
နေပြည်တော် ဇွန် ၂၂
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် အေးချမ်းစွာနေထိုင်နေကြသော ပြည်သူလူထု အချို့အား လူထုအတွင်း အကြောက်တရားများ လွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ် ဗုံးများအသုံးပြုကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ ဇွန် ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ၁၁၈(ဘီ)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားရှိ တန်ဖိုး နည်းအိမ်ရာ အမှတ် (မမ-၂၆) တိုက်ခန်းများအား မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးမှ ဒုလက်ထောက် ကြီးကြပ်ရေးမှူး ဦးဇော်ဇော်အောင်ပါ ၅ ဦးသည် လျှပ်စစ်မီတာဘေလ်များ လိုက်လံဖြန့်ဝေနေစဉ် တိုက်အမှတ်(၁၄) အခန်း(၃)နေ ဝဏ္ဏကောင်းထက် (ခ)ပီတိ (၃၁ နှစ်) (ဘ)ဦးကျော်ဝင်းက ဓားရှည်ဖြင့် လိုက်လံခုတ်၍ ရန်ပြုနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝဏ္ဏကောင်းထက် (ခ)ပီတိက လုံခြုံရေးအဖွဲ့အား ဓားရှည်ဖြင့်ခုတ်ရန် ပြုမူသဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၎င်း၏ ဝဲလက်ညှိုးထိမှန်ဒဏ်ရာ တစ်ချက် ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏တိုက်ခန်းအတွင်းဆက်လက်ရှာဖွေခဲ့ရာ လေသေနတ် တစ်လက်၊ မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် အချိုရည်ဘူးခွံ တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။ အလားတူ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် မကွေး တိုင်းဒေသကြီး ရေစကြိုမြို့နယ် ဇီးတောကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်အောင်(၅၁ နှစ်)(ဘ) ဦးဖိုးကျင်သည် ရေစကြိုမြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဇီးတောကျေးရွာသို့ ရေစကြို-ချောင်းဦးသွားကားလမ်းအတိုင်း ဆိုင်ကယ် ဖြင့် ပြန်လာစဉ် ဆည်လည်ကျေးရွာ၏တောင်ဘက် မိုင်တိုင်အမှတ် ၃ ဖာလုံနှင့် ၄ ဖာလုံကြားအရောက် လက်လုပ်သေနတ် နှစ်လက်၊ ဓားရှည် တစ်လက်တို့ အား အသင့်ကိုင်ဆောင်ထားသည့် အကြမ်းဖက်သူ အမျိုးသား ခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လိုက်လံ တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကို ဦးဝင်းမြင့် အောင်က အုတ်ခဲကျိုးများဖြင့် ပြန်လည်ခုခံပစ်ပေါက် ခဲ့ရာ အကြမ်းဖက်သူများမှာ ထွက်ပြေးသွားပြီး လက်လုပ်သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သူများ၏ ရန်ပြု မှုကြောင့် ဦးဝင်းမြင့်အောင်တွင် ဝဲလက်မောင်း၊ ဝဲတံတောင်ဆစ်၊ ယာပါး၊ ယာခြေဖမိုးတို့တွင် ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ရေစကြို မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်နေကြသော ပြည်သူလူထုများ အား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ် မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ် ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်