အရေအတွက်ရော အရည်အချင်းပါ မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခရိုင်၌ စက်မှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန  အခြေခံပညာဦးစီး ဌာနက  သတင်းထုတ်ပြန်ကြေညာပေးလျက်ရှိသည်။  အခြေခံပညာ အလယ်တန်းဆင့်( Grade 9)ပြီးမြောက်အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ အထက်တန်းဆင့်  ပညာသင်ယူနေစဉ်ကာလအတွင်း  စက်မှုနည်းပညာ၊  စိုက်ပျိုးရေး၊  မွေးမြူရေး အသက်မွေးဝမ်း‌ကျောင်း အတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း  ရရှိနိုင်ရန် ရည်ရွယ်သည့် စက်မှု၊  စိုက်မွေးပညာများ တွဲဖက်သင်ကြားသည့်     အခြေခံပညာ အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်  ခရိုင် ၅၀ ခရိုင်ရှိ  အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ ထပ်မံဖွင့်လှစ်မည့်ကျောင်းများနှင့်ဆိုပါက    တစ်နိုင်ငံလုံးတွင် ၈၅ ကျောင်းအထိ ရှိလာမည်ဖြစ်သည်။


၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ်ဖြစ်သော အသက် ၁၅ နှစ်အထက် လူဦးရေ ၂၂ ဒသမ ၉ သန်းအနက် ထက်ဝက်ခန့်သာ အခြေခံပညာအလယ်တန်း အဆင့်    ပညာတတ်မြောက်ကြသည်။    ထို့အပြင်   နိုင်ငံ့လူဦးရေ၏    ၇၀  ရာခိုင်နှုန်းသည်   ကျေးလက်ဒေသတွင်  နေထိုင်ကြသည့်အနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဖြင့် အသက်မွေးဝမ်းကျောင်းနေကြပြီး ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိရာ ၎င်းတို့ အား စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာဆိုင်ရာ အခြေခံ ကောင်းများရရှိစေရန်     မဖြစ်မနေလိုအပ်သည်။ လူတစ်ယောက်၏ ဘဝရှင်သန်ရပ်တည်နိုင်ရေး၊ သာမန်လုပ်ကိုင်စားသောက်နိုင်ရေး အတွက် အနည်းဆုံး အလယ်တန်းအဆင့် ပညာသင်ယူပြီးမြောက်သင့် သည်။    နိုင်ငံတော်အစိုးရက  ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊  အနည်းဆုံးအလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့်  အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျောင်းနေ အရွယ်ကလေးအားလုံး   ပညာသင်ကြားနိုင်မည့်အခွင့်အလမ်းများ မဆုံးရှုံးစေရန် မိဘများနှင့်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုသည်။


အခြေခံပညာအလယ်တန်းဆင့် (Grade 9) ပြီးမြောက် အောင်မြင် ပြီး     ပညာဆက်လက်သင်ယူမည့်     ကျောင်းသား၊ ကျောင်းသူများသည် (၁) အခြေခံပညာအထက်တန်းဆင့်၊ (၂) စက်မှုနည်းပညာ၊ (၃) စိုက်ပျိုး ရေးအတတ်ပညာ၊ (၄) မွေးမြူရေး အတတ်ပညာဟူသော  ပညာရေး လမ်းသွယ် လေးမျိုးကို ရွေးချယ်သင်ယူနိုင်ကြမည်ဖြစ်သည်။   အဆိုပါ ပညာရေးလမ်းလေးသွယ်အနက်  မည်သည့်လမ်းကို ‌ရွေးချယ်သည် ဖြစ်စေ ပညာသင်ကာလ သုံးနှစ်သင်ယူကြရမှာဖြစ်သည်။

 လမ်းသွယ်  (၁)  အခြေခံပညာအထက်တန်းဆင့်ကို ‌ရွေးချယ်သင်ယူပါက ပုံမှန် ဘာသာတွဲများအတိုင်း သင်ယူကြပြီး တက္ကသိုလ်ဝင်တန်း အောင်မြင် ပါက သတ်မှတ်အရည်အချင်းများနှင့်အညီ  သက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၊    အခြားတက္ကသိုလ်များ၊   ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် သိပ္ပံများသို့ ဆက်လက်တက်ရောက်နိုင်ကြမည် ဖြစ်သည်။

 လမ်းသွယ်  (၂)  စက်မှုနည်းပညာ၊    (၃) စိုက်ပျိုးရေး အတတ်ပညာ၊ (၄)  မွေးမြူရေးအတတ်ပညာစသည့် တစ်မျိုးမျိုးကို  ရွေးချယ်ပါက အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်များ အပြင်   နည်းပညာ၊   အတတ်ပညာဘာသာရပ်များကို   စာတွေ့/ လက်တွေ့ဖြင့်  လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်း များဖြင့်    သုံးနှစ်တာ  သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ရာ ထူးချွန် သူများသည်    ဆိုင်ရာတက္ကသိုလ်များသို့      ဆက်လက်တက်ရောက် နိုင်သကဲ့သို့ ရိုးရိုးအောင်မြင်သူများမှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။


နိုင်ငံကို    တည်ဆောက်ရာတွင်   ပညာရေးသည်    အခြေခံ အုတ်မြစ်ပင်ဖြစ်ပြီး    အသိပညာရှင်၊     အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့်သာ တည်ဆောက်ကြရခြင်းဖြစ်သည်။ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်    အရေးပါသော    ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် ကြီးမားစွာလိုအပ်လျက်ရှိသော စက်မှု၊  စိုက်ပျိုးနှင့် မွေးမြူရေးဆိုင်ရာပညာရှင်များ၊   ကျွမ်းကျင်သူများ  နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင်  ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ  တွဲဖက်သင်ကြားပေးသည့်  အထက်တန်း ကျောင်းများမှ  အမြောက်အမြားပေါ်ထွက်လာမည်ဟု ယုံကြည်မိ သည်။ ပညာရေးနိမ့်ကျလျှင် နိုင်ငံနိမ့်ကျမည်ဖြစ်ပြီး ပညာမြင့်မားမှ သာ နိုင်ငံမြင့်မားမည်ဖြစ်သည့်အလျောက် နိုင်ငံအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များကို အရေအတွက်ရော အရည်အချင်းပါ မြင့်မားအောင် မြှင့်တင်ကြရပါမည့်အကြောင်း။           ။