မိုးလတို့ကုန်ဆုံး၍ ခြေခင်းလက်ခင်းသာသည့် ဤရာသီတွင် နိုင်ငံတစ်ဝန်း၌ ကထိန်ပွဲကို ခင်းကျင်းကြသည်။ အတိအကျအားဖြင့် ဆိုလျှင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိသည် ကထိန်ပွဲရာသီဖြစ်ပြီး ချိန်ခါရာသီမရွေး ကျင်းပချင်တိုင်း ကျင်းပ၍မရသောပွဲလည်းဖြစ်သည်။ ကထိန်ပွဲ ကျင်းပခြင်း၏ မူလအစသည် မြတ်ဗုဒ္ဓဘုရားရှင် သက်တော် ထင်ရှားရှိစဉ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး မြတ်စွာဘုရားသက်တော် ၇၂ နှစ်၊ ဝါတော် ၃၇ ဝါ နောက်ပိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်း ၌ သီတင်းသုံးတော်မူစဉ် ကထိန်ကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။
ကထိန်ဟူသည် ပါဠိသက်ဝေါဟာရဖြစ်ပြီး မူလပါဠိအားဖြင့် ကထိန၊ အနက်အဓိပ္ပာယ်အားဖြင့် မြဲမြံခိုင်ခံ့ခြင်းဟူ၍ ဖြစ်သည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီရဟန်း သုံးကျိပ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိသို့ လာကြ သည်တွင် ဝါမဆိုမီ မရောက်နိုင်ကြ၍ လမ်းခရီးရှိ သာကေတ မြို့တွင် ဝါကပ်ကြရသည်။ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့သည် အာရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သကူဓုတင်၊ တိစီဝရိတ် ဓုတင်တို့ကို ဆောက်တည်ကြကုန်သော ရဟန်းများဖြစ်ကြသည်။ တောကျောင်း၌သာနေခြင်း၊ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင် ခြင်း၊ ပံ့သကူသင်္ကန်းကိုသာဆောင်ခြင်း၊ သင်းပိုင်၊ ကိုယ်ဝတ်နှင့် ဒုကုဋ်ဟူသော သုံးထည်သောသင်္ကန်းကိုသာ ဆောင်ခြင်းဟူသော ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် ဓုတင်္ဂအကျင့် ကို ကျင့်သုံးကြသည့်ပုဂ္ဂိုလ်များပင် ဖြစ်သည်။
ဘဒ္ဒဝဂ္ဂီရဟန်းတို့သည် ဝါကျွတ်သောအခါ သာကေတမှ သာဝတ္ထိသို့ ခြောက်ယူဇနာခရီးကို မိုးရေနှင့်ရွှံ့နွံတို့အကြား ဖြတ်သန်း၍ ရေစိုရွှဲသောသင်္ကန်းတို့ဖြင့် မြတ်စွာဘုရားထံမှောက် သို့ပင်ပန်းစွာရောက်ကြလေရာ ထိုအဖြစ်ကို မြတ်စွာဘုရားမြင်တွေ့ ရ၍ ထိုရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ပုရိမဝါ ကပ်ခြင်းနှင့်ပြည့်စုံသော ရဟန်းတော်တို့အား ကထိန်သင်္ကန်း ကပ်လှူခြင်းကို ခွင့်ပြုသည်မှစ၍ အစဉ်အဆက်ကထိန်ပွဲသဘင် တို့ ဖြစ်ပေါ်လာရသည်။ ကထိန်ခင်းသည့်အခါ ကထိန်ဒါယကာ၊ ဒါယိကာမတို့အဖို့ အကျိုးတရားငါးပါး ရရှိသကဲ့သို့ ကထိန်ခင်း သော ရဟန်း၊ ကထိန်အနုမောဒနာပြုသော ရဟန်းတို့သည်လည်း ကထိန်အာနိသင်ငါးပါးခေါ် အကျိုးတရားငါးပါးတို့ကို ရရှိနိုင်ကြ သည်။ ကထိန်ခင်းသောရဟန်းတို့ရရှိနိုင်သည့် ကထိန်အာနိသင် ငါးပါးတို့မှာ မြတ်စွာဘုရားချမှတ်ထားပြီး ရဟန်းသံဃာများ လိုက်နာကြရသည့် ဝိနည်းသိက္ခာပုဒ်များနှင့် ဆက်စပ်နေကြသည်။ ၎င်းတို့မှာ (၁)ထင်ရှားရှိသော ရဟန်းတို့အား မပန်ကြားဘဲ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ကြားရာအိမ်သို့ သွားနိုင်ခြင်း၊ (၂) တိစီ ဝရိတ်အဓိဋ္ဌာန်တင်သောသင်္ကန်းကို မယူဆောင်ဘဲ သွားလာနိုင် ခြင်း၊ (၃) ရသမျှသောသင်္ကန်း၊ အလိုရှိတိုင်းသင်္ကန်းကို အဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုဘဲ အလိုရှိသလောက် ထားရှိသုံးဆောင်နိုင်ခြင်း၊ (၄)ထမင်းစားကြွပါ စသည်ဖြင့် မအပ်စပ်သောအသုံးအနှုန်းဖြင့် ပင့်ဖိတ်သည်ကို လက်ခံနိုင်ခြင်း၊ တောင်းခံခြင်းဖြင့်ရရှိသည့် ဂဏဘောဇဉ်ကို ခံယူသုံးဆောင်နိုင်ခြင်း၊ (၅) ကထိန်ခင်းသော ကျောင်းတိုက်အတွင်း ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့ အတွင်း သံဃာအားလှူသော သင်္ကန်းလျာတို့ကို ထိုကျောင်းတိုက် ရှိ ကထိန်ခင်းအနုမောဒနာပြုသောရဟန်းတို့သာ ရရှိသုံးဆောင် နိုင်ခြင်းတို့ဖြစ်သည်။
ကထိန်ကို လှူဒါန်းကြသော ဒါယကာ၊ ဒါယိကာမတို့သည် လည်း ကထိန်ခင်းသောသံဃာတော်အလား အကျိုးတရားငါးပါး ဖြစ်သည့် သွားလေရာဘေးမရှိ၊ မိမိပိုင်ပစ္စည်းကို တစ်ပါးသူ မဖျက် ဆီးနိုင်၊ စားသောက်ဖွယ်ပေါများပြီး အစာကြောင့် ဘေးမဖြစ်နိုင်၊ မေ့လျော့နေသော ပစ္စည်းလည်းမဆုံးပါး၊ ဥစ္စာပစ္စည်းရှာဖွေမှုတွင် အစုလိုက်အပုံလိုက်ရရှိနိုင်၊ ရုပ်ဆင်းအင်္ဂါ တင့်တယ်လှပနိုင်သည့် အကျိုးများရရှိနိုင်ကြသည့်အလျောက် ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းတို့က သဒ္ဓါထက်သန်စွာဖြင့် ကထိန်လျာမြတ်သင်္ကန်းကို ခေတ်အဆက်ဆက်တွင် လှူဒါန်းဆက်ကပ်ကြပါကြောင်း။ ။