Type

အင်တာဗျူး - မြင့်မိုရ်
နိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပေါ်လျက်ရှိသော CDM (Civil Diso-bedience Movement) လှုပ်ရှားမှုက တိုင်းပြည်အတွက် လူသား အရင်းအမြစ် ရှုထောင့်မှကြည့်လျှင် ရရှိလိုက်ရသောရလဒ်မှာ နိုင်ငံ့ ဝန်ထမ်းအများစု ဝန်ထမ်းဥပဒေနှင့်အညီ အပြစ်ပေးအရေးယူခံရခြင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းနှင့် ဝန်ထမ်းထုများအကြား အမျိုးမျိုးသော သွေးခွဲ သပ်သျှိုမှုများကြောင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ကြရသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ CDM လှုပ်ရှားမှုအပေါ် အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် ဝန်ထမ်းအချို့၏ ရင်တွင်းစကားသံများကို ရေးသားဖော်ပြလိုက်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ ပြည်သူ
CDM လှုပ်ရှားမှုနဲ့ ပတ်သက်၍ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာဟိန်းသူရ(အမည်လွှဲ)က “ကျွန်တော် ဆေးရုံကို ဖေဖော်ဝါရီလဆန်းပိုင်းက သွားရောက် တာဝန် ထမ်းဆောင်ခဲ့သေးတယ်။ အဲဒီနောက် တစ်ရက်နဲ့တစ်ရက် CDM လှုပ်ရှားမှုထဲကို ဝင်သလိုလိုနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေက ဆေးရုံကို မလာကြတော့ဘူး။ လူနာတွေလည်းရှိတော့ ကျွန်တော်တောင် Duty နှစ်ခု ဆက်ယူလိုက်ရတယ်။ အဲဒီနောက်နေ့လည်း ရောက်ရော ကျွန်တော့်ဌာနအရာရှိက မင်းဒီနေ့ဆေးရုံ Duty ရှိသေးလားတဲ့၊ ဟုတ် ရှိပါတယ်လည်း ပြောရော၊ မသွားတော့နဲ့၊ သွားစရာမလိုတော့ဘူးတဲ့။ ဟာ ဘာလို့လဲ ဆရာမကြီးလို့မေးတော့ သူများတွေ CDM လှုပ်ရှား မှုထဲ ဝင်ကြပြီတဲ့။ မင်းက ဘာလဲတဲ့။ ကျွန်တော်မျက်စိတောင် လည်သွားတယ်။ ကျွန်တော်နားလည်ထားတာက တစ်မျိုး။ ဆေးရုံကို ရောက်လာတဲ့ ကျွန်တော်တို့ကို အားကိုးပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူ(လူနာတွေ)ကိုပဲ ပိုအလေးပေးရမယ်လို့ ထင်ခဲ့ တာ။ ဆရာဝန်ဆိုတာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကိုပဲ အလေး ပေးဆောင်ရွက်ရမှာက အဓိကလုပ်ငန်းဖြစ်သလို ကျင့်ဝတ်လည်း ဖြစ်ပါ တယ်။
တံလျှပ်ကို ရေထင်တဲ့ ရွှေသမင်
“တကယ်တော့ ကျွန်တော်ထင်ထားတာနဲ့ CDM လှုပ်ရှားမှုကြောင့် လတ်တလော ဖြစ်ပေါ်နေတာတွေနဲ့က တခြားစီဖြစ်နေတယ်။ အများစု က မိုးခါးရေသောက်တော့ ကျွန်တော်လည်း သိသိနဲ့ လိုက် သောက်လိုက် ရတယ်။ ပြောချင်တာက CDM လှုပ်ရှားမှုမှာ ကျွန်တော်ပါတယ် ပြောတာ မဟုတ်ဘူးနော်။ ကျွန်တော် ဆရာဝန်တစ်ယောက်အနေနဲ့ ဆေးကုသမှု အလုပ်တာဝန်ယူ ဆေးရုံကိုသွားချင်ပေမယ့် သူများတွေလည်း မသွားကြ တော့ ရောယောင်ရတာကို ဆိုလိုချင်တာ။ တကယ်တော့ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲနဲ့ မှိုင်းတိုက်နေတဲ့ သူတွေရဲ့ သံယောင်က လွှမ်းမိုးသွားတော့ တံလျှပ်ကို ရေထင်တဲ့ ရွှေသမင်လို ဆရာဝန်တွေလည်း အမှား/အမှန် မခွဲခြားနိုင်တော့ဘူး။ အဲဒါက ရိုးရိုးပြည်သူမပြောနဲ့ တကယ့်ပညာတတ် ဆရာဝန်ကြီးတွေတောင် ပါသွားကြလေတော့ ကျွန်တော် ဘယ်လို တောင် ပြောရမလဲ မသိတော့ဘူး။ ပြောချင်တာက ကျွန်တော်တို့လို ဆရာဝန်တွေအနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လျစ်လျူရှုပြီး စိတ်ခံစားမှုကို ရှေ့တန်းမတင်သင့်ဘူးလို့မြင်တယ်”ဟု ပြောသည်။
ယခုအခါ နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ခဲ့သော CDM လှုပ်ရှားမှုနောက်ကွယ်၌ ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်ပေးနေသော ဆရာဝန်အချို့မှာ မိမိတို့ ထိန်းသိမ်းစောင့်ရှောက် ပေးရမည့် မူရင်းပင်မအလုပ်တာဝန်များကို မေ့ပျောက်ကာ နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့်မညီသော CDM လှုပ်ရှားမှုတွင် ပါဝင်လာကြသည်။ CDM လှုပ်ရှားမှုတွင် ပါဝင်မှုမရှိသည့် ဆရာဝန်အချို့မှာလည်း ဆေးရုံ တက်အလုပ်ဝင်ရောက်မှုကို ဟန့်တားနေသည့် လူအုပ်စုတို့ကြောင့် အခက်တွေ့ရဆဲဖြစ်သည်။
ကျီးလန့်စာ စားနေရသလိုဖြစ်
“အဒေါ်က ရုံးမှာသူများတွေ CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆို ကတည်းက ဒီအတိုင်းဖြစ်လာမယ်ဆိုတာ ကြိုတင်မှန်းဆမိတယ်။ ဘာလို့လဲဆိုတော့ အဒေါ်ရဲ့ အသက်နဲ့ အတွေ့အကြုံက မနည်း တော့ဘူးလေ။ နောက်ဆုံးတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့သူတွေပဲ နစ်နာခဲ့ရတာ။ အခုဆို ပါဝင်ကြတဲ့ ဝန်ထမ်းတွေအနေနဲ့ ရုံးလည်း ပြန်မတက်ရဲ။ အိမ်မှာလည်း ကောင်းကောင်းမနေ၊ ကောင်းကောင်း မအိပ်ရဲ။ သူတို့ကိုယ်သူတို့ ကျီးလန့်စာစားနေရသလို ဖြစ်နေကြရတယ်။ ဒါတွေကလည်း နောက်ဆုံးပြောရမယ်ဆိုရင် ဘယ်သူမပြု မိမိမှုပါပဲ။ အခုဆို CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ သူငယ်ချင်းတွေ ဖုန်းဆက်ပြီး ရင်ဖွင့်ကြတယ်။ အရင်က ရုံးသွား/ ရုံးပြန်နဲ့ အချိန်မှန်နေ့စဉ် သွားလာ လှုပ်ရှားလုပ်နေရင်းက အခုလိုရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားတော့ ခံစားရမှာပေါ့။ ကိုယ်ချင်းတော့ စာပါတယ်။ အခုဆို သူတို့ CDM လှုပ်ရှား မှုမှာ မပါဝင်တဲ့ အဒေါ်တို့ကို သူတို့ တစ်မျိုးမဖြစ်တော့သလို အခြေအနေ မှန်ကိုလည်း ကောင်းကောင်းနားလည် သဘောပေါက်နေကြပြီ။
မီဒီယာရဲ့ သဘောသဘာဝအတိုင်း
“တစ်နေ့ကဆို ရွာကအမျိုးတွေ အဒေါ်ကို ဖုန်းဆက်ပြီး လှမ်းပြော ကြတယ်။ ရန်ကုန်မှာ အခုလိုအခြေအနေမျိုးဖြစ်နေတာ နယ်ပြန်မလာ ဘူးလားတဲ့။ ခွင့်တင်ပြီး ပြန်လာပါလားတဲ့။ အဒေါ်လည်း ဒီရန်ကုန်က အခြေအနေမှန်တွေကို ပြောပြလိုက်ပါတယ်။ ဘယ်အဖွဲ့အစည်းမှ မပါ၊ ဘာမှမလုပ်ရင် ဘာမှမဖြစ်သလို၊ ဘာမှစိုးရိမ်စရာလည်း မရှိဘူးလို့။ အမျိုးတွေကတော့ အွန်လိုင်းပေါ်မှာ မီဒီယာတွေတင်ထားတဲ့ ရန်ကုန် ဘယ်နားကတော့ ဘာဖြစ်နေတယ်။ ဘယ်လိုအခြေအနေတွေ ရောက်နေတယ်ဆိုတဲ့သတင်းတွေကို ကြားတော့ စိုးရိမ်ကြတာပေါ့။ တကယ်တော့ ဖြစ်တဲ့နေရာတွေရှိသလို၊ မဖြစ်တဲ့ နေရာတွေက အများ ကြီးပဲလေ။ မီဒီယာသမားကတော့ မီဒီယာရဲ့သဘောသဘာဝအတိုင်း ဖြစ်တဲ့နေရာတွေပဲ ပြည်သူတွေက စိတ်ဝင်စားကြတော့ အဲဒီနေရာတွေပဲ အွန်လိုင်းပေါ်တင် တင်ကြတာပေါ့။ အဒေါ်တို့ ရပ်ကွက်၊ လမ်းတွေက အဲဒီလို ဆူပူလှုပ်ရှားမှုတွေလုပ်တဲ့သူ နည်းသလို၊ အဖျက်အမှောင့် လုပ်ရပ်တွေဖြစ်တဲ့ လမ်းပိတ်တာတို့၊ ရုံးတက်နေတဲ့ ဝန်ထမ်းတွေ အနှောင့်အယှက်ပေးတာတို့ မရှိဘူးလေ။ အဲဒီတော့ ရပ်ကွက်က အေးချမ်းသလို ဘာမှစိုးရိမ်စရာလဲမရှိဘဲ၊ ခေါင်းပြားအောင် အိပ်နိုင် ပြီး ပုံမှန်ရုံးတက်နိုင်တာပေါ့”ဟု ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတစ်ခုမှ ဦးစီးမှူးတာဝန်ထမ်းဆောင်နေသော ဒေါ်ကြည် ကြည်နု(အမည်လွှဲ) ကပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေထူထပ်ပြီး စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့တွင် လူတန်းစားမရွေး အလွှာပေါင်းစုံနေထိုင်ကြ၍ လတ်တလောဖြစ်ပေါ်နေသော CDM လှုပ်ရှားမှုတွင်လည်း အမျိုးမျိုး အဖုံဖုံ သတင်းများက နိုင်ငံတစ်ဝန်း ပျံ့နှံ့လျက်ရှိသည်။ အွန်လိုင်းခေတ် ဖြစ်၍ နိုင်ငံ၏ အထင်ကရမြို့ဖြစ်သော ရန်ကုန်မြို့အခြေအနေများကို နိုင်ငံတစ်ဝန်း ပြည်သူများ စိတ်ဝင်တစားရှိကြသည်မှာ အဆန်းမဟုတ် တော့ပေ။ အထူးသဖြင့် အေးချမ်းတည်ငြိမ်မှုကို လိုလားသည့် ပြည်သူ များက ပိုမိုစိတ်ဝင်စားကြသည်။
ပြန်တွေးရင် စိတ်မကောင်းဖြစ်မိ
“ကျွန်တော်က CDM လှုပ်ရှားမှု စတင်ကတည်းက ပါဝင်ခဲ့တယ်။ ရုံးကိုလည်း တရားဝင်ပြောကြားခဲ့သလို ရုံးကလည်း CDM လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တရားဝင်တင်ပြခဲ့တယ်။ ရုံးက လူကြီးတွေကလည်း ကောင်းတော့ ကောင်းကြပါတယ်။ CDM လှုပ်ရှားမှု စကတည်းက ပါဝင်တာကို ပြန်လည်ရုံးတက်ဖို့ ကျွန်တော့်ကို အကြိမ်ကြိမ် နားချပါ သေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အကျင့်က တစ်ဇွတ်ထိုး လုပ်တတ်တဲ့ အကျင့်၊ တစ်ယူသန်ဆန်တဲ့အကျင့်က ပါနေတော့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်ခဲ့တာပေါ့။ သူငယ်ချင်းတွေကလည်း အားလုံးနီးပါးက ဝိုင်းလှော်ကြတယ်လေ။ အခုတော့ လက်ဖက်ရည်ဖိုးကအစ အိမ်က တောင်းသုံးနေရတော့ အဆင်မပြေတော့ဘူး။ အရင် လစာထုတ်ရက်ဆို အမေ့ကို ဆန်ဖိုး၊ ဆီဖိုးလေးတော့ အနည်းနဲ့အများပေးနေကျ။ အခုတော့ အဲဒါတွေကို ပြန်တွေးရင် စိတ်မကောင်းဖြစ်မိတယ်။ တကယ်တော့ CDM လှုပ်ရှားမှုက ကျွန်တော်တို့လို နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံရေး လုပ်စား၊ အမြတ်ထုတ်သူတွေက ချကျွေးခဲ့တာပဲ။ အခုတော့ အားလုံး သဘောပေါက် နားလည်လိုက်ပါပြီ။
တဖြည်းဖြည်း အားအင်ချည့်နဲ့လာ
“အခု CDM လှုပ်ရှားမှုတွေလည်း တဖြည်းဖြည်း အားအင်ချည့်နဲ့ လာသလို ဘယ်သူ့ကို၊ ဘယ်လိုဆက်သွယ်ရမှန်းလည်း မသိတော့ဘူး။ နောက်နားတုန်းကတော့ ဝန်ထမ်းတွေကို တစ်လထောက်ပံ့ငွေ ဘယ်လောက်ပေးမှာ၊ ဘယ်လိုတွေပေးမှာကအစ အသံမျိုးစုံကြားခဲ့ရ တယ်။ လကုန်ရက်ပိုင်းလည်းရောက်ရော အဲဒီအသံတွေ ကြက်ပျောက်၊ ငှက်ပျောက်နဲ့ ဘယ်ပျောက်သွားလဲ မသိတော့ဘူး။ ဆက်သွယ်ပါ ဆိုတဲ့ ဖုန်းတွေလည်းမကိုင်သလို၊ အွန်လိုင်းတို့၊ အီးမေးလ်တို့က တစ်ဆင့် ဆက်သွယ်ပြန်တော့လည်း မရဘူး။ တကယ်တော့ CDM လှုပ်ရှားမှုမှာ စတင်ပါဝင်တုန်းက အဲဒီအထောက်အပံ့တွေ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ အဲဒီလိုတွေ လိုချင်တပ်မက်ချင်စိတ်တွေ ဖြစ်အောင် သူတို့က လှုံ့ဆော်ခဲ့တာ။ ကျွန်တော်က CDM လှုပ်ရှားမှု စည်းရုံးတဲ့အထဲမပါတော့ အေးဆေးနေနိုင်သေးတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ခေါင်းဆောင်လိုလို၊ ဘာလိုလိုဆိုတော့ မိဘတွေနဲ့ တောင် အခုထိ အဆက်အသွယ်မရကြသေးဘူး” ဟု ဝန်ကြီးဌာနတစ်ခုမှ ကျွမ်းကျင်-၄ တာဝန်ထမ်းဆောင်နေသော ကိုဇော်ထွန်း (အမည်လွှဲ) က ရင်ဖွင့်ခဲ့သည်။
နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ CDM လှုပ်ရှားမှုမှသည် ယခုအခါ နောက်ဆက်တွဲရလဒ်များမှာ ထိရာတခြား ရှရာတခြား ဆိုသလို နောက်ဆုံး ပြည်သူများပင် အထိနာခဲ့ရသည်။ အထူးသဖြင့် အချိန်တွေပေး၊ အနစ်နာခံ၊ ရှေ့ရေးမျှော်တွေးကာ အေးချမ်းစွာ အသက် မွေးဝမ်းကျောင်းပြုလိုသော ဝန်ထမ်းဘဝထဲသို့ ဝင်ရောက် လုပ်ကိုင် နေသော နိုင်ငံ့ဝန်ထမ်းတို့မှာ ယခုအခါ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီ။ ဘယ်အချိန်မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုသည်ထက် လတ်တလော မှာတော့ CDM လှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းများ၏ ဘဝအခြေ အနေမှာ အနည်းနှင့်အများ ယိမ်းယိုင်သွားကြသည့် လက်တွေ့ခံစား ကြုံတွေ့နေရမှုများကို ပြည်သူအများသိရှိခံစားနိုင်ရန် ရေးသားဖော်ပြ လိုက်ပါသည်။ ။
- Log in to post comments