လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့

 

ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းသည် သန့်ရှင်းသောလေကို မရရှိ ကြ။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ခုနစ်သန်းခန့် အရွယ်မတိုင်မီ သေဆုံးနေကြရပြီး ယင်းအနက်မှ ထက်ဝက်ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံသည် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရသည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က ပြုလုပ်သည့် ကမ္ဘာ့လေထုအရည် အသွေးစစ်တမ်းအရ လေထုအညစ်ညမ်းဆုံးနိုင်ငံ အဆင့် ၁၉ တွင် ရှိခဲ့သည်။ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ကင်ဆာ၊ အဆုတ်နှင့်ဆိုင်သည့် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်သည်။ ၂၀၁၇ ခုနှစ်တွင် လေထုညစ်ညမ်းမှုနှင့် ဆက်စပ်၍ မြန်မာနိုင်ငံမှ လူပေါင်း ၄၅၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ထုတ် ပြန်ခဲ့ရာ   မြန်မာနိုင်ငံတွင်လည်း     လေထုညစ်ညမ်းမှုသည် အရေးတကြီးကိုင်တွယ်ဖြေရှင်းရန်လိုအပ်သလို ရေရှည်စဉ်ဆက် မပြတ်   ဆောင်ရွက်သွားရမည့်    ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်နေသည်။


လူသားတို့၏ခန္ဓာကိုယ်ပတ်ဝန်းကျင်တစ်ခုလုံးနှင့်  ထိစပ် တည်ရှိနေသည့် ကမ္ဘာ့လေထုတွင် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း၊ အာဂွန် ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့များ ၀  ဒသမ ၁ ရာခိုင်နှုန်း  ပါဝင်ဖွဲ့စည်းလျက်ရှိ သည်။ လေထုထဲတွင် သဘာဝအလျောက်ဖွဲ့စည်းတည်ရှိနေသော ဓာတ်ငွေ့များအပြင် အခြားဓာတ်ငွေ့များ၊ အဆိပ်ရှိသည့်ဒြပ်ပေါင်း များ၊ အမှုန်အမွှားများ ပါဝင်လာပြီး လေထုအရည်အသွေးနိမ့်ကျ လာသည့်အခါ လေထုညစ်ညမ်းမှုဖြစ်ပေါ်လာသည်။ အကျိုးဆက် များအနေဖြင့် လူသားတို့၏ ကျန်းမာရေးကိုထိခိုက်စေပြီး အိုဇုန်း လွှာကိုပျက်စီးစေသကဲ့သို့ ကမ္ဘာကြီးကိုလည်း ပိုမိုပူနွေးလာစေ သည်။ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေခြင်း၏ အကြောင်းရင်းများမှာ လူတို့ကသာ အဓိကဖြစ်သည်။ ဒီဇယ်ဆီ၊  ဓာတ်ဆီကဲ့သို့သော ရုပ်ကြွင်းလောင်စာအသုံးပြုသည့်  မော်တော်ယာဉ်များအပါအဝင် ယာဉ်၊ ယန္တရားများ မောင်းနှင်အသုံးပြုခြင်း၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ  ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်မြေများ၊  တောင်ယာများ မီးရှို့ခြင်း၊ အမှိုက်များ  မီးရှို့ခြင်း၊ ထင်း၊ မီးသွေးများအသုံးပြု ချက်ပြုတ်ခြင်း စသည်တို့ကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ် လာရသည်။


မြန်မာနိုင်ငံတွင်   လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ  မဟာဗျူဟာနှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး လေထုအရည်အသွေး အခြေအနေလေ့လာဆန်းစစ်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လစဉ်တိုင်းတာစစ်ဆေးမှုများပြုလုပ်ကာ နိုင်ငံပိုင် သတင်းစာများမှ သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် ဥတ္တရသီရိ၊ ရန်ကုန်တိုင်းဒေသကြီး တွင် ဗိုလ်တထောင်၊ သာကေတ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊  သန်လျင် နှင့်ဒလ၊ မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ၊ အောင်မြေသာစံ၊ ညောင်ဦး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မုံရွာ၊ ကလေး၊ ကသာ၊ ဟုမ္မလင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ထားဝယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ မကွေး တိုင်းဒေသကြီးတွင် မကွေး၊ ပခုက္ကူ၊ သရက်၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်၊ ကရင်ပြည်နယ်တွင် ဘားအံနှင့် မြဝတီ၊ မွန်ပြည်နယ်တွင်   မော်လမြိုင်၊  ရခိုင်ပြည်နယ်တွင်   စစ်တွေ၊ ကျောက်ဖြူ၊ ငပလီ၊ မြောက်ဦး၊ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ တာချီလိတ်၊ လားရှိုး၊ ကျိုင်းတုံမြို့များ၌ လစဉ်တိုင်းတာမှုများ ပြုလုပ်ပြီး  လေထုအရည်အသွေး   ညွှန်းကိန်းများကို   အရောင်  (၆) မျိုးဖြင့် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။


လေထုညစ်ညမ်းမှုသည် လူတိုင်းနှင့်သက်ဆိုင်သလို ဒေသ တိုင်း၊ နိုင်ငံတိုင်းနှင့်လည်းသက်ဆိုင်သည့်အလျောက် လေထု သန့်ရှင်းရေးဆောင်ရွက်ရာတွင် လူတိုင်းပါဝင်၍ စဉ်ဆက်မပြတ် စုပေါင်းညီညာဆောင်ရွက်ကြမှသာ သန့်ရှင်းသောလေထုနှင့် ကျန်းမာရေးကို အကျိုးပြုသည့်ပတ်ဝန်းကျင်ကို လူတိုင်းရရှိနိုင် ကြမည်ဖြစ်ပါကြောင်း။      ။