
ရန်ကုန် စက်တင်ဘာ ၁၂
၂၀၂၃ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် (၁၈) နောက်ဆုံးနေ့ကို စက်တင် ဘာ ၁၂ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ သစ္စာ အားမာန်အသင်းနှင့် တက္ကသိုလ်အသင်း တစ်ဂိုးစီ သရေကျခဲ့သည်။ သစ္စာအားမာန် အသင်းသည် ယခုပွဲမတိုင်မီကတည်းက ချန်ပီယံဖြစ်ထားပြီး နောက်ဆုံးပွဲတွင် သရေ တစ်မှတ် ထပ်မံရယူခဲ့ခြင်းဖြစ်သည်။ သစ္စာ အားမာန်အသင်းသည် ယခုရာသီမှ MNL-2 ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်သော်လည်း ပထမ ဆုံး ရာသီမှာပင် ချန်ပီယံဆုရခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်အသင်းမှာမူ ချန်ပီယံဘွဲ့လက်လွှတ် ခဲ့ရပြီး ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။
အမှတ်ပေးဇယား ထိပ်ဆုံး နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ဂုဏ်သိက္ခာပိုင်းအတွက် အားကုန်ထုတ် ကစားခဲ့သည်။ ၂၆ မိနစ်တွင် မင်းမော်ဦးက သစ္စာအားမာန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း ၅၅ မိနစ်တွင် စခန့်ချောက တက္ကသိုလ်အသင်း အတွက် ချေပဂိုးပြန်သွင်းခဲ့သဖြင့် တစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် သစ္စာအားမာန်အသင်းက ၁၄ ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ နှစ်ပွဲရှုံး ရမှတ် ၄၄ မှတ်ဖြင့် ချန်ပီယံ ဖြစ်ခဲ့ပြီး တက္ကသိုလ်အသင်းက ၃၈ မှတ်ဖြင့် ဒုတိယ၊ Port အသင်းက ၃၄ မှတ်ဖြင့် တတိယရရှိခဲ့သည်။
တန်းဆင်းခဲ့ရ
ယင်းအသင်းများနောက်တွင် Junior Lions အသင်းက ၃၃ မှတ်၊ Glory Goal အသင်းနှင့် ရွှေပြည်သာအသင်းက ၂၂ မှတ်စီ၊ ငွေကြယ်ပွင့်အသင်းက ၁၆ မှတ်၊ ရက္ခပူရ ယူနိုက်တက်အသင်းက ၁၄ မှတ် ရရှိသည်။ ၁၄ မှတ်စီ ရရှိသည့် မောရဝတီအသင်းနှင့် Golden Grit အသင်းတို့မှာမူ တန်းဆင်း ခဲ့ရသည်။
ဆုချီးမြှင့်ပွဲကျင်းပ
သစ္စာအားမာန်အသင်းနှင့် တက္ကသိုလ် အသင်း ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက် ကျင်းပရာ သွင်းဂိုး ၂၀ စီဖြင့် ပူးတွဲဂိုးသွင်း အများဆုံးဆုရရှိခဲ့သည့် သန့်ဇော်ဟိန်း (သစ္စာ အားမာန်) နှင့် ဇော်ဇော်ထိုက် (တက္ကသိုလ်) တို့ ဆုတံဆိပ်နှင့် ဆုကြေးကျပ် ငါးသိန်းစီ၊ တတိယဆုရရှိခဲ့သည့် Port FC အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ဆုနှင့် ဆုကြေးကျပ် သိန်း ၁၀၀၊ ဒုတိယရရှိသည့် တက္ကသိုလ်အသင်း အား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ဆုကြေး ငွေကျပ်သိန်း ၁၅၀၊ ချန်ပီယံသစ္စာအားမာန် အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆု၊ ဆုကြေး ငွေကျပ်သိန်း ၂၀၀ နှင့် ချန်ပီယံဆုဖလားတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်သည်။
ရဲရင့်လွင်
ဓာတ်ပုံ - MNL