နိုင်ငံတော်နှင့် ပြည်သူများအတွက် တန်ဖိုးကြီးမားသည့် သားကောင်းရတနာများ

 

သင်ကြားရေးဆေးရုံကြီးများ၌   ၂၀၂၃  ခုနှစ်   ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင် ကြမည့်သူများအား   ဂုဏ်ပြုကြိုဆိုခြင်း  အခမ်းအနားများကို ရန်ကုန်ဆေးတက္ကသိုလ် (၁)  နှင့်    ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ် - မန္တလေး၊ ဆေးတက္ကသိုလ်- မကွေးတို့တွင် ဇူလိုင် ၃ ရက်   နံနက်ပိုင်းက  ကျင်းပခဲ့သည်။  ခံယူချက် မှန်ကန်စွာဖြင့် ကြိုးစားခဲ့ပြီး အလုပ်သင်ဆရာဝန်အဖြစ်သို့ ရောက်ရှိလာသည့်အတွက် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုရရှိမည်ဖြစ်ရာ နိုင်ငံတော်နှင့် ဝန်ကြီးဌာန အတွက် အလွန်မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုစကားပြောကြား၍ ကြိုဆို ခဲ့သည်။


မိမိတို့နိုင်ငံတွင်     ပြည်သူလူထုအား     ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆရာဝန်များစွာ လိုအပ် လျက်ရှိသည်။ အထူးသဖြင့်  ပြည်သူလူထုအများစု၏ ကျန်းမာ ရေးအတွက် မှီခိုအားထားရာဖြစ်သော နိုင်ငံပိုင်ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုအင်အားနှင့် လူနာဦးရေတို့မှာ မမျှမတ ဖြစ်နေသည်။   သို့ဖြစ်၍  တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်၊   သူနာပြုများမှာ   ဝန်နှင့်အားမမျှ    ကြိုးပမ်း ဆောင်ရွက်နေရသလိုပင် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ခံယူကြရသည့်    ပြည်သူများမှာလည်း    အပြည့်အဝမရရှိ နိုင်သည့်       အခြေအနေများနှင့်        ကြုံတွေ့ကြရသည်။   ဆေးတက္ကသိုလ်များက   လေ့ကျင့်သင်ကြားမွေးထုတ်ပေးလိုက် သည့်    အရည်အသွေးပြည့်ဝသည့်    ဆရာဝန်များသည် မကျန်းမာသူကို ကျန်းမာလာအောင် ကုသပေးခြင်း၊ ရောဂါ မဖြစ်ပွားအောင်  ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်း တို့ဖြင့်  နိုင်ငံသားပြည်သူလူထု၏  ကျန်းမာရေးကို မြှင့်တင် ပေးနိုင်ကြသူများဖြစ်ရာ  နိုင်ငံ့ဝန်ထမ်း  ဆရာဝန်အင်အား တိုးတက်များပြားလာခြင်းသည်   နိုင်ငံနှင့်ပြည်သူအတွက် တန်ဖိုးကြီးမားသည့် စွမ်းအားများရရှိလာခြင်းပင်ဖြစ်သည်။


ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ   ဆေးတက္ကသိုလ်များမှ  အလုပ်သင်ဆရာဝန်   စုစုပေါင်း ၆၀၄ ဦးတို့သည် သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင် ဆရာဝန်အဖြစ်    တစ်နှစ်တိတိ   တာဝန်ထမ်းဆောင်ရင်း ပါမောက္ခဆရာဝန်၊ ဆရာဝန်မကြီးများ၏ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုကိုပါ  ခံယူကြရမည်ဖြစ်သည်။ အလုပ်သင် ဆရာဝန်ကာလပြီးဆုံးသည့်အခါ လက်ထောက်ဆရာဝန်များ အဖြစ်  နိုင်ငံ့တာဝန်များ  ဆက်လက်ထမ်းဆောင်ကြရမည် ဖြစ်ပြီး  လက်ထောက်ဆရာဝန်ဘဝတွင်  ဘွဲ့လွန်သင်တန်း ၁၁ မျိုးကို  ဝင်ရောက်ဖြေဆိုနိုင်ကြကာ  အဆင့်ဆင့်သော ဆက်လက်သင်ယူဆည်းပူးမှုများဖြင့် ပို၍ပို၍ မြင့်မားသော    ပညာရှင်များအဖြစ်    ဆက်လက်တက်လှမ်းသွားနိုင်မည် ဖြစ်သည်။  ထို့အပြင်  အလုပ်သင်ဆရာဝန်အဖြစ်  တစ်နှစ်တာ လေ့ကျင့်သင်ယူထမ်းဆောင်ပြီးချိန်တွင်     ဆေးကုသခွင့်   မှတ်ပုံတင်ရရှိခြင်းနှင့်အတူ   ကိုယ်ပိုင်ဆေးခန်း   ဖွင့်လှစ် လုပ်ကိုင်ခြင်း၊ ပုဂ္ဂလိကဆေးရုံများတွင် ဝင်ရောက်လုပ်ကိုင် ခြင်း၊   နိုင်ငံ့ဝန်ထမ်းအဖြစ်   ဆက်လက်ထမ်းဆောင်ခြင်း စသည်ဖြင့်  အခွင့်အလမ်းများစွာတို့က  စောင့်ကြိုနေမည် ဖြစ်သည်။


မိမိတို့နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုတင်  ကာကွယ်အသိပညာပေးမှုတို့အတွက် ဆရာဝန်များစွာ လိုအပ် နေသည်။  နိုင်ငံ၏ ပျမ်းမျှမျှော်မှန်းနိုင်သော  လူ့သက်တမ်း မြှင့်တင်နိုင်ရေး၊    မွေးကင်းစကလေးနှင့်   ငါးနှစ်အောက် ကလေးများ သေနှုန်းလျှော့ချရေး၊ မိခင်များ သေနှုန်းလျှော့ချ ရေးတို့  ဆောင်ရွက်ပေးရန်  လိုအပ်နေသည်။  ကျန်းမာရေး အသိပညာနိမ့်ကျမှုများကြောင့် အာဟာရချို့တဲ့မှုနှင့် ကူးစက် ရောဂါများဖြစ်ပွားမှုတို့ကို ကာကွယ်သွားနိုင်ရန် ပညာပေးမှု များလည်း ဆောင်ရွက်သွားရမည်ဖြစ်ရာ လူငယ်သွေးသစ် ဆရာဝန်မောင်မယ်များသည်  နိုင်ငံအတွက်  သားကောင်း ရတနာများပင်ဖြစ်ပါကြောင်း။         ။