ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကို စတင်စိတ်ဝင်စားခဲ့ကြသူများ မှာ ၁၉ ရာစု အစောပိုင်းကာလ ဥရောပသိပ္ပံပညာရှင်များဖြစ်သည်။ ထိုကာလတွင် ရေနွေးငွေ့စွမ်းအားကိုအသုံးပြုသည့် စက်မှု လုပ်ငန်းများထွန်းကားခဲ့ခြင်းနှင့်အတူ ကျောက်မီးသွေးကို အသုံး ပြုရာမှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ များသည် ကမ္ဘာ့အပူချိန်မြင့်တက်မှုအပေါ် သက်ရောက်မှုရှိနေ ကြောင်းကို ထိုစဉ်ကပင် ၎င်းသိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြ သည်။
နေမှလာသည့် နေရောင်ခြည်သည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် အာကာသလေဟာနယ်သို့ ပြန်လည်ဖြာထွက် ခြင်း ဖြစ်စဉ်တွင် ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် အပါအဝင် မှန်လုံအိမ်ဓာတ်ငွေ့များ (Greenhouse Gases-GHG) အလွန်အကျွံများပြားနေခြင်းကြောင့် အပူလှိုင်းများကို လေထုက စုပ်ယူထားလိုက်ရာမှ အပူချိန်မြင့်တက်လာကာ ကမ္ဘာကြီးကို ပူနွေးလာစေသည်။ ကမ္ဘာကြီးပူနွေးလာခြင်းက ကမ္ဘာတစ်ဝန်းလုံး တွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ မှန်လုံအိမ်ဓာတ်ငွေ့များဟုဆိုရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်က အများစုဖြစ်ပြီး မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်နှင့် အိုဇုန်းအနည်း ငယ်စီတို့က အပူလှိုင်းကို စုပ်ယူနိုင်သော အာနိသင်များရှိကြသည်။ အဆိုပါဓာတ်ငွေ့များအားလုံးမှာ လူတို့ကြောင့် ထွက်လာရခြင်း ဖြစ်ပြီး ၎င်းဓာတ်ငွေ့များတွင် ပါဝင်နေသည့် အိုဇုန်းက လေထု အောက်လွှာတွင်ရှိနေသော ဓာတ်ငွေ့များနှင့် စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ငွေ့များ ဓာတ်ပြု ရာမှ ထွက်ပေါ်လာသည့် မှန်လုံအိမ်ဓာတ်ငွေ့အိုဇုန်း ဖြစ်သည်။
နေရောင်ခြည်တွင်ပါဝင်သည့် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ ကာကွယ်ပေးနိုင်သော အိုဇုန်းဓာတ်ငွေ့အလွှာသည် ကမ္ဘာ မြေပြင်အထက် ကိုးမိုင်နှင့် ၂၂ မိုင်ကြားတွင်တည်ရှိနေသော စထရာ တို စဖီးယားခေါ် လေထုအလွှာတွင်ရှိနေပြီး အသံထက်မြန် လေယာဉ် များ ပျံသန်းခြင်းနှင့် အာကာသယာဉ်များကို လွှတ်တင်ရာတွင် ထွက်ရှိလာသည့် ဓာတ်ငွေ့များ၊ စက်ရုံများမှ ထွက်လာသည့် ဓာတ်ငွေ့များက ၎င်းအိုဇုန်းလွှာကို ပျက်စီးစေနိုင်သည်။ စက်မှု လုပ်ငန်းများမှ ထုတ်လွှတ်လိုက်သော ကလိုရိုဖလူအိုရို ကာဗွန် ဓာတ်ငွေ့များ(Chlorofluoro carbons-CFCs)သည် ကမ္ဘာ့လေထု အထက်လွှာရှိ အိုဇုန်းလွှာကို ဖျက်ဆီးနိုင်ရုံမျှမက အပူလှိုင်း စုပ်ယူမှုတွင်လည်း CFCs မော်လီကျူးတစ်ခုက ကာဗွန်ဒိုင် အောက်ဆိုဒ်မော်လီကျူးတစ်ခုထက် အဆပေါင်းတစ်သောင်း ခန့် ပိုမိုစုပ်ယူနိုင်စွမ်းရှိသည်ကို တွေ့ရှိထားသည်။
မှန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချရေးသည် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့် တစ်ဆက်တစ်စပ်တည်းပင်ဖြစ်သည်။ မိမိတို့ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် နိုင်ငံငယ်များအနေဖြင့် ကမ္ဘာ့ ရာသီဥတုကို ပြောင်းလဲဖောက်ပြန်စေသည်အထိ မှန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လုပ်နိုင်စွမ်းမရှိစေကာမူ ရာသီဥတုဟူသည် နယ်စည်းမခြားသည့်အလျောက် အခြားနိုင်ငံတို့ကြောင့် ဖြစ်ပေါ် လာသည့် အကျိုးဆက်များကိုမူ ရှောင်လွှဲမရဘဲ ခံစားရမည်သာ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ကုလသမဂ္ဂစစ်တမ်းတစ်ခုအရ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုအဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံ သည် ထုတ်လွှတ်မှုပမာဏအဆင့် ၈၉ ဖြစ်ပြီး ရာခိုင်နှုန်းအရ ၀ ဒသမ ၀၄ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ မှန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးက တစ်နိုင်ငံလုံးထုတ်လွှတ်မှု၏ ၉၄ ဒသမ ၄၇ ရာခိုင်နှုန်းရှိပြီး သစ်တောကဏ္ဍတွင် ထုတ်လွှတ်မှုထက် စုပ်ယူမှုက သာလွန်လျက် ရှိရာ မြန်မာနိုင်ငံက ထုတ်လွှတ်သည့် မှန်လုံအိမ်ဓာတ်ငွေ့ပမာဏ သည် အာရှနိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင်ပင် လွန်စွာနည်းပါး ကြောင်း မြန်မာပညာရှင်တစ်ဦးက ရေးသားဖော်ပြထားသည်။
မိမိတို့နိုင်ငံတွင် သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပ၍ သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်း နှင့် သဘာဝသစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တော ကြိုးဝိုင်းများ၊ ကာကွယ်တောများ တိုးချဲ့သတ်မှတ်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မှန်လုံအိမ် ဓာတ်ငွေ့များ ထွက်ပေါ်စေသည့် အမှိုက်နှင့် လယ်ယာမြေမီးရှို့ မှုများ၊ တောမီးရှို့မှုများကို ရှောင်ကြဉ်ကြခြင်းဖြင့် ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုလျှော့ချရေးနှင့် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်း ရေးတို့တွင် ပါဝင်ကြရပါမည့်အကြောင်း။ ။