စိုက်ပျိုးနိုင်သည့် လယ်မြေ၊ ယာမြေများဆိုသည်မှာ အဖိုးတန် သယံဇာတရင်းမြစ်များဖြစ်သည်။ နှစ်စဉ်လူဦးရေ တိုးသည်ထက် တိုးလာနေသော်လည်း စားနပ်ရိက္ခာထုတ်လုပ်ပေးနိုင်သည့် လယ်ယာမြေမှာ တိုးစရာမရှိသည့်အပြင် အကြောင်းအမျိုးမျိုးဖြင့် ယုတ်လျော့လျက်ရှိသည်။ သို့ဖြစ်သည့်အလျောက် “မိမိတို့နိုင်ငံ တွင် လူ သန်း ၁၀၀ အတွက် စိုက်ပျိုးမြေလုံလောက်စွာရှိရန် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း” နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။ အနာဂတ်တွင် တိုးတက်လာမည့် တိုင်းပြည်၏လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံစွာ ထုတ်လုပ်ပေးနိုင်ရန်မှာ လုံလောက်သော စိုက်ပျိုးမြေအကျယ်အဝန်းရှိနေရန် လိုအပ်သည်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေအရ လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသည့် မြေ၊ ဓနိမြေ၊ ဥယျာဉ် မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေ၊ မြေနု ကျွန်းမြေနှင့် ရွှေ့ပြောင်းတောင်ယာမြေတို့ပါဝင်သည်ဟု ဖွင့်ဆို ထားသည်။ အဆိုပါလယ်ယာမြေများနှင့်ပတ်သက်၍ ပုံစံ(၇)ဟု အများသိကြသော “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်”ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပေး လျက်ရှိရာ ပြီးခဲ့သည့်ဇွန်လကုန်အထိ တောင်သူပေါင်း ၆၁၅၇၀၁၂ ဦး၊ ဦးပိုင်ပေါင်း ၁၀၀၂၆၁၂၇၊ မြေဧရိယာ ဧက ၂၅၈၅၅၅၉၅ ဧကကို ပုံစံ(၇) ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိထားခြင်းအား ဖြင့် လယ်ယာမြေကိုလက်ရှိထားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တို့ ရှိသလို စည်းကမ်းချက်များနှင့်အညီ ရောင်းချ၊ ပေါင်းနှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခွင့်တို့လည်းရရှိသည်။ ထို့အပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများ၊ နိုင်ငံခြားသားများနှင့်လည်း ဥပဒေနှင့်အညီ အကျိုးတူလုပ်ပိုင်ခွင့်များရှိသည်။
လယ်ယာမြေဥပဒေအရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန် ပြဋ္ဌာန်းထားရာ ရောင်းချခြင်း၊ ဝယ်ယူခြင်းစသည်တို့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချ၊ ဝယ်ယူခြင်းသာဖြစ်ပြီး လုပ်ပိုင်ခွင့်လက်ထဲရှိသူအနေဖြင့် ရာသီသီးနှံများစိုက်ပျိုးရန် တာဝန်ရှိနေမည်ဖြစ်သည်။ ယခုအခါ ငွေကြေးအများအပြား ပိုင်ဆိုင်ထားသူတို့က ရင်းနှီး မြှုပ်နှံမှုအနေဖြင့် လယ်ယာမြေများကို ဝယ်ယူခြင်း၊ ပိုင်းစိတ် ကာပြန်လည်ရောင်းချခြင်းများပြုလုပ်ကြပြီး ယခင်က တစ်ဆက် တစ်စပ်တည်း စိုက်ပျိုးမြေဧကကျယ်များပေါ်တွင် ကျောက်တိုင် များစိုက်၍ ခြံစည်းရိုးကာရံခြင်း၊ မြေဖို့ခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များ၊ လူနေအဆောက်အအုံ၊ ဂိုဒေါင်များ တည်ဆောက် ခြင်းတို့ ပြုလုပ်လာသည်။ အချို့သောလမ်းမကြီးများနှင့် ဆက်စပ် နေသည့်နေရာများတွင် အခိုင်အမာ တိုက်တာများကိုပင် ဆောက်လုပ်ထားကြရာ ရှိနေသည့်ဥပဒေကို မျက်ကွယ်ပြု၍ ဆောင်ရွက်နေခြင်း တစ်နည်းအားဖြင့် ဥပဒေဖောက်ဖျက် ကျူးလွန်နေခြင်းပင်ဖြစ်သည်။
စင်စစ်လယ်ယာမြေများအားလုံးသည် စိုက်ပျိုးရန်အတွက် သာဖြစ်ပြီး လူနေအိမ်ရာ ဆောက်လုပ်နေထိုင်ရန်၊ အခြားစီးပွား ရေးလုပ်ငန်းများလုပ်ကိုင်ရန် ခွင့်ပြုမထားသောမြေများ ဖြစ် သည်။ သို့ဖြစ်ရာ ခွင့်ပြုမိန့်မရဘဲ အခြားနည်းသုံးစွဲ၍မရသည့် အပြင် မူလရာသီသီးနှံမှ နှစ်ရှည်ပင်မျိုး စိုက်ပျိုးလိုပါလျှင်ပင် ခွင့်ပြုချက်လျှောက်ထားရန် လိုအပ်သည်။ ထို့ပြင် ပြန်လည် ရောင်းချရန်အတွက်သက်သက် ဝယ်ယူပြီး ဘာမှမစိုက်ပျိုးဘဲ မြေကိုလှပ်ထား၍မရ။ “အခြားနည်းအသုံးပြု” ရန်အတွက် လျှောက်ထားမှုများကို ခွင့်ပြုသည့်ကိစ္စများတွင်မူ အနာဂတ် ကာလ နိုင်ငံ့စားနပ်ရိက္ခာအတွက် မရှိမဖြစ်လိုအပ်မည့် စိုက်ပျိုး မြေများ လျော့နည်းဆုံးရှုံးမှုမရှိစေရေးအတွက် မျှော်မှန်းကာ ဉာဏ်ပညာဖြင့် ချင့်ချိန်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။