Type

ကိုသံချောင်း - မစာဥ တစ်ခန်းရပ်စကားပြောခန်း (၆)
ဒေါင်
“တို့ပြည်သူတွေ ညီရဲ့လားဟေ့..ညီတယ်ဟေ့..ညီတယ်ဟေ့..”
အိမ်ချင်းကပ်လျက်မှ ထွက်ပေါ်လာသည့် ခပ်တိုးတိုးသံချပ်ကြောင့် ကိုသံချောင်း လှမ်း၍ကြည့်မိသည်။ ဘေးအိမ်က အပျိုကြီး ဘွဲ့ရပညာတတ် မစာဥ တစ်ယောက်တည်း ဈေးမသွားခင် သံချပ်ညည်းနေခြင်းဖြစ်မည်။
“ဗျို့ မစာဥ.. ခင်ဗျားသံချပ်ကလေး ဆက်ဆိုလေဗျာ.. နားထောင် ကောင်းသားနဲ့..”
“မရွဲ့ပါနဲ့ ကိုသံချောင်းရယ်.. ကျွန်မလည်း ဒီအပိုဒ်ပဲ ရတာရှင့်။ အခုတောင်လမ်းထိပ်က လုံချည်တွေထဲမှာ အမေ့လုံချည်ပါလို့ သွားပြန် မတောင်းရဲဘူး။ တော်တော်ကြာ အဖမ်းအဆီးခံရမှာစိုးလို့..”
“ခင်ဗျားမလည်း ကြောက်ပေလို့သာပဲ ဘယ်နှယ့်ကြောင့် လုံချည် တွေ သွားချည်ထားတာလဲ”
“ရှင်ကလည်း သူများတွေက လုံချည်တွေကာထားရင် လုံခြုံရေး တွေမလာရဲဘူး၊၊ သပိတ်စခန်းတွေ မဖြိုရဲတော့ဘူးဆိုပြီးပြောတာကိုရှင့်။ ဒါကြောင့် သွားထားရတာ”
“မစဉ်းစားမဆင်ခြင်ဘဲ လုပ်ရဲတာတော့အံ့ပါရဲ့ဗျာ။ ခင်ဗျားတို့ လုံချည်တွေအောက် ရဟန်းသံဃာတွေ ဘယ်လိုဖြတ်သန်းသွားမလဲ။ အသက်အရွယ်ကြီးတဲ့သူတွေ၊ သီလဂုဏ်၊ သမာဓိဂုဏ်နဲ့ပြည့်စုံတဲ့သူတွေဖြတ်သွားရင် ငရဲကြီးတယ်ဆိုတာကိုများ ခင်ဗျားတို့ မေ့နေ ကြသလားဗျာ”
“အဲဒါတော့ဟုတ်ပါရဲ့ကိုသံချောင်းရယ်။ ကျွန်မတို့ မတွေးမိတာ အပြစ်ရှိပါရဲ့။ လူကြီးသူမတွေ ဖြတ်သန်းလို့မှမကောင်း၊ မကြံကောင်း မစည်ရာ ကြံမိတာရှင့်။ ဒါပေမယ့် ကျွန်မတို့ထက် မြှောက်ပေးသူတွေက ပိုအပြစ်ကြီးသေးတယ်လေတော်။ ကျွန်မတို့ကို အဲဒီလိုလုပ်မယ်လို့ ပြောပြီး လုံချည်တောင်းတော့လည်း ပေးမိတာပေါ့ရှင့်”
“ထားပါတော့ဗျာ။ ခင်ဗျားတူမတွေကော ဟိုရက်က CDM ဆိုပြီး ပြောသံကြားတယ်။ အခုရော ဘယ်လိုဖြစ်သွားပြီလဲ။ အဆင်ကော ပြေကြရဲ့လား”
“အဆင်ပြေမပြေတော့မသိဘူး။ အခုတော့ အိမ်ပြန်လာကြတော့ မယ်တဲ့။ အလုပ်တွေလည်း ပြုတ်သူပြုတ်၊ ပြေးသူပြေးဖြစ်နေတာ လေ။ ထောက်ပံ့တာကလည်း တစ်ခါတည်းရပြီး ပြေးရတာကတော့ အခါခါဖြစ်နေတော့ နွေဦးတော်လှန်ရေးကြီးကို စိတ်ကုန်လာကြတယ် ထင်ပါရဲ့”
“စိတ်ကုန်ဦးမှပဲလေ အပျိုကြီးရယ်။ နိုင်ငံတော်က စနစ်တကျနဲ့ ရည်မှန်းချက်တွေ ၊ ရှေ့လုပ်ငန်းစဉ်တွေကို သေသေချာချာနဲ့ မြန်မြန် ကြီး အကောင်အထည်ဖော်နေတာကို ဖျက်လိုဖျက်ဆီးလုပ်ရင်တော့ ခံရမှာပဲဗျ။ ဟုတ်တယ်လေဗျာ။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဖြေရှင်း ပေးတယ်၊ တရားမျှတအောင် ဖြေရှင်းပေးမယ်ဆိုတာကို လက်မခံရင် အကြမ်းဗရမ်းဖြစ်တာပဲ အဖတ်တင်မှာပေါ့ဗျာ”
“ဒါနဲ့ နိုင်ငံတကာက အကူအညီတွေပေးပြီး ပြန်တိုက်ကြမယ် ဆိုတာမျိုးကိုရော ရှင်ဒီရက်ပိုင်း ဘာကြားသေးသလဲ။ နိုင်ငံတကာ စစ်တပ်တွေရော လာကြပြီလားရှင့်”
“မကြားပါဘူး မစာဥရယ်။ ဖေ့စ်ဘွတ်ခ်မှာတော့ လုံခြုံရေး ကောင်စီက ဘယ်လိုအဆုံးသတ်သွားသလဲဆိုတာတော့ ဘယ်သူမှ ခရက်ဒစ်နဲ့ မရှဲလ်ကြတော့ဘူးဗျ။ စစ်ရေးနည်းနဲ့ မစွက်ဖက်ဘဲ သံတမန်နည်းအရ သူတို့ပြောကြဆိုကြတာတော့ ကြားမိတယ်။ ဒါက တော့ဗျာ။ ဘယ်သူမဆို သူများအိမ်တွင်းရေးကို ဝင်မပါချင်ကြဘူးဗျ။ ကြားသုံးကြား မဝင်ရဘူးဆိုတာလိုမျိုးပေါ့ဗျာ။ မိဘနဲ့သားသမီး၊ လင်မယားနဲ့ မောင်နှမတွေကြား ဝင်မိရင် သူတို့ပြန်တည့်သွားတဲ့အခါ ဝင်ပါမိတဲ့သူက ရန်သူဖြစ်ရတာမျိုးပေါ့ဗျာ။ အဲဒီလိုပဲ နိုင်ငံတစ်နိုင်ငံ ရဲ့ အတွင်းကပြဿနာတစ်စုံတစ်ရာဖြစ်တိုင်း အခြားက ဘယ်ပါကြ ပါ့မလဲ။ နောက်ပြီး အခုဟာက ဥပဒေနဲ့အညီ ဆောင်ရွက်လုပ်ကိုင် နေတာဖြစ်တဲ့အတွက် ပိုပြီးတောင် မပါကြဦးမယ်”
“ပြောရရင်ဗျာ နိုင်ငံတကာက တပ်တွေရောက်လာပြီဆိုပါစို့၊ လည်ပင်း အပြာပတ်ကလေးတွေနဲ့ ဦးထုပ်အပြာလေးတွေဆောင်းပြီး လာတိုင်း ခင်ဗျားလက်ခံနိုင်မလား။ ဥပမာဗျာ အနောက်နိုင်ငံက တပ်တွေက ဝေးတယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံက စစ်တပ်ပို့ လိုက်ပါပြီတဲ့ဗျာ။ ခင်ဗျားတို့ပြည်သူတွေ လက်ခံကြမှာပဲလား။ နိုင်ငံ တကာက စစ်ရေးအကူအညီတွေပေးပြီး အတင်းဝင်တိုက်လို့ ကောင်းစားသွားတဲ့ တိုင်းပြည်ထက် ပိုမိုပျက်စီးပြီး အတိဒုက္ခရောက် နေတဲ့ တိုင်းပြည်တွေပဲ ကျွန်တော်တော့ ပြေးမြင်မိတာပဲဗျာ”
“ဒါပေါ့ရှင်၊ ပြည်တွင်းက အခြေအနေတွေကို ရုတ်တရက်ပေါ်လာ တဲ့ စိတ်ခံစားချက်နဲ့ တုံ့ပြန်ကြတာထက် အကျိုးအကြောင်းမှန်မှန်၊ ခေါင်းအေးအေးနဲ့ကမ္ဘာသိသိပြီးမှ ရလဒ်ပေါ်အောင်လုပ်တာ ပိုကောင်း သပေါ့ရှင့်”
“နိုင်ငံ့ဝန်ထမ်းတွေ CDM လုပ်တာတွေ၊ လူ့အခွင့်အရေးနဲ့မညီတဲ့ Social Bullying လုပ်တာတွေ၊ အတင်းအကျပ် စော်ကားပြုမူနေတာ တွေ၊ ဘာသာရေးကို ထိပါးစော်ကားတာတွေက နိုင်ငံရဲ့ပုံရိပ်ကို ပိုပြီးထိခိုက်စေတာပေါ့ မစာဥရယ်။ ခင်ဗျားပဲ စဉ်းစားကြည့်လေ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်တယ်ဆိုတာ ပြည်သူအားလုံးက အသိအမှတ်ပြုမှ ရမှာပါ။ လွှတ်တော်မှာ ကတိ သစ္စာဆိုကြပြီးမှ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရောက်တာလေဗျာ။ အခုဟာက ပြန်လည်စိစစ်နေတဲ့ကာလ၊ မှားယွင်းမှုတွေကို ဖော်ထုတ် နေတဲ့ကာလဖြစ်နေတာကို အတင်းကာရော အဖွဲ့တွေဖွဲ့ကြတယ်။ စင်ပြိုင်အစိုးရထောင်တာတွေက တရားမှမဝင်တာဘဲ မစာဥရဲ့။ တစ်ဖက်ကပေးထားတဲ့ ကတိကဝတ်တွေကို အဖက်မလုပ်ဘဲ အွန်လိုင်းကနေ အတင်းမြှောက်ပေး ပြောဆိုနေတာတွေက စည်းလွတ် ဘောင်လွတ်ဖြစ်နေသလားပဲဗျ”
“ဒါပေမယ့်လည်း ပြည်သူတွေ အဖိတ်အစဉ်တွေရှိတာ ဝမ်းနည်း မိတယ် ကိုသံချောင်းရယ်။ ကိုယ့်တူမအရွယ်၊ တူအရွယ်လေးတွေ ပင်ပင်ပန်းပန်းနဲ့ လမ်းပေါ်ထွက်နေကြတာကို မြင်ရတော့ စိတ်နာ မိတယ်”
“စိတ်နာသင့်တာပေါ့ မစာဥရယ်။ ဒါပေမယ့် ခင်ဗျားမုန်းချင် လည်းမုန်း၊ နာချင်လည်းနာ ဒါပေမယ့် မုန်းရမှာက လုံခြုံရေးတာဝန် ယူထားတဲ့သူတွေကိုမဟုတ်ဘူး။ ခေတ်အဆက်ဆက် အာဏာမက် လာကြတဲ့ အစိုးရအဆက်ဆက်တွေ၊ နိုင်ငံရေးအော်နေပြီး သူတို့ လူနည်းစုကောင်းစားရေးပဲ ခေါင်းထဲထည့်ထားတဲ့ ရွှေရည်စိမ်နိုင်ငံရေး သမားတွေ၊ လော်ဘီတွေ၊ သူတို့ကောင်းစားရေးအတွက် နိုင်ငံမတည် မငြိမ်ဖြစ်အောင် လုပ်သူတွေ၊ ကျင့်ဝတ်အားနည်းပြီး တစ်ဖက် စောင်းနင်းဖြစ်တဲ့ မီဒီယာတွေ၊ မြှောက်ပေးနေတဲ့ အွန်လိုင်းသူရဲဘော ကြောင်တွေကို စိတ်နာသင့်တာဗျ။ ဒီအခြေအနေ ဖြစ်လာမယ်ဆိုတာ သိလျက်နဲ့ ပြည်သူကို လမ်းပေါ်ပစ်တင်ခဲ့တာပေါ့ဗျာ။ အပ်နဲ့ထွင်းရ မယ့်အရာကို ပုဆိန်နဲ့ပေါက်သလိုဖြစ်သွားရတာပေါ့”
“Generation Z တွေအတွက်တော့ အားနာမိတယ်ရှင့်။ သူတို့မှာ အနာဂတ်တွေ ရှိတယ်။ အဲဒါတွေကို လမ်းပေါ်မှာ အချိန်မကုန်စေ ချင်ဘူး”
“လူငယ်တွေရဲ့ ရိုးသားမှုတွေကို အလှည့်ဖျားခံနေရတာပေါ့ မစာဥရယ်။ နိုင်ငံတော်တည်ငြိမ်ရေးဆိုတာ တာဝန်ယူထားတဲ့ အစိုးရရဲ့တာဝန်ပဲ မဟုတ်လားဗျာ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကနေ အခုအချိန်မှာ အဆင့်မြှင့်ကိုင်တွယ်မှုတွေ စတင်နေ ပါပြီ။ ဒါတွေဆောင်ရွက်တဲ့နေရာမှာ ခင်ဗျားသတိထားမိလားတော့ မသိဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ကိုင်ထားပြီး တော့မှ သတိရှိရှိ၊ အဆင့်ဆင့်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပြည်သူအားလုံးက ပူးပေါင်းစောင့်ကြည့် အားဖြည့်ပေးရမှာလို့ ကျွန်တော်ကတော့ မြင်တာပဲ။ ဒါမှ နိုင်ငံမတည်ငြိမ်သေးရင် ကျွန်တော်တို့ ရွေးကောက်ပွဲလုပ်မရဘူးလေဗျာ။ ဒီလိုနဲ့ အချိန်တွေ ဆက်ကြာအောင် ဖန်တီးမလား၊ ရပ်တန်းကရပ်ပြီး ရွေးကောက်ပွဲ ကြီးကို ကြိုဆိုမလား စဉ်းစားကြပေါ့ဗျာ”
“ဟုတ်ပါပြီရှင်။ ကျွန်မလည်း ဈေးသွားရမှာမို့ ရှင်လည်း အိမ်ပြန် တော့။ ညနေခင်းမှ အေးအေးဆေးဆေး ဆက်ဆွေးနွေးတာပေါ့ရှင်”
“ကောင်းပါပြီဗျာ။ ခင်ဗျားလိုပဲ ပြည်သူတွေအားလုံးက ညီညီ ညာညာနဲ့ အမှန်တရား၊ ပကတိအခြေအနေကို မြင်စေ့ချင်လှပါပြီ။ ဒါမှ အားလုံးအေးချမ်းပြီး အိုကေ စိုပြည်မှာပေါ့ဗျာ..”
- Log in to post comments