
နေပြည်တော် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် သန်းစိန်(ခ)အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး(ခ)အယောင်း လိုက်ပါ လာသည့် Toyota Hilux Revo မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဆွတ်ဆိုင်ကျေးရွာတွင် စိုင်းစမ်ငင်း၊ စိုင်းကျန်နှင့် ဆီနွန်းတို့သုံးဦးကို မော်တော်ဆိုင်ကယ် နှစ်စီး၊ စိတ်ပြောင်း ဆေးဝါး(Happy Water) ၃ ဒသမ ၆ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး(Happy Water) ၁၈ ဒသမ ၅၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အလားတူ လူငယ်များအား အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါး (Happy Water) များ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်