အချင်းချင်းမညီညွတ်တဲ့အခါ…

Type
ကနောင် အိန္ဒိယကနေ ဆင်းသက်လာတဲ့ ရှေးဟောင်း နီတိပုံပြင်လေးတွေဟာ လူ့လောက သဘာဝတွေကို ဖော်ညွှန်းပြီး နေနည်းထိုင်နည်းတွေကို လက်ဆင့်ကမ်း ပေးပါတယ်။ အဲဒီအထဲမှာ စာရေးသူအကြိုက်ဆုံး ပုံပြင်တွေထဲက တစ်ပုဒ်ကတော့ ခြင်္သေ့နဲ့‌ တောဝက်ပုံပြင်ပဲ ဖြစ်ပါတယ်။ အင်အားကြီးမားပြီး သတ္တိနဲ့ပြည့်စုံတဲ့ ခြင်္သေ့နဲ့တောဝက်တို့ဟာ ရေအိုင်တစ်အိုင်မှာ ရေဆင်းသောက်ကြသတဲ့။ ရေသောက်ခါနီး တစ်ဦးနဲ့တစ်ဦး မည်သူက အင်အားကြီးမားတယ်ဆိုတာကို ပြိုင်ဆိုင် ပြောဆိုကြပါသတဲ့။ ဒီလို ငြင်းခုံနေတာကို ခပ်လှမ်းလှမ်း သစ်ပင်ကြီးတွေပေါ်မှာ စောင့်ဆိုင်းနေကြတဲ့ လင်းတတွေရှိသတဲ့။ အင်အားကြီးသူတွေဖြစ်တာကြောင့် သူတို့ မသင့်မမြတ်ဖြစ်ကြရင်း တိုက်ခိုက်ကြတဲ့အခါ သူသေ ကိုယ်သေတိုက်ကြခိုက်ကြမှာမို့ သေဆုံးတဲ့အခါ အဆင်သင့်စားသုံးနိုင်အောင် စောင့်နေကြသူတွေ ပေါ့။ ဒါကို ဆင်ခြင်သုံးသပ်မိတဲ့အခါ ခြင်္သေ့နဲ့ တောဝက်တို့က အတူတကွ အေးအေးချမ်းချမ်း ရေသောက်ပြီး သူတို့နေရာဒေသတွေကို ထွက်ခွာသွားကြ ပါတော့သတဲ့။ လောကဓမ္မတာ လောကကြီးမှာ အင်အားကြီးသူတွေ အချင်း ချင်း ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့အခါ အသိဉာဏ်၊ ဆင်ခြင်တုံတရားနဲ့ မေတ္တာတရားအားကြီးသူတွေ က အနိုင်ရတတ်ပါတယ်။ အဖြစ်အပျက် အကျိုး အကြောင်းကို မှန်မှန်ကန်ကန် မသုံးသပ်၊ မဝေဖန်၊ ဒုစရိုက်တရား အားထားသူတွေ၊ တရားဓမ္မနဲ့အညီ မနေထိုင်လိုသူတွေနဲ့ အမျက်စောင်းစောင်းထွက်‌နေ တတ်သူတွေကို ဆရာတင်၊ အားထားနေကြမယ့် အဖွဲ့အစည်းတွေကတော့ အချိန်မတိုင်ခင် ပြိုလဲ ပျက်စီးရတတ်တာ လောကဓမ္မတာပါပဲ။ လက်ရှိ မိမိတို့နိုင်ငံရေး အခြေအနေမှာဆိုရင် လည်း တိုင်းပြည်ပျက်စီးတဲ့အခါ လက်ခမောင်းခတ် နိုင်ဖို့ အသင့်စောင့်ဆိုင်းနေတဲ့ လင်းတလို အန္တရာယ် အသွယ်သွယ်တွေကို မြင်နေ၊ တွေ့နေ၊ ကြားနေရပါ တယ်။ တိုင်းပြည်မတည်ငြိမ်၊ တရားဥပဒေ စိုးမိုးမှု မရှိဘဲ ဒုစရိုက်တရားတွေ ပျံ့နှံ့တော့မှသာ နိုင်ငံ တစ်ခုပျက်သုဉ်းအောင် သို့မဟုတ် မိမိတို့နိုင်ငံကို လိုသလို ခြယ်လှယ်လို့ရအောင် ရည်ရွယ်နေတဲ့ မြှောက်ထိုးပင့်ကော် လုပ်နေကြသူတွေ ရှိနေပါ တယ်။ မိမိတို့နိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ အချင်းချင်းမှာ တောင် ထူးထူးခြားခြား ထေရဝါဒဗုဒ္ဓသာသနာတော် ကို ယုံကြည်သက်ဝင်ကိုးကွယ်ကြတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာက နိုင်ငံတော်ဘာသာ ဖြစ်ပေမယ့် အခြားဘာသာဝင်တွေ အသီးသီးကို လည်း နေရာပေး၊ လေးစားအသိအမှတ်ပြုပြီး ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ နိုင်ငံမျိုးလည်း ဖြစ်ပါတယ်။ နီးစပ်ရာ ဥပမာတစ်ခုကိုပြရရင် ထိုင်းနိုင်ငံမှာ အာဏာအပြောင်းအလွဲ မကြာခဏ ဖြစ်တတ်လေ့ရှိ ပါတယ်။ ဆန္ဒပြပွဲတွေ၊ ထောက်ခံပွဲတွေဟာ မကြာ ခဏကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အဓိကရုဏ်း နှိမ်နင်းဖြေရှင်းရတဲ့ အကြိမ်အရေအတွက်ဆိုရင် လည်း မရေတွက်နိုင်လောက်အောင် များပြားခဲ့ ရတာပါ။ သို့သော် ဆန္ဒပြပွဲက သတ်သတ်၊ အလုပ် ဌာနတွေ၊ ဈေးဆိုင်တွေ၊ ရှော့ပင်းမောလ်ကြီးတွေ၊ သယ်ယူပို့ဆောင်ရေး ယန္တရားတွေစတဲ့ ပုံမှန် လည်ပတ်နေကျ လုပ်ငန်းတွေကလည်း သူ့ဟာသူ လည်ပတ်နေတာကို မြင်တွေ့ရပါတယ်။ ပုံမှန် အလုပ်လုပ်နေတဲ့သူတွေကိုလည်း ပုတ်ခတ် စော်ကားနေတာမျိုး မရှိဘဲ ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတိုင်း ဆောင်ရွက်နေကြတာကို မြင်တွေ့ရပါတယ်။ ဘာသာရေး စော်ကားထိပါးမှုမျိုး ကိုလည်း ဘယ်နေရာမှာမှ မမြင်တွေ့ရပါဘူး။ သွေးထိုးမြှောက်ပင့် မိမိတို့နိုင်ငံမှာတော့ ပြီးခဲ့တဲ့ရက်က ထေရ်ကြီး ဝါကြီးဆရာတော်တွေကို အွန်လိုင်းပေါ်မှာ အမျိုးမျိုး စော်ကားပြုမူနေကြတာ၊ ဝေဖန်နေကြတာ ကြား တွေ့ရတယ်။ ဒါတင်မကသေးဘူး၊ ဆန္ဒပြတဲ့အခါ အမျိုးသမီးလုံချည်တွေကို ကြိုးတန်းပြုလုပ်ပြီး အပေါ်မှာ ဆရာတော်၊ သံဃာတော်ပုံတွေကို ကပ်ထားကြတဲ့ မြင်ကွင်းတွေဟာ လူသားမဆန်တဲ့ လုပ်ရပ်၊ ယဉ်ကျေးမှုလုံးဝမရှိတော့တဲ့ လုပ်ရပ်တွေ၊ သာသနာတော်ညှိုးနွမ်းအောင် လုပ်ဆောင်နေတာ တွေအဖြစ်ရှုမြင်ပါတယ်။ ဒါတွေကို သွေးထိုးမြှောက် ပင့်ပြီး လုပ်ဆောင်နေတဲ့သူတွေကိုလည်း ခွင့်မလွှတ် သင့်ပါဘူး။ ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးဖို့ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ လူငယ်တွေကို သိစေချင် တိုင်းပြည်အတွက် အရာအားလုံးကို စွန့်လွှတ် စွန့်စားရဲတဲ့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့ဖူးပါတယ်။ “လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိတယ်။ ဒါပေမယ့် ကိုယ့်ရဲ့လွတ်လပ်ခွင့်က သူတစ်ပါးကို မထိခိုက်ရ ဘူး။ ထိခိုက်ရင် ဒီမိုကရေစီမဟုတ်တော့ဘူး။ ရမ်းကားတာဖြစ်သွားပြီ” တဲ့။ ကိုယ်နဲ့မတူ ကိုယ့် ရန်သူစိတ်ထားပြီး တိုက်ခိုက်နေတဲ့အခါ ဒီမိုကရေစီ ကနေ နောက်ပြန်ဆွဲ ကွန်မြူနစ်ဝါဒကိုရောက် မှန်းမသိ ရောက်နေကြရပြီဆိုတာ လူငယ်တွေကို သိစေချင်မိပါတယ်။ ရိုးရိုးသားသား ကျောင်းနေအရွယ် ဆယ်ကျော် သက်ကလေးတွေ၊ အညွန့်တလူလူနဲ့ အသက် ၂၀ ကျော်ကလေးတွေကို အတွေးအခေါ်အမှားတွေ ရိုက်သွင်း၊ လမ်းမပေါ်ထွက် အသေခံခိုင်းပြီး ဆောက်တည်ရာမရတဲ့အချိန် တစ်ဖက်နိုင်ငံတွေမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီး ကမ္ဘာပတ်အလှူရှင် ရှာပြီး ခေါင်းဆောင်တွေက ကောင်းစား၊ လူငယ်တွေ ကိုတော့ ဒုက္ခတွင်းနက်ထဲကို ဆွဲထည့်ကြမယ့် အရေးကိုလည်း အမြန်ဆုံးရပ်တန်းက ရပ်သင့်ပါပြီ။ ဒီနေ့မှာ ဆူပူဆန္ဒပြသူတွေကို ဦးဆောင်သူတွေ၊ ဝန်ထမ်းတွေကို အတင်းအကျပ် ဖြားယောင်းသွေး ဆောင်ပြီး CDM လှုပ်ရှားမှုတွေဖြစ်လာအောင် ဦးဆောင်ကြသူတွေ၊ အလှူငွေတွေလက်ခံပြီး ထောက်ပံ့ပေးနေကြသူတွေကိုလည်း ဖမ်းဆီးအရေး ယူတာတွေ စတင်လုပ်ဆောင်နေပြီဆိုတာ အားလုံး သိကြမှာဖြစ်တဲ့အတွက် လူငယ်တွေ အချိန်မီ မိဘ ရင်ခွင်ကို ပြန်ကြဖို့လိုပါပြီ။ ရှောင်ရင်းတိမ်းရင်း အသက်စွန့်ကြမယ့်အစား မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အသိပညာ၊ အတတ် ပညာတွေ ပိုမိုဖြည့်ဆည်းရင်း နိုင်ငံရဲ့လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးကြဖို့ လိုအပ်နေပြီဆိုတာ လူငယ်အပေါင်းကိုလည်း မေတ္တာရပ်ခံလိုပါ တယ်။ သတိချပ်ဖို့လို CDM လုပ်နေကြတဲ့ မိတ်ဆွေအချို့ ကသောင်း ကနင်းနဲ့ လူစုခွဲပြီး ပုန်းအောင်းနေကြရတယ်လို့ သတင်းကြားမိတယ်။ ဆောရီးလို့ လှိုက်လှိုက်လှဲလှဲ ပြောပေးရုံကလွဲပြီး စာရေးသူတို့ ဘာမှမတတ်နိုင်ပါ ဘူး။ အချိန်မလွန်ခင် နောက်ထပ်နောင်တမရဖို့ မှားယွင်းတဲ့လုပ်ရပ်တွေ မလုပ်မိစေဖို့ အသိတရား နဲ့ထိန်းချုပ် စိစစ်ဝေဖန်သင့်ပါပြီ။ လူတိုင်းဟာ မှားတတ်ပါတယ်။ မှားမှန်းသိရင် ချက်ချင်းပြင်ဆင် ရမှာပါ။ မှားမှန်းသိသိနဲ့ ဆက်မှားနေမယ်ဆိုရင် လူမိုက်၊ မှားမှန်းသိသိနဲ့ ဆက်မှားဖို့ပဲ ကြိုးစားနေဦး မယ်ဆိုရင် လူယုတ်မာအဆင့် ရောက်ရှိနိုင်တယ်လို့ ဆရာတော်ကြီးတွေ ဆုံးမလေ့ရှိကြတာကိုလည်း သတိချပ်ဖို့ လိုပါတယ်။ အားလုံး ပူးပေါင်းပါဝင် နိုင်ငံရေးဆိုတာ စိတ်ကူးယဉ်လို့မရပါဘူး။ လက်ရှိ Political Equation မှာ ဘယ်သူက Dictate (အဓိကလုပ်ဆောင်ပေးနိုင်သူ) လုပ်နေသလဲဆိုတာ ထက် အမှန်တရား၊ အရှိတရားကို နားလည်လက်ခံဖို့ လိုပါတယ်။ နိုင်ငံရေးဆိုတာ ကိုယ်လုပ်ချင်တာ လုပ်လို့မရပါဘူး။ ပကတိ အရှိတရားအပေါ်မှာ ပြည်သူတစ်ယောက်မှ မထိခိုက်အောင် ဒါမှမဟုတ် အနည်းဆုံးသော ထိခိုက်မှုမျိုးနဲ့ ပြည်သူအားလုံးလိုလားတောင့်တမှုကို ဖြည့်ဆည်းပေးနိုင်တာက သာ နိုင်ငံရေးအရည်အချင်း၊ နိုင်ငံရေးအမြင်ရှိတဲ့ သူလို့ စာရေးသူကတော့ သတ်မှတ်ပါတယ်။ ဒီမို ကရေစီလမ်းကြောင်းဖြောင့်တန်းဖို့ရာ အားလုံး ပူးပေါင်းပါဝင်ပြီး ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်နိုင်မှ သာ ခြင်္သေ့နဲ့တောဝက်ပုံပြင်ထဲကလို လင်းတလို ပုဂ္ဂိုလ်တွေရဲ့ရန်ကနေ ကင်းဝေးပြီး လိုရာခရီးကို ရောက်ရှိနိုင်ပါလိမ့်မယ်လို့ တိုက်တွန်းလိုပါ ကြောင်း။ ။