထားပြီး ရုံးမတက်ရအောင် နည်းအမျိုးမျိုးနဲ့ ဟန့်တား နှောင့်ယှက်တာ၊ သွေးဆောင်ဖြားယောင်းတာ၊ ဖိအားပေး အကျပ်ကိုင် ခြိမ်းခြောက်တာတွေကို လုပ်ဆောင်နေကြပါတယ်။
ကိုယ်ပိုင်ယုံကြည်ချက်၊ ရပ်တည်ချက်တွေနဲ့ နိုင်ငံ့ဝန်ထမ်းအချို့ CDM မှာ ပါဝင်ကြပေမယ့် အချို့ကတော့ သွေးထိုးလှုံ့ဆော်မှုတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြောင့် ဝတ်ကျေတန်းကျေဆိုသလို ပါဝင်နေကြရပါတယ်။ အချို့ဆိုရင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တယ်လို့ မဖြစ်မနေကြေညာလိုက်ပေမယ့် ၃/၄ ရက်အကြာမှာ တော့ ပုံမှန်အတိုင်း ရုံးပြန်တက်နေကြတာတွေလည်း ရှိပါတယ်။
တကယ်တော့ ရုံးပြန်တက်လို့ အပြစ်ပြောစရာမလိုသလို CDM မှာ မပါဝင်လို့လည်း အခုလိုအရှက်ခွဲတာ၊ လှောင်ပြောင်တာတွေ လုပ်စရာမလိုဘူးလို့ ထင်ပါတယ်။ မကြာခင်ကပဲ အပြင်မှာ မျက်မှန်း တန်းမိနေပြီး ဖေ့စ်ဘွတ်မှာ Friend ဖြစ်နေသူတစ်ယောက်က တင်ထားပါတယ်။ သူလည်း အရင်က နိုင်ငံ့ဝန်ထမ်းတစ်ဦးပါ။
ဒါပေမယ့် တာဝန်ကျေလို့ အသိအမှတ်ပြုခံရတဲ့၊ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတစ်ဦး၊ ပရော်ဖက်ရှင်နယ်တစ်ဦးတော့ မဟုတ်ပါဘူး။ သူ CDM လှုပ်ရှားမှုမှာ ပါဝင်နေတာကိုတော့ သူတင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကြောင့် သိထားပါတယ်။ သူက CDM မှာ မပါဝင်တဲ့သူတွေ ကို စာရင်းပြုစုနေပါတယ်တဲ့။ မကြာခင် ဓာတ်ပုံနဲ့တကွ တင်မယ်လို့ လည်း လူမှုကွန်ရက်မှာ ခြိမ်းခြောက်ရေးသားထားပါတယ်။
နွေဦးတော်လှန်ရေးအစမှာ အကြမ်းမဖက်ဘူး၊ အားလုံးအပေါ် မေတ္တာနဲ့ငြိမ်းချမ်းစွာ ဆန္ဒပြမယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အသား အရောင်၊ လူမျိုး၊ ဘာသာတရား၊ ငွေကြေး၊ ပညာစတဲ့ ကွဲပြားမှုတွေ ဆိုတာမရှိ၊ ဒေါသကို ရှေ့တန်းမတင်ဘဲ မေတ္တာထားနိုင်တဲ့ စိတ်ဓာတ် ခွန်အားရှိသူတွေ၊ လူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားသူ တွေ၊ ခေါင်းဆောင်ဆိုတာမရှိ အားလုံးဟာ ခေါင်းဆောင်တွေလို့ ပြောဆိုအသိအမှတ်ပြုခဲ့ကြပါတယ်။
အခုတော့ CDM မှာ မပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လူမှုကွန်ရက် ပေါ်တင်ပြီး အရှက်ခွဲမယ့်၊ လှောင်ပြောင်သရော်မယ့်၊ ကဲ့ရဲ့ပြစ်တင်မယ့် သူတွေကရော မြန်မာနိုင်ငံသား ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအချင်းချင်းပဲ မဟုတ်ဘူးလား။ ကိုယ်နဲ့အယူအဆ မတူတိုင်း၊ အများနဲ့ မတူတိုင်း ဆန့်ကျင်တိုက်ခိုက်နေတာတွေကရော ဖြစ်သင့် ပါရဲ့လား။
နိုင်ငံရဲ့ ပကတိအခြေအနေကို စဉ်းစားသုံးသပ်ပြီး ကိုယ့်ရဲ့ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်ကြောင့် ကိုယ်စိတ်ဆန္ဒရှိတဲ့ အတိုင်း ရပ်တည်ပါ။ ရပ်တည်လို့ရပါတယ်။ ဒီလိုပါပဲ သူများတွေရဲ့ ရပ်တည် ချက်ကိုလည်း လွတ်လပ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ သူ့မှာ ကိုယ်မသိနိုင် တဲ့ အကြောင်းတရားတွေ၊ ကိုယ်မဖြတ်သန်းဖူးတဲ့ အတွေ့အကြုံတွေ၊ ကိုယ်ဉာဏ်နဲ့ မမီနိုင်တဲ့ အတွေးအခေါ်တွေလည်း ရှိကောင်းရှိနေနိုင် တယ်။
ဘယ်လိုပင် အယူအဆအမျိုးမျိုး ကွဲပြားနေပါစေ ဒီမိုကရေစီဆိုတဲ့ အတိုင်း အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာ ဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ကြွေးကြော်နေပြီး အချို့လုပ်ရပ်တွေဟာ ဒီမိုကရေစီနဲ့ ဖီလာဆန့်ကျင် နေသလို ဥပဒေကို မျက်ကွယ်ပြုရာလည်း ရောက်နေပါတယ်။
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ဆိုတာလို အားလုံးဟာ သူ့အကြောင်းတရားတွေနဲ့သူ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဘဝပေးအခြေအနေတွေ မတူကြပါ ဘူး။ ကိုယ့်အတွက် ဘဝမှာ တောင့်တလိုက်ရင် အရာရာ ပြည့်စုံတယ်၊ လိုအပ်ချက်မရှိ၊ ပူပင်စရာမရှိ ဘဝလမ်းကြောင်းဟာ ဖြောင့်တန်း နေတိုင်း သူများတွေလည်း ဒီလိုပဲ ဖြစ်မှာပဲလို့ ထင်လို့မရပါဘူး။
ကိုယ်က စိတ်သွားတိုင်းကိုယ်ပါ နောက်ကြောင်းအေးပေမယ့် မိသားစုအရေးကို ထည့်တွက် ငဲ့ကွက်ရတဲ့ အခြေအနေတွေနဲ့ လူတွေ လည်း ရှိပါတယ်။ လောကကြီးကို၊ အရာရာကို၊ လူအများကို ကိုယ့်စိတ်အတိုင်း လိုက်ပါရမယ်၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရ မယ်ဆိုတဲ့ အတွေးတွေ၊ လုပ်ရပ်တွေက ကလေးဆန်လွန်းပါတယ်။
လူမှုအသိုင်းအဝိုင်းမှာ အရှက်ရအောင်၊ အဆက်အဆံမပြုဘဲ ဖယ်ကြဉ်လိုက်တဲ့အတွက် နောင်ကိုဒီလိုအမှားမျိုးမပြုဘဲ နောင်တ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Social Bullying ပြုလုပ်နေကြတာလို့ အကြမ်းဖျင်း နားလည်ထားပါတယ်။ အဲဒါကိုတချို့က “ Social punishment ဆိုတာ မြတ်ဗုဒ္ဓလည်း လုပ်ခဲ့ဖူးပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဖွားဖက်တော်ဆန္နမထေရ်ဟာ ဘယ်သူ့ရဲ့ အဆုံးအမကိုမှ မခံတာ ကြောင့် ဘုရားကိုယ်တော်တိုင် Social punishment ပေးခဲ့ဖူးပါတယ်” တစ်ဖက်စောင်းနင်း လိုရာဆွဲပြီး ရေးကြ၊ ပြောကြတာကို တွေ့ရပါ တယ်။
အတုမရှိ အနှိုင်းမဲ့ မြတ်စွာဘုရားရှင်က သတ္တဝါတွေအပေါ်မှာ မေတ္တာထားပြီး အရှင်ဆန္နမထေရ်ကို တရားထူးတရားမြတ်ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။ အခု Social Bullying လုပ်နေကြသူတွေကရော တကယ်ပဲ မေတ္တာထားလို့လား၊ အကျိုးဆုတ်ယုတ်စေချင်တာလား ဆိုတာတော့ ကိုယ်တိုင်သာ အသိ ဆုံး ဖြစ်ပါလိမ့်မယ်။ ဘယ် အရာမဆို ကိုယ်စိုက်တဲ့အပင်ကို ကိုယ်သာ ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဟောကြားခဲ့ဖူးတဲ့ တရားဆုံးမစာလေးနဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။
“ကိုယ်နေနေရတဲ့(Society)မှာက နှုတ်စည်းကမ်းရှိတဲ့သူတွေ ရှိသလို နှုတ်စည်းကမ်း မရှိတဲ့သူတွေလည်း ရှိနိုင်တယ်။ ပြောချင်ရာ ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့စကားတွေကို လိုက်ပြီး တော့ ပြဿနာဖြစ်နေရင် တော့ ဆုံးနိုင်မှာ မဟုတ်တော့ဘူး ။ အဲဒါကိုတော့ မြတ်စွာဘုရားက မေတ္တာနှလုံး အစဉ်သုံးလို့ ဒီလိုဟောခဲ့ပါတယ်။ ဘာပဲပြောပြော မေတ္တာနဲ့သာ တုံ့ပြန်ပါတဲ့” ။ ။
- Log in to post comments