
ကနောင်
ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြသူတွေကိုဝေတဲ့ ကြာဆံကြော်စားမိရင်း အော့အန်မူးဝေတာ ဖြစ်ကြတယ်ဆိုပြီး ကြားမိတယ်။ ရေသန့်ဘူး ပေးဝေကြသူတွေကိုလည်း ရေသန့်ထဲမှာ ဆေးခပ်ထားတယ်ဆိုပြီး ကောလာဟလသတင်းတွေ ကြားသိရတယ်။ စေတနာရှင်တွေလည်း အစားအစာဝေရမှာတောင် အားငယ်လာကြရသလို ရပ်ကွက်ထဲမှာ လည်း တစ်ဦးနဲ့တစ်ဦး မယုံကြရဘူး။ ဒလန်တွေ၊ သတင်းပေးတွေ စသည်ဖြင့် အော်ဟစ်ကြိမ်းမောင်း တောထုတ်တာမျိုးတွေ ဖြစ်လာ တယ်။ ရပ်ကွက်ထိပ်တွေမှာ လူစုလူဝေးဖြစ်လာတဲ့အခါ ရပ်ကွက်ထဲက အိမ်တွေကို လမ်းထိပ်မထွက်လို့ဆိုပြီး တစ်အိမ်တစ်ယောက် ထွက်လာဖို့ ဆော်ဩသံတွေကြားမိတယ်။ တိုင်းပြည်မတည်ငြိမ် မအေးချမ်းဖြစ်အောင် ဘာကြောင့်များ လှုံ့ဆော်နေကြတာလဲလို့ ဆက်တိုက်တွေးနေမိပါတယ်။
မိဘတွေကို ရှုတ်ချလိုကြတာနဲ့ လူငယ်တွေ၊ လူမမည်ကလေး တွေရဲ့ ဓာတ်ပုံတွေနဲ့ အရှက်ကွဲရအောင် လူမှုကွန်ရက်မှာ တင်ထား ကြတယ်။ နောက်ဆုံး ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ သားသည် အမေတွေကိုလည်း မရှောင်ဘူး၊ အရှက်ခွဲ ကမ်ပိန်းလုပ်ကြပါတယ်။ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာလည်း ဝန်ထမ်းတွေဘဝ မျက်နှာ ငယ်ကြရပါတယ်။ နောက်ဆုံး လူသားအချင်းချင်း သိပ်ကိုမွန်မြတ် ပြီး ချစ်စရာကောင်းတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးဟာ မိမိတို့ အသိုင်း အဝိုင်းအကြား တစ်စတစ်စ ပျောက်ဆုံးလာမှာကိုတော့ အတော်ကို တွေးကြောက်မိပါတယ်။
လူကျင့်ဝတ်တွေ လိုက်နာစောင့်ထိန်းကြရ
လူ့ဘဝ၊ လူ့အသိုင်းအဝိုင်းမှာ အားလုံးနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ လူသားတွေဟာ လူ့ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ၊ နီတိတွေ၊ ဥပဒေတွေ၊ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ထားကြတယ်။ ပြီးတော့ အားလုံးလိုက်နာစောင့်ထိန်းကြရပါတယ်။ ဒါမှသာ လူပီသတဲ့ လူသားတွေဖြစ်လာမှာပေါ့။ လူမှုရေးရာ ဖိနှိပ်ခြင်းဆိုတာ ကျင့်ဝတ် တွေ၊ နီတိတွေ၊ ဥပဒေတွေ၊ လူ့ယဉ်ကျေးမှုတွေအားလုံးကို ဖီဆန်ပြီး ခဏတာလူ့စိတ်သဘာဝအရ ဖြစ်လာတဲ့ခံစားချက်ကို ဦးစားပေး ဆောင်ရွက်ကြတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဘယ်ဘာသာတရား ကမှလည်း လူသားချင်းဖိနှိပ်မှုကို လက်မခံကြပါဘူး။
သွေးဆူနေတုန်းမှာ လူတစ်ယောက်ကို စိတ်ဆိုး၊ ဒေါသထွက်တဲ့ စိတ်နဲ့ အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ပြောဆို ကဲ့ရဲ့နိုင် ပေမယ့် တကယ်တမ်းသွေးအေးသွားတဲ့ အချိန်မှာ မိမိပြောထားတဲ့ စကားစုကို ကိုယ်တိုင်ပါးစပ်က ထုတ်ဖော်မပြောနိုင်လောက်အောင် ကြမ်းတမ်းနေမိတတ်တာမျိုး လူတိုင်းနီးပါး ဖြစ်ဖူးကြပါလိမ့်မယ်။ လက်ရှိအခြေအနေဟာ ထိခိုက်လွယ်တဲ့ စိတ်နှလုံးခံစားချက်တွေ လူတိုင်းမှာရှိပါလိမ့်မယ်။ ဒီလိုအခြေအနေကို နားလည်သဘောပေါက် ပြီး အချင်းချင်းအားပေးကူညီ၊ အမှားကို အမှန်ပြင်၊ မတူညီတာတွေကို ထိန်းညှိရင်းကနေ အကောင်းဆုံးအနေအထား၊ ထိခိုက်မှုအနည်းဆုံး အနေအထားကို သွားကြရမှာဖြစ်ပါတယ်။
လူ့အခွင့်အရေးစံနှုန်းတွေကို သွေဖည်ရာရောက်
ဘယ်သူတွေက ဘာအတွက်ကြောင့် လုပ်နေကြသလဲ၊ ဒီလို လုပ်ခြင်းအားဖြင့် ဘယ်သူတွေ အကျိုးအမြတ်ရသွားမလဲဆိုတာကို လေ့လာကြည့်ကြဖို့လည်း လိုပါတယ်။ မိမိက သူတစ်ပါးထိခိုက်အောင် ပြောဆိုလိုက်တဲ့အခါ တစ်နေ့ပြန်ပြီး ပတ်သက်ဖို့ဖြစ်လာကြမယ် ဆိုရင်တောင် တစ်ဦးနဲ့တစ်ဦး အားနာ၊ မဝံ့မရဲ မဖြစ်ကြရနိုင်ဘူး လားဆိုတာ သုံးသပ်ဖို့လိုပါတယ်။ တစ်ဖက်မှာလည်း ဒီလိုလုပ်ရပ်ဟာ လူ့အခွင့်အရေးစံနှုန်းတွေကို သွေဖည်ရာရောက်နေပြီး စိတ်သဘော ထားကျဉ်းမြောင်းတဲ့သူ Narrow - Minded တွေ ဖြစ်မှန်းမသိ ဖြစ်လာပြီး ဥပဒေကိုလည်း ချိုးဖောက်ရာရောက်နေတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
အမုန်းတရားတွေ ပွားများအောင်
အဲဒီလို Social Punishment လို့ ခေါင်းစဉ်တပ်ပြီး ကိုယ့်နဲ့မတူ ကိုယ့်ရန်သူ သဘောထားပြီး မတည့်သူတွေကို လိုက်လံအရှက်ခွဲ Blaming တွေ၊ Personal Attack လုပ်နေတာမျိုးတွေကိုလည်း မိမိတို့ပတ်ဝန်းကျင်မှာ တွေ့မြင်လာရပါတယ်။ အွန်လိုင်းမှာ တင်ထား ရုံနဲ့ အဖြစ်အပျက်အစအဆုံးမသိနိုင်ဘဲ လူအချင်းချင်းအမုန်းတရား တွေပွားများအောင် ပြုလုပ်တာဟာ ဘာသာတရားရှုထောင့်ကနေ ကြည့်ရင်လည်း အပြစ်ဖြစ်နေပါပြီ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေကို အငြိုးထားပြီး တိုက်ခိုက်နေတာ၊ စီးပွားပျက်ရာပျက်ကြောင်း Boycott လုပ်တာ၊ အချို့ကလည်း ခံစားပြီး ပြန်ဖြေရှင်းနေကြရတာတွေဟာ အမုန်းမီးကို အကြိမ်ကြိမ်အခါခါ ထပ်မွှေးနေကြတဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။
အပါယ်ကျစေတဲ့ကံ (ပြုလုပ်တဲ့အလုပ်) တရားတွေဆိုတာ အကုသလ ကမ္မပထ တရား ၁၀ ပါး ရှိပါတယ်။ အဲဒီမှာ ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက်လေးပါးနဲ့ မနောဒုစရိုက် သုံးပါးတို့ပါဝင်ပါတယ်။ ကာယဒုစရိုက်သုံးပါးကတော့ သူ့အသက်ကို သတ်တာ၊ သူ့ဥစ္စာကို ခိုးယူတာနဲ့ သူတစ်ပါးသားမယားပြစ်မှားတာဖြစ်ပါတယ်။ မနော ဒုစရိုက်သုံးပါးက အဘိဇ္ဈာလို့ခေါ်တဲ့ သူများပစ္စည်းကို ကိုယ်ပိုင်ဖြစ်လို တဲ့ လောဘ၊ ဒီလူတွေ သေသွားရင်ကောင်းမှာတို့ ဒီလူတွေပျက်စီး သွားရင် ကောင်းမယ်လို့ တွေးမိတဲ့ ဗျာပါဒနဲ့ ကုသိုလ်လည်းမရှိ၊ အကုသိုလ်လည်းမသိ၊ ကံကံ၏အကျိုးကို မသိ၊ လက်မခံငြင်းပယ်တဲ့ မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ပါတယ်။
ဆင်ခြင်တုံတရားလက်ကိုင်ထား
ဝစီဒုစရိုက်လေးပါးကတော့ မုသာဝါဒ လိမ်လည်ပြောဆိုတာ၊ ပိသုဏဝါစာ သူတစ်ပါးအကျိုးပျက်စီးစေဖို့ ကုန်းတိုက်တာ၊ ဖရုသဝါစာ ဆဲရေးတိုင်းထွာပြီး ညစ်ညမ်း တဲ့စကားတွေပြောဆိုတာနဲ့ သမ္ဖပ္ပလာပ အကျိုးမဲ့သိမ်ဖျင်းတဲ့စကားတွေကို ပြောဆိုတာတွေ ပါဝင်ပါတယ်။ အခုလိုကာလမှာ ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့ ဒုစရိုက်ဆိုးကျိုးပြ ဒုစ္စရိတဝိပါက ဒေသနာတော်မှာ ညွှန်းဆိုပြခဲ့တဲ့ အချက်တွေထဲက အတော်များများကို ကျူးလွန်နေမိကြတာကို စိတ်မသက်သာဖွယ် မြင်တွေ့နေရတာမို့ အမြန်ဆုံး ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး ပြင်ဆင်သင့်ပါပြီလို့ အကြံပြုလိုပါတယ်။
လက်ရှိမိမိတို့နိုင်ငံမှာ ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင်၊ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မပျက်အောင်၊ တိုင်းပြည်တည်ငြိမ်အေးချမ်း မှုနဲ့ မှန်ကန်တဲ့ ဒီမိုကရေစီဖက်ဒရယ် လမ်းကြောင်းမပျက်ယွင်းအောင် အစိုးရကနေ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နေတာကို မြင်တွေ့ နေရပါတယ်။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတို့အတွက် အာမခံချက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုကို မြင်နေလျက်သားနဲ့ ဘာကြောင့်များ မရေရာ မသေချာတဲ့ တိုက်ပွဲတွေအဖြစ် တိုင်းပြည်ကို စစ်မြေပြင်ဖြစ်ချင် ဦးမှာလဲလို့ ဆန္ဒပြလှုပ်ရှားသူတွေ၊ တည်ဆဲအစိုးရအား ဆန့်ကျင် သူတွေကို မေးချင်ပါတယ်။ မိမိတို့အားလုံး စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်းကို တစ်ဦးနဲ့တစ်ဦး စာနာနားလည်မှုရှိရှိ၊ ဖေးမမှု အပြည့်နဲ့ ခရီးနှင်ဖြတ်သန်းကြရအောင်လို့သာ အသိပေးတိုက်တွန်း ရေးသားလိုက်ရပါတယ်။
- Log in to post comments