ကိုယ်ကျင့်သိက္ခာမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်စေရေး

 

အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမား သော အန္တရာယ်တစ်ရပ်ဖြစ်သည်။ အဂတိလိုက်စားမှုများကြောင့် ပြည်သူတို့၏ ကိုယ်စိတ်နှစ်ပါးအပေါ် ထိခိုက်စေပြီး လူမှုအဖွဲ့ အစည်းများအပေါ် ယုံကြည်ကိုးစားမှုတို့ လျော့နည်း၊ ပျောက်ဆုံး စေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှုနှင့် ကျင့်ဝတ် တန်ဖိုးတို့ကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကိုလည်း ထိခိုက်ပျက်စီး စေနိုင်သည်။


နိုင်ငံ့အန္တရာယ်ဖြစ်သော အဂတိလိုက်စားမှုကို တိုက်ဖျက် ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်း စစ်ဆေးအရေးယူဆောင်ရွက်ခြင်းဟူသည့် နည်းလမ်းသုံးသွယ် တို့အပြင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားငယ်များအရွယ်ကပင် အဂတိလိုက်စားမှုတိုက်ဖျက် ရေး     အသိပညာပေးမှုများကို    ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား ကျောင်းသူလူငယ်များကို အဂတိလိုက်စားမှုနှင့် ပတ်သက်သည့်အသိပညာရရှိရန်၊ အဂတိလိုက်စားမှုကို ရှက်ရွံ့ သည့်၊   ဆန့်ကျင်သည့်၊   တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက် ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံ စဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအတွက် ရောင့်ရဲတင်းတိမ်သော စီးပွားရေးစနစ် အတွေး အခေါ်ကို လေ့လာနိုင်စေရန်၊ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်း မြင့်သော နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိ လိုက်စားမှုကို    လုံးဝ   သည်းမခံသော   ယဉ်‌ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန်ဟူသော   ရည်ရွယ်ချက်များဖြင့်  ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးမှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။


ကျောင်းသားငယ်ရွယ်ဘဝမှပင် စတင်၍ အဂတိလိုက်စားမှု ကို လက်မခံ ရွံမုန်းသည့်စိတ်ဓာတ် ဖြစ်ပေါ်လာစေရန်အတွက် ကိုယ်ကျင့်သိက္ခာမြင့်မားရေး၊ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်   လိုအပ်သည်။   အဂတိ လိုက်စားမှုသည် နေရာတိုင်း၊ အဆင့်တိုင်းတွင် ဖြစ်ပေါ်နေပြီး ဓလေ့ထုံးစံတစ်ခုသဖွယ်  ပျံ့နှံ့နေသည့်   လူ့အဖွဲ့အစည်းတွင် အဂတိလိုက်စားမှုဟူသည် အကျင့်ပျက်မှု၊ ဥပဒေချိုးဖောက်မှု၊ ကျင့်ဝတ်သိက္ခာ   လျော့နည်းကျဆင်းမှုအဖြစ်  မမြင်တော့ဘဲ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းတစ်ခုအဖြစ်ဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အမြစ်တွယ်နေခြင်းဖြစ်သည်။

 

အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုတို့ဖြင့် ကြွယ်ဝချမ်းသာ လာသည့်အပေါ်တွင် မိမိတို့၏ လုပ်ပိုင်ခွင့်ကြောင့် ဖြစ်ပေါ်လာ သည့် ရပိုင်ခွင့်အဖြစ် မက်မောသာယာလာကြသည့်အပြင် တာဝန် ပေါ့လျော့ပျက်ကွက်မှုတို့လည်း ဖြစ်ပေါ်လာတတ်သည်။ သို့ဖြစ်ရာ  အခြေခံပညာအဆင့်နှင့် အဆင့်မြင့်ပညာအဆင့် ပညာသင်ယူ စဉ်ကာလတစ်လျှောက်လုံး   ကိုယ်ကျင့်သိက္ခာနှင့်   ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ပျိုးထောင်မှုများကို  ထိထိရောက်ရောက် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် ရေရှည် တွင်   အဂတိလိုက်စားမှုကို   လက်မခံသည့်၊   ဆန့်ကျင်တွန်းလှန် လိုသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် တာဝန်ရှိသူ  အားလုံးက  လေးလေးနက်နက်  ကြိုးပမ်းဆောင်ရွက်ကြရန် လိုသည်။


အဂတိလိုက်စားမှု ကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေ ရန်မှာ နာတာရှည်ဝေဒနာတစ်ရပ်ကို ကုသရသကဲ့သို့ပင် အမြစ် မပြတ်စေကာမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါးတို့ကို ထိခိုက်သည့်အဆင့်သို့ မရောက်ရှိလာစေ ရန် ထိန်းချုပ်ထားနိုင်ရေးအတွက် ဦးစွာဆောင်ရွက်ကြရမည် ဖြစ်သည်။ ရေရှည်တွင်မူ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် လုံးက အဂတိလိုက်စားမှုအပေါ် လုံးဝလက်မခံ၊ ဆန့်ကျင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် အဂတိလိုက်စားမှု ကင်းစင် လာရေး    တစ်မျိုးသားလုံးက    စဉ်ဆက်မပြတ်   ဆက်လက် ဆောင်ရွက်သွားကြရပါမည့်အကြောင်း။        ။