ကမ္ဘာ့နိုင်ငံအချို့ သဘာဝ၏ မျက်နှာသာပေးမှုကြောင့် ကြွယ်ဝ ချမ်းသာသည်။ ဥပမာအားဖြင့် ဧရာမရေနံသိုက်ကြီးများ ပိုင်ဆိုင် ပြီး မိမိတို့နိုင်ငံသားများကို လိုလေသေးမရှိ ထားပေးနိုင်သော အရှေ့အလယ်ပိုင်းဒေသမှ ရေနံသူဌေးနိုင်ငံများကဲ့သို့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့မှာမူ သဘာဝက မျက်နှာသာမပေးမှုများကြောင့် စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေကြရသည်။ ဥပမာ နိုင်ငံ၏ အစိတ်အပိုင်းအများစုမှာ သဲကန္တာရများဖြစ်နေပြီး ရာသီဥတု ဖောက်ပြန်မှုများဖြစ်တတ်သည့် အာဖရိကနိုင်ငံအချို့ကဲ့သို့ဖြစ် သည်။ မိမိတို့ မြန်မာနိုင်ငံမှာမူ ယင်းသို့သော နိုင်ငံနှစ်မျိုးလုံးနှင့် မတူကွာခြားသည်။
မြန်မာနိုင်ငံမှာ သဘာဝသယံဇာတ အထိုက်အလျောက် ပိုင်ဆိုင်ပြီး စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်သည့် ရေမြေအရင်းအမြစ် တို့ အတန်အသင့်ပြည့်စုံသည်။ နိုင်ငံသူ နိုင်ငံသားတို့ အမှန်တကယ် ကြိုးပမ်းအားထုတ် အလုပ်လုပ်ကြလျှင် မတောင့်မတ၊ မကြောင့် မကျ နေနိုင်သည်။ နိုင်ငံ၏ ပထဝီအနေအထားသည် အားသာ ချက်ရှိသလို အားနည်းချက်များလည်းရှိသည်။ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်နိုင်ငံအကြားတွင် တည်ရှိနေခြင်းသည် ပထဝီအားသာချက်ဟု ဆိုနိုင်ပြီး သဘာဝဘေးအန္တရာယ် ခံစားရ နိုင်ခြေ မြင့်မားခြင်းသည် ပထဝီအားနည်းချက်ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ မိမိတို့နိုင်ငံသည် စီးပွားရေးပတ်ဝန်းကျင် ကောင်းကောင်း ကို ထူထောင်ပြီး လူ့စွမ်းအားအရင်းအမြစ်ကောင်းကောင်းဖြင့် တစိုက်မတ်မတ် အားထုတ်ဆောင်ရွက်လျှင် ဆယ်စုနှစ် နှစ်ခု စာမျှဆိုလျှင် ဒေသတွင်း၌ မိမိတို့နှင့် ထိုက်တန်သော နေရာကို ရရှိလာနိုင်သည့် အခြေအနေရှိသည်။ သို့ရာတွင် ယင်းသို့ဖြစ်ပေါ် လာစေရန်မှာ တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည့်တိုင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးကို ရာခိုင်နှုန်း ပြည့် တည်ဆောက်နိုင်ရန်မှာလည်း လက်ရှိအခြေအနေတွင် များစွာကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး နယ်ပယ်သည် နိုင်ငံရေးနယ်ပယ်ဖြစ်သည်ဟု ပညာရှင်များက အသိအမှတ်ပြုထားကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတွင်ရှိနေသော ဓနငွေကြေး၊ ရုပ်ဝတ္ထုများနှင့် လူ့စွမ်းအားဟူ သော အရင်းအမြစ်သုံးရပ်ကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချဆောင်ရွက်ရေးသည် နိုင်ငံရေးနယ်ပယ်တွင် အကျုံးဝင် ပြီး စီးပွားရေးဆိုင်ရာ အကြောင်းတရားများသည် နိုင်ငံရေး ဆိုင်ရာ အကြောင်းတရားများ၏ လက်အောက်ခံသာဖြစ်သည်ဟု လည်း ဆိုသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ရပ်တည်ရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေရခြင်းဖြစ်ရာ နိုင်ငံရေးနယ်ပယ်တွင် ပဋိပက္ခများ၊ ဝိရောဓိများ နှင့် မတည်ငြိမ်မှုများ မည်သို့ပင်ရှိနေစေကာမူ နိုင်ငံနှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားအတွက် မဖြစ်မနေဆောင်ရွက်ကြရသည်မှာ လည်း ပကတိအခြေအနေတစ်ရပ်ပင်ဖြစ်သည်။ လတ်တလော မိမိတို့နိုင်ငံ၏ အခြေအနေကိုကြည့်လျှင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဦးဆောင်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားလာစေရန် အားပေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံ ကြီး အချို့နှင့် အပေါင်းပါနိုင်ငံအချို့တို့၏ ဖိအားပေးမှု၊ တားဆီး ပိတ်ဆို့မှု၊ နှောင့်ယှက်ဟန့်တားမှုများ၊ ပြည်တွင်းမှ မသမာသူများ ၏ လှုပ်ရှားဆောင်ရွက်မှုများကြားမှ နိုင်ငံ၏စီးပွားရေးမှာ အခက်အခဲကြားမှ တိုးတက်ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။
“နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် မိမိတို့ကော်မတီအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ Quick Win ဖြစ်မည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရန်လို ကြောင်း၊ ကုန်စျေးနှုန်းများ မြင့်တက်စေရန်အတွက် အချို့ ဝိသမလောဘသမားများ၏ စျေးကစားနေမှုများရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန် ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း” ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) တွင် နိုင်ငံတော်အကြီးအကဲက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသွားခဲ့သည်။
လက်ရှိနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်တို့ကို ဘက်ပေါင်းစုံမှ မှန်မှန်ကန်ကန်သုံးသပ်၍ အမြန်ဆုံးအကောင် အထည်ဖော်ခြင်း၊ ကုန်စျေးနှုန်းများ မြင့်တက်ရေးအတွက် ဝိသမ လောဘဖြင့် စျေးကစားနေသည့် မသမာသူများကို ဖော်ထုတ် အရေးယူခြင်းတို့ဖြင့် နိုင်ငံ့စီးပွားနယ်ပယ်မှ အနှောင့်အယှက် အဟန့်အတားများကို ဖယ်ရှားနိုင်ပါစေကြောင်း။ ။