ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ကြဲလိုက်သည့် အဆိပ်အတောက်များ

 

မြန်မာနိုင်ငံတွင် အသုံးများသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don't expect anything!)” အမည်ရှိ   ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သူနှင့်  ပါဝင်သရုပ်ဆောင် သူများကို ဖမ်းဆီးလိုက်ပြီး ဥပဒေနှင့်အညီ အ‌‌ရေးယူဆောင်ရွက် သွားမည်ဟု  သိရသည်။  isi Dhamma  Youtube Channel  နှင့် Tiktok  တို့တွင်   လွှင့်တင်ခဲ့သည့်    အဆိုပါရုပ်ရှင်ဇာတ်လမ်းသည် မြန်မာလူမျိုးသရုပ်ဆောင်များနှင့်  မြန်မာစကားပြောဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။


အဆိုပါ ဇာတ်လမ်း၏ ဇာတ်ညွှန်းရေးသားသူနှင့် ဒါရိုက်တာ မှာ  ဣသိဓမ္မဟူ၍   အမည်ခံထားသည့်   အသက် ၅၂ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer ဆိုသူဖြစ်ပြီး ၎င်း၏ နောက်ခံအဖွဲ့အစည်းဖြစ်သည့်  isi  Dhamma ဆိုသည့် အဖွဲ့ကိုလည်း  သေချာစွာလေ့လာဆန်းစစ်ရန်လိုမည်ဖြစ်သည်။  အဆိုပါ ရုပ်ရှင်နှင့် စပ်လျဉ်း၍  ပြည်ပြေးမီဒီယာတစ်ခုက  ဗုဒ္ဓ၏ဝိနည်းတော်များကို    မလိုက်နာသော  ဘုန်းကြီးများကို   ဝေဖန်ထားသည့် ၎င်းဇာတ်လမ်းကို   စတင်လွှင့်တင်ချိန်မှစ၍ လူပေါင်း ၄၂၀၀၀ ကျော် ကြည့်ရှုထားကြပြီး လူ ၁၀၀၀ ခန့်က ကြိုက်နှစ်သက်ကြောင်း ဖော်ပြခဲ့ကြသည်ဟု  ဆိုသည်။  အဆိုပါဇာတ်လမ်းကို  ဂရုစိုက်၍  ခွဲခြမ်းစိတ်ဖြာ  ကြည့်ရှု မည်ဆိုပါက  ဝိနည်းမလိုက်နာသည့်  ဘုန်းကြီးများကို  ဝေဖန်ခြင်းဖြစ် သည်ဆိုသည်မှာ အပေါ်ယံသာဖြစ်ပြီး သည်ထက်ပိုသည့်  ရည်ရွယ် ချက်များပါရှိနေသည်ဟု   ဆိုနိုင်သည့်အချက်များကို   တွေ့မြင်နိုင် သည်။ ဇာတ်လမ်းထဲမှ ပြောစကားများ၊ အတွေးအခေါ်များ၊ နိမိတ်ပုံ များ၊ ပြကွက်များက မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာတို့၏ ကိုးကွယ် ယုံကြည်မှုတို့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းလည်းဖြစ်သည်။


ကမ္ဘာ့လူသားများ ယုံကြည်ကိုးကွယ်ကြသည့်  ဘာသာ၊ သာသနာ များအားလုံးတို့တွင်  လောကုတ္တရာနယ်ပယ်မှ  ပုထုဇဉ်ပုဂ္ဂိုလ်များ အတွင်း အားနည်းချက်များ ဖြစ်ပေါ်လာလေ့ရှိကြသည်။  သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်အချို့တွင်  ပုထုဇဉ်သဘာဝ  ဖြစ်ပေါ်လာတတ်သည့် အမှားသည် ထိုပုဂ္ဂိုလ်၏ အမှားသာဖြစ်ပြီး ထိုသူနှင့်သာဆိုင်သည့် ကိစ္စလည်းဖြစ်သည်။ “ဘာမှမမျှော်လင့်ပါနဲ့” ဇာတ်လမ်းတွင် ပါဝင် နေသည့် ရင့်သီးသောစကားလုံးများ၊ ရိုင်းစိုင်းသော အမူအရာများနှင့်  သိမ်းကျုံးကောက်ချက်ဆွဲ၍ ကြည့်ရှုသူကို ပေးလိုက်သည့်အချက် အလက်များက မြန်မာလူမျိုး ကလေးငယ်များ၊ ဘာသာရေးအသိသုတ အားနည်းသူများဆီသို့  ဖြန့်ကြဲပေးလိုက်သည့်  အဆိပ်အတောက်များ  သက်သက်သာဖြစ်သည်။  ဘာသာ သာသနာ   သန့်ရှင်းတည်တံ့ပြန့်ပွား ရေးကို စေတနာသန့်သန့်   မှန်မှန်ကန်ကန်နှင့် ယဉ်ကျေးသိမ်မွေ့စွာ ဆောင်ရွက်လိုသူများအဖို့ ဆရာကြီး ဦးသုခ ရေးသားရိုက်ကူးခဲ့ သည့်  “ရဟန်းစားရသော ဆွမ်းတစ်နပ်”၊  “ရဟန်းမစားရသော ဆွမ်းတစ်နပ်”၊ “တစ်ပါးသီလ” ကဲ့သို့သော ရုပ်သံဇာတ်လမ်းများ ကို အတုယူနိုင်သည်။ ဘာသာရေးဇာတ်လမ်းများပီပီ ဗုဒ္ဓဘာသာ ဝင် မြန်မာလူမျိုးများအတွက်လည်း စိတ်နှလုံးကို နူးညံ့သိမ်မွေ့စွာ   ပြောင်းလဲသွားစေနိုင်သကဲ့သို့  အခြားဘာသာဝင်များက ကြည့်ရှု ပါကလည်း  ဗုဒ္ဓဘာသာအပေါ်  နားလည်မှုရစေနိုင်သည့်  ရုပ်သံ ဇာတ်လမ်းကောင်းများဖြစ်သည်။


သံဃာတော်ဟူသည် သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့် သောဂုဏ်၊  သိက္ခာကျင့်ဝတ်တို့ကို  ဖြောင့်မတ်စွာကျင့်သောဂုဏ်၊ နိဗ္ဗာန်အကျိုးငှာ  ကျင့်တော်မူသောဂုဏ်၊   အရိုအသေပြုထိုက်အောင် သိက္ခာတို့ကို ရိုသေထိုက်သောဂုဏ်၊ အဝေးမှဆောင်၍ လှူသော ပစ္စည်းတို့ကို ခံယူတော်မူထိုက်သောဂုဏ်၊ ချစ်ခင်နှစ်လိုအပ်သော ဧည့်သည်တို့အဖို့ စီရင်ထားသော မြတ်သောအလှူကို ခံတော်မူထိုက် သောဂုဏ်၊ တမလွန်ကို ယုံကြည်၍ ပေးအပ်သော မြတ်သောအလှူကို  ခံတော်မူထိုက်သောဂုဏ်၊ ကောင်းမှုကို အလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်‌တော်မူသောဂုဏ်၊ ကောင်းမှုမျိုးစေ့တို့   စိုက်ပျိုးရန်    အကောင်းဆုံးလယ်ယာမြေသဖွယ်ဖြစ်သော ဂုဏ်ဟူသည့်  (၉)ပါး သော  ဂုဏ်တို့နှင့် ပြည့်စုံ‌တော်မူကြသူများဖြစ်သည်။   ဂန္ထဓူရနှင့်    ဝိပဿနာဓူရဟူသည့် ဓူရနှစ်ဖြာကို သာသနာ့ဝန်အဖြစ် ထမ်းဆောင် ရင်း  လောကတ္တစရိယဟူသော လောက၏အကျိုးစီးပွား၊ ဉာတတ္ထ စရိယဟူသော အမျိုးအနွယ် (တိုင်းပြည်နှင့်လူမျိုး) ၏ အကျိုးစီးပွား၊ ဗုဒ္ဓတ္ထစရိယဟူသော မိမိကိုယ်ကိုယ်ဖြည့်ကျင့်ခြင်းတို့ကို ဆောင် ကြဉ်းနေကြသူများလည်း ဖြစ်သည်။


မြန်မာနိုင်ငံ၊  မြန်မာလူမျိုး၊  မြန်မာ့ယဉ်ကျေးမှုနှင့်  မြန်မာတို့ ကိုးကွယ်ယုံကြည်မှုတို့ကို ထဲထဲဝင်ဝင်နားလည်ခြင်းမရှိသည့် အပြင် ရဟန်းသံဃာတော်တို့အပေါ် အထင်အမြင်လွဲမှားစေရန်နှင့်  ဘာသာ သာသနာညှိုးနွမ်းစေရန်ရည်ရွယ်၍ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ရိုင်းပျကြမ်းတမ်းစွာ သရုပ်ဆောင်မှုများကို မြန်မာနိုင်ငံနှင့် မြန်မာ လူမျိုးတို့အတွက် မည်သို့သော   စေတနာနှင့်   ရိုက်ကူးထုတ်လွှင့်ခဲ့ သနည်းဟူသော  မေးခွန်းအတွက်အဖြေမှာ ပါဝါအပျော့နည်းလမ်း ဖြင့် နိုင်ငံတစ်နိုင်ငံ၏စွမ်းအားကို အားနည်းချည့်နဲ့စေရန်  ဘာသာ သာသနာနှင့်  ယဉ်ကျေးမှုမျက်နှာစာမှ   တိုက်ခိုက်မှုတစ်ရပ်ဟုသာရှုမြင်ပါကြောင်း။           ။