စိတ်အေးချမ်းစွာနေထိုင်ကြပါစို့

Type
ဆောင်းပါး
--------------
 
 
 
ထက်ဝေအောင်(စစ်ကိုင်း)
 
စိတ်၏လျင်မြန်မှုမှာ လွန်စွာမှပင်မြန်ဆန်သည်။ တစ်နေရာမှတစ်နေရာ ကူးလူးရာတွင် ဒုံးပျံတစ်စင်း ထက်ပင် လျင်မြန်သည်။ စိတ်အလျင်မြန်ဆန်သဖြင့် အတွေးပေါင်းများစွာ၊ ကိုယ်ပင်ပန်းခြင်းများစွာ၊ စိတ် ပင်ပန်းခြင်းများစွာ ဖြစ်ရသည်။ စိတ်အတွေးသည် အရာ များစွာကို ဖန်တီးလေ့ရှိသည်။ ဖြစ်နိုင်ခြေရှိသည်ကိုလည်း တည်ဆောက်သည်။ မဖြစ်နိုင်သည့်အခြေအနေများကိုလည်း စိတ်ကူးယဉ်သည်။ တွေးကြည့်လျှင် စိတ်ကူးများမှ တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်များ လည်း ရှိသည်။ အတွေးသက်သက် ပျော်ပိုက်သူများလည်း ရှိသည်။ လက်တွေ့မကျ၊ အလုပ်မဖြစ်သော အတွေးများ ဖြင့် အချိန်ကုန်လွန်သူများသည် အိပ်မက်ထဲ သူဌေး ဖြစ်ချင်သူများသာဖြစ်သည်။
 
အစီအရီရေးဆွဲ
 
တစ်နေ့သူဌေးဖြစ်ရမည်။ အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ရမည်။ အတွေးဖြင့် အောင်မြင်အောင် စွမ်းဆောင်နိုင်သည်။ သို့သော် အတွေးရှည်လျှင်သာ အချိန်ကြာအလုပ်မတွင် ဖြစ်နိုင်သည်။ လူ့သဘာဝ အားဖြင့် အတွေးထဲမှာပင် ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်း ပုံရိပ်များကို အစီအရီရေးဆွဲသည်။ ရှုံးလျှင် ဘဝက ပျော်စရာမကောင်းဟု ခံစားရသည်။ အောင်မြင်လျှင် လည်း အတွေးသက်သက်ဖြစ်သဖြင့် စိတ်တိုင်းမကျ ဖြစ်ရသည်။ စိတ်ကူးယဉ်ပျော်ရွှင်မှုသည်လည်း ကြာရှည် မခံပေ။ တဒင်္ဂဖြင့် ပြီးဆုံးလွယ်သည်။ တန်ဖိုးရှိသော အချိန်များမှာ တွေးတောချိန်ဖြင့်သာ ကြာမြင့်သည်။
 
ဖန်တီးတည်ဆောက်သည့် အတွေးစိတ်ကူးသည် သင့်မြတ်လှပါသည်။ လူငယ်လေးများသည် စိတ်ကူး စိတ်သန်း လွန်စွာကောင်းမွန်ကြသည်။ စိတ်ကူးအိပ်မက် များကို လက်တွေ့ကျကျ အကောင်အထည်ဖော်လို စိတ်လည်းရှိသည်။ စိတ်ကူးဖြင့် ပုံကြမ်းရေးဆွဲသည်။ ပြီးနောက် လက်တွေ့ကျကျ တည်ဆောက်သည်။ ယနေ့ လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးကို ချီးကျူးမိပါသည်။ နည်းပညာလောကတွင် လူငယ်များသည် စိတ်မြန် လက်မြန် ရှေ့ရောက်ကြသည်။ ကွန်ပျူတာနယ်ပယ်ကို ကြည့်လျှင်ပင် လူငယ်မှဖြစ်လာသည့် လူကြီးများ (ပညာ ရှင်များ)၊ မျိုးဆက်သစ်လူငယ်(ပညာရှင်လေးများ)ဖြင့် နေရာယူနေပေသည်။ ဖန်တီးတည်ဆောက်သည့် အတွေး များက ကမ္ဘာ့အဆင့်မီလှပေသည်။ ပရိုဂရမ်စာလုံးများ စွာကို မိမိလိုအပ်သည့်ဘက် ဆွဲယူရေးသားနိုင်သည်။ အဆင့်အတန်းမီတွေးခေါ်မှုဖြင့် ကမ္ဘာပတ်နိုင်သည်။
 
အတွေးဆင့်ပွားစိတ်ကူးများဖြင့် လောကကို အလှဆင်နိုင်သည်။ စိတ်ကူးများကို လက်တွေ့အကောင် အထည်ဖော်ရန် စိတ်အားထက်သန်မှုဖြင့် လုပ်ဆောင် ဖွယ်ကိစ္စများကို ဆောင်ရွက်ပါက အောင်မြင်ပြီးမြောက် နိုင်စေသည်။ ထိုကဲ့သို့သော အတွေးစိတ်တွင် ဇွဲ၊ လုံ့လ၊ ဝီရိယ အချိုးကျပါဝင်သည်။ တစ်လှမ်းချင်းရွှေ့၍ လှမ်း သလောက်လည်း တိကျမှန်ကန်သည်။ အလုပ်တစ်ခု ပြီးမြောက်စေရန် အာရုံစူးစိုက်မှုကောင်းကောင်းဖြင့် စိတ်ကိုတည်ငြိမ်စွာ အသုံးချနိုင်သဖြင့် စိတ်လေလွင့် တွေဝေခြင်းမရှိဘဲ အလုပ်တစ်နေရာတည်းတွင်သာ ငြိမ်ဝပ်နေစေသည်။
 
အလုပ်အောင်မြင်ရန် ကြိုးစားဆောင်ရွက်သူတိုင်း အားထုတ်မှုကိုယ်စီရှိကြသည့်တိုင် စိတ်ကိုအသုံးချပုံချင်း မတူညီကြပေ။ အများအားဖြင့် မိမိ၏စိတ်ကို တစ်ပါးသူအပေါ် အပ်နှံထားလေ့ရှိကြသည်။ သူတစ်ပါး၏ ကောင်းခြင်း၊ ဆိုးခြင်းအပေါ် စိတ်ဖြင့် ခံဆောင်မှတ်ကျောက်တင်သည်။ စိတ်မျက်နှာစာထက်တွင် တစ်ပါးသူ၏အတွင်းရေးများ ပိုများလာသည်ကိုသတိမပြုမိပါက စိတ်ပန်းလူပန်းဖြစ်နိုင် သည်။ စိတ်လေး တည်ကြည်အေးချမ်းနေရန်လိုပါသည်။ စိတ်တွင် ထင်ကျန်နေသည့် အညစ်အကြေးများကို ပါးသည်ထက်ပါးအောင် ရှင်းလင်းပေးရပါမည်။
 
စိတ်သည် မျောလွင့်
 
စိတ်အညစ်အကြေးရှင်းလင်းသည့် အလုပ်သည် သိမ်မွေ့သည်။ တွေးရုံမျှဖြင့် လုပ်ဆောင်ရန် မဖြစ်နိုင်ဘဲ သိမ်မွေ့စွာ စောင့်ကြည့်အကဲခတ်ရလေ့ရှိသည်။ မိမိ စိတ်ဆိုးနေသလား၊ မိမိ ဒေါသထွက်နေသလား၊ မိမိ သူတစ်ပါးအပေါ် မကောင်းကြံနေသလား၊ မိမိ ဘက်လိုက် နေသလား၊ မိမိ ဖြောင့်မတ်ရဲ့လား အစရှိသော စိတ်တွင် ဖြစ်ပျက်နေသည့် သဘောတရားများကို ဆင်ခြင်ရပေသည်။ သူတော်ကောင်း၊ ရဟန်း၊ ရှင်လူများမှလွဲ၍ စိတ်၏အလုပ်ကို နိုင်နင်းအောင် စောင့်ကြည့်နိုင်သူ ရှားပါးလှသည်။ ဒေါသဖြစ်စရာကြုံလျှင် ဒေါသဖြစ်သည်။ စိတ်ကို လွတ်လပ်ခွင့်ပေးသည်။ စိတ်ကိုမုန်တိုင်းထန်ခွင့်၊ ပေါက်ကွဲခွင့်ပေးသည်။ စိတ်သည် လွှတ်ပေးထားသမျှ မျောလွင့်နေလေ့ရှိသည်။
 
လူငယ်အများစု စိတ်ကို လွတ်လပ်ပေါ့ပါးစွာ အသုံးချ လေ့ရှိသည်။ မစားဖူးသည့် အစားအစာကို စားကြည့်သည်။ မဝတ်ဖူးသည့် အဝတ်အစားကို ဝတ်ဆင်ကြည့်သည်။ မသုံး စွဲဖူးသည့် ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေးဝါးများကို စမ်းသပ်သုံးစွဲကြည့်သည်။ စိတ်အလိုလိုက် အစပြုမိသဖြင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြသည်။ မူးယစ်ရီဝေခြင်းသည် တဒင်္ဂသာယာမှုသာဖြစ်ပါသည်။ စိတ်သောင်းကျန်းမှုကို မိမိစိတ်ဖြင့်သာ ထိန်းသိမ်းရပါသည်။ မှားသည်၊ မှန်သည်ကို သူတစ်ပါးထောက်ပြပြောဆိုမှ သိခြင်းထက် မိမိစိတ်က သိရှိမှသာ ပြုပြင်လွယ်သည်ကို လေ့လာတွေ့ရှိရသည်။ လူငယ်များ စိတ်အလိုမလိုက်မိရန် လိုပေသည်။
စိတ်သည် ဆတ်ဆတ်ထိမခံပေ။ စကားသံမာလျှင်ပင် မကြိုက်။ အတွန်းအတိုက်ကို သည်းမခံတတ်ပေ။ စိတ်ဆိုး က အရုပ်လည်းဆိုးနေတတ်ပါသည်။
 
အချိန်ပြည့်ဆွဲခေါ်
 
မိမိတွင်ဖြစ်ပေါ်နေသော စိတ်ဆိုးမှုအကြောင်းရင်း ကိုသိပြီး တဖြည်းဖြည်းချင်း လျှော့ချမှသာ အကောင်းမြင် သည့်ဘက်သို့ ရောက်နိုင်သည်။ တစ်ပါးသူ၏ အပြောကို လက်ခံရယူလိုက်သဖြင့် မိမိစိတ်ပူလောင်ရသည်။ တစ်ပါး သူ၏ အပြုအမူကြောင့်၊ လုပ်ရပ်ကြောင့် မိမိစိတ်ညစ်ရသည်။ စိတ်ဝယ်ထင်ကျန်နေသည့် အမှိုက်သရိုက်နှင့် စိတ်ပင်ပန်းမှု များကို အချိန်ပြည့်ဆွဲခေါ်နေသူမှာ မိမိသာဖြစ်သည်။ မိမိ လက်မခံလျှင်၊ မျက်နှာလွှဲနေလျှင် စိတ်ငြိမ်းချမ်းနေ မည်ဖြစ်ပါသည်။ စိတ်ညစ်စရာ အမှိုက်သရိုက်များ မိမိဆီ ဝင်လာစရာအကြောင်းလည်း မရှိနိုင်ပေ။
 
လူတိုင်း စားဝတ်နေရေးအတွက် အလုပ်မျိုးစုံဖြင့် လုပ်ကိုင်၍ လှုပ်ရှားရုန်းကန်နေကြရသည်။ လူပေါင်း များစွာနှင့်လည်း ပေါင်းသင်းဆက်ဆံနေရသည်။ အလုပ် အခက်အခဲ၊ လူမှုရေးအခက်အခဲများစွာဖြင့် စိတ်အခန့် မသင့်စရာကိစ္စများစွာကို မလွဲမသွေကြုံဆုံနေရမည် ဖြစ်ပါသည်။ စိတ်ညစ်၊ စိတ်သောကရောက်မှုများဖြင့်လည်း စိတ်ပင်ပန်းနေကြရသည်။ စိတ်အခန့်မသင့်သူများကို တွေ့လျှင် ရှောင်ရှားချင်စိတ်ဖြစ်လာသည်။ မိမိဘက်မှ ရုပ်ပျက်၊ စိတ်ပျက်နေသဖြင့် တစ်ပါးသူဘက်တွင်လည်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ တစ်ဖက်လူမှာ လည်း စိတ်ဆိုးမှုကို ပြန်လည်တုံ့ပြန်လိုစိတ်သာ ကြီးထွားနေပေမည်။ မိမိစိတ်အကျဘက်ရောက်သည်ကို သတိမပြုမိဘဲ အပြန်အလှန် စိတ်ဆိုးနေကြပေလိမ့်မည်။
ရန်လိုသူကို ပြုံးပြလျှင် ရန်လိုချင်စိတ်ပျောက်ဆုံးသွား လေ့ရှိပါသည်။ ရာခိုင်နှုန်းအများအားဖြင့် ခွင့်လွှတ် ကျေအေးတတ်ကြသည်။ ပြုံးပြလိုက်ရသဖြင့် မိမိစိတ်မှာ လည်း ရန်မပိုဘဲ အေးချမ်းနေသည်။ မဟုတ်မခံဆိုသည့် မာနကို ရှေ့တန်းတင်မိလျှင် စိတ်ထက်သူ၊ စိတ်မြန်သူအဖြစ် ရပ်တည်နေစေသည်။ မာနရှိသူ ပူလောင်စမြဲဖြစ်ပါသည်။ သည်းခံစိတ်သည် အစဉ်အေးချမ်းစေပါသည်။
 
သည်းခံနိုင်မှ သည်းခံမည်ဆိုစကားလည်း လူအများ အကြား တွင်တွင်သုံးစွဲကြသည်။ မှန်ပါသည်။ သည်းခံ နိုင်အောင် ကြိုးစားရလေ့ရှိသည်။ မိမိစိတ်သဘောဖြင့် အရာရာတိုင်းမကိုက်ညီနိုင်သဖြင့် သည်းခံနိုင်သမျှ သည်းခံပေးရပါမည်။ သည်းခံရာတွင် စိတ်အေးအေးဖြင့် အမှန်ဆင်ခြင် ကြိုးစားသည်းခံပေးရပါသည်။ မနိုင်သဖြင့် သည်းခံခြင်းမျိုးမဖြစ်ရပေ။ ကြီးသူရိုသေ၊ ရွယ်တူလေးစား၊ ငယ်သူသနားစိတ်သည် လွန်စွာမွန်မြတ်ပါသည်။
 
မိသားစုထိ ဓားကြည့်၊ အသက်နှင့်လဲပစ်မည် ဟူသော စိတ်များသည် မိသားစုကို ချစ်ခင်စိတ်ဖြင့် ပြောဆိုသော စကားလုံးများဖြစ်သည်။ မိမိမိသားစုကို ကာကွယ်မည်ဟူသောအမြင်ဖြင့် ကြွေးကြော်ခြင်းလည်း ဖြစ်ပါသည်။ ဒေါသကို ရှေ့တန်းတင်ပြသည်။ အမှန်စင်စစ် မိမိသည် မိသားစုတွင် ဆိုးတူကောင်းဖက် မိသားစုဝင် တစ်ဦးဖြစ်သည်။ မှန်ကန်သောစီမံခန့်ခွဲမှုဖြင့် အိမ်တစ်လုံး လုံခြုံရေးဆောင်ရွက်ပေးနိုင်သူလည်း ဖြစ်သည်။ သွားသတိ၊ လာသတိ၊ အမှားမရှိအောင်နေထိုင်ပြုမူရေး လမ်းပြပေး နိုင်သူလည်း ဖြစ်သည်။ ရှေ့ဆောင်လမ်းပြ၏ စိတ်အခြေ အနေသည် မိသားစုဝင်များအပေါ် တစ်စိတ်တစ်ဒေသ လွှမ်းမိုးလေ့ရှိသည်။ လောကဓံ၏ အယိမ်းအနွဲ့ကို ခံနိုင်ရည် ရှိသော အပြုအမူများဖြင့် သားသမီးများကို စီမံညွှန်ကြား နိုင်စွမ်းလည်းရှိရသည်။ အမှန်၊ အမှား ခွဲခြားသိရှိသော စိတ်အခြေအနေတစ်ရပ် ပိုင်ဆိုင်မှသာ မိမိတို့၏ အကျိုး စီးပွားမပျက်စီးဘဲ ရေရှည်တည်တံ့မည် ဖြစ်ပါသည်။
 
စိတ်ပျိုကိုယ်နု
 
အမှန်၊ အမှား ခွဲခြားသိရှိရေးစိတ်ကို အချိန်မလပ် လေ့ကျင့်ပေးရပါသည်။ စိတ်ဖြစ်စဉ်ကိုသိလျှင် အမြန် ထိန်းသိမ်းနိုင်သည်။ စိတ်ဆိုးလျှင် စိတ်မဆိုးအောင် ထိန်းပစ်ရမည်။ မျက်နှာထက် အပြုံးတစ်ပွင့် ဆင်မြန်းနိုင်ရေး ကြိုးစားရသည်။ ပုံမှန်အားဖြင့် စိတ်ဆိုးချိန် စိတ် မဆိုးအောင် ထိန်းသိမ်းခြင်းအလုပ်သည် လွန်စွာခက်ခဲပါ သည်။ စိတ်ဆိုးသည့်အကြောင်းအရာကို မေ့ဖျောက်လျက် အခြားတစ်နေရာသို့ စိတ်ဦးလှည့်ရပါသည်။ ဘာသာရေး အသိအမြင်သည် စိတ်ထိန်းသိမ်းခြင်းအလုပ်ကို ညင်သာ စေသည်။ စိတ်ဆိုးရသည့် အခြေခံအကြောင်းရင်းကို ရှာဖွေနိုင်စေသည်။ သူ့ဘက်၊ ကိုယ့်ဘက်တွေးကြည့်ရန် လိုသည်။ သူလွန်သည်ဟု တွေးလျှင် မိမိစိတ်ဆိုးသေး သည်။ သူလည်း လွန်ကောင်းလွန်နိုင်သည်။ ငါလည်း လွန်ကောင်းလွန်နိုင်သည်။ လွန်သူအချင်းချင်း ထိတွေ့သဖြင့် စိတ်ဆိုးရခြင်းသာဖြစ်ပါသည်။ လက်ဝါး တစ်ဖက်ဖြင့် လက်ခုပ်သံ မထွက်နိုင်ပေ။ စိတ်ပန်းလူပန်း မဖြစ်စေရန် စိတ်ငြိမ်းချမ်းရန်လိုပါသည်။ စိတ်လွတ် ကိုယ်လွတ်အပြုအမူများကို ရှောင်ရှားခြင်းသည် စိတ် ချမ်းသာခြင်း၏ လမ်းစပင်ဖြစ်ပါသည်။ ဘဝအဓိပ္ပာယ် ပျောက်ဆုံးလျက် မစားချင်၊ မသွားချင်၊ အလုပ်မလုပ်ချင် စိတ်များဖြင့် စိတ်ထောင်းကိုယ်ကြေ မဖြစ်ရန်လိုသည်။ သို့ဖြစ်ရာ စာဖတ်သူအပေါင်း စိတ်ပျိုကိုယ်နုဘဝဖြင့် လောကအကျိုးဆောင်နိုင်သောစိတ်များ ဖန်တီး တည်ဆောက်လျက် စိတ်အေးချမ်းစွာနေထိုင်ကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။