(၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် “Resolution for a return to democracy and respect for fundamental rights in Myanmar” ခေါင်းစဉ်ပါ အဆိုမူကြမ်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်တွင် အတည်ပြုချမှတ်ခဲ့သည်။ ယင်းအဆိုမူကြမ်းကို သက်ဆိုင်ရာမြန်မာနိုင်ငံ၏ မျက်ကွယ်တွင် ရေးဆွဲအတည်ပြုခဲ့သဖြင့် စာသားများမှာ တစ်ဖက်သတ် ဆန်ပြီး လိုရာဆွဲသော အချက်အလက်များပါရှိသည်မှာ အံ့အားသင့်ဖွယ်မဟုတ်ပေ။ ယင်းကဲ့သို့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို အသုံးချခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းခဲ့ရာ ယင်းလုပ်ငန်းစဉ်ကို တပ်မတော်က ဦးဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ ၂၀၂၀ ရွေးကောက်ပွဲ မူမမှန်မှုများကြောင့် ထိခိုက်ခဲ့ရသည်။ အတည်ပြုချမှတ်ခဲ့သည့် အဆိုမူကြမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများနှင့် အကြမ်းဖက်ဆူပူသူများအား ခွဲခြားခြင်းမရှိဘဲ ခိုင်လုံမှုမရှိသော သတင်းအရင်း အမြစ်များမှ ကိန်းဂဏန်းများကို ဖော်ပြထားသည်။ ယင်းကိန်းဂဏန်းများသည် အများပြည်သူကို အကြမ်းဖက်မှုများ ကျူးလွန်လာစေရန် လှုံ့ဆော်သည့်အနေဖြင့် ချဲ့ကားထားခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံ (၂၅) ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အလုပ်သမား (၁၄၄၉၄) ဦး၏ လူမှုဘဝကို ထိခိုက်စေခဲ့သည်။ ထို့ပြင် အပြစ်မဲ့ပြည်သူနှင့် ပြည်သူ့ဝန်ထမ်း (၁၇၀) ကျော်သည်လည်း ၎င်းတို့၏ နိုင်ငံရေး ယုံကြည် ချက်နှင့် Civil Disobedience Movement တွင် ပါဝင်ရန် ငြင်းဆိုခဲ့မှုတို့ကြောင့် ရက်စက်စွာသတ်ဖြတ် ခြင်းခံခဲ့ရသည်။ ယင်းမှာနိုင်ငံရေးအမြင်ကွဲပြားမှုများကို နှုတ်ပိတ်ခြင်းဖြစ်ပြီး လွတ်လပ်စွာထင်မြင် ယူဆခွင့်နှင့် ဖော်ထုတ်ခွင့်တို့အပေါ် ခြိမ်းခြောက်မှုဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်ပေါင်း (၈၀) ကျော် အသက် ဆုံးရှုံးခဲ့သည်။ သတင်းအချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း အဆိုမူကြမ်းကို ရေးသားသူများသည် ယင်းအချက်အလက်များကို လျစ်လျူရှုခဲ့သည်။ အဆိုမူကြမ်းတွင် အခြားဆွေးနွေးပွဲများ၏ လုပ်ပိုင်ခွင့်အောက်တွင်ရှိသော ကိစ္စရပ်များကို ထည့်သွင်းဖော်ပြထားသည်။ အထူးသဖြင့် နိုင်ငံရေးရည်မှန်းချက်များဖြင့် တီထွင်ဖန်တီးထားသည့် “ရိုဟင်ဂျာ” ဟူသည့် အသုံး အနှုန်းကို မြန်မာအစိုးရနှင့် ပြည်သူများ အသိအမှတ်ပြုခြင်းမရှိဘဲ ပယ်ချသည်။
အထက်ဖော်ပြပါ အကြောင်းခြင်းရာများကြောင့် (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံက မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းချမှတ်ခဲ့ခြင်းကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်