ယာဉ်အန္တရာယ်ကင်းရှင်းရေး လူတိုင်းကိုယ်စီ စည်းကမ်းလိုက်နာ

 

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသည် ယာဉ်နှင့်လမ်းတို့ကို နေ့စဉ် မဖြစ်မနေ အသုံးပြုနေကြရသူများ အန္တရာယ်မကျရောက် စေရေးအတွက် ချမှတ်ထားခြင်းဖြစ်ပြီး မပျက်မကွက် လိုက်နာ ကျင့်သုံးကြရန်လည်း လိုသည်။  ခေတ်နှင့်အညီ  စက်တပ်ယာဉ် များကို ပိုမိုသုံးစွဲလာသည်နှင့်အမျှ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေ ပိုမိုမြင့်မားလျက်ရှိရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို လိုက်နာကြမှသာလျှင် ဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့ချ နိုင်မည်ဖြစ်သည်။


သက်ဆိုင်ရာမှ ထုတ်ပြန်ချက်အရ ယမန်နှစ် ၂၀၂၂ ခုနှစ်က နိုင်ငံတစ်ဝန်းလုံးတွင်     ယာဉ်တိုက်မှု   ၅၆၃၁  မှု   ဖြစ်ပွားခဲ့ပြီး လူ ၂၇၉၅ ဦး သေဆုံးကာ ၇၈၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။      ယင်းကိန်းဂဏန်းအချက်အလက်များအရ    နိုင်ငံ တစ်ဝန်းလုံး၌ ပျမ်းမျှတစ်ရက်လျှင်  ယာဉ်တိုက်မှု ၁၅ မှု ဖြစ်ပွား ခဲ့ပြီး (၇) ဦး သေ၊ (၂၁) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် က  နိုင်ငံတစ်ဝန်း၌ ယာဉ်တိုက်မှု ၆၄၂၀ ဖြစ်ပွားခဲ့ပြီး လူ ၃၀၅၈ ဦး သေဆုံးကာ ၈၃၁၁ ဦး   ထိခိုက်ဒဏ်ရာရရှိခဲ့ရာ  မိမိတို့နိုင်ငံတွင် ယာဉ်အန္တရာယ်ကြီးမားနေခြင်းကို   ပြသလျက်ရှိသည်။  ယခုနှစ် တွင်မူ ဇန်နဝါရီလမှ အောက်တိုဘာလအထိ  ၁၀ လတာကာလ အတွင်း ယာဉ်တိုက်မှု ၄၀၅၀ မှု ဖြစ်ပွားခဲ့ပြီး လူ ၂၀၆၈ ဦး သေဆုံး ကာ ၅၆၅၆ ဦး ဒဏ်ရာရရှိခဲ့သည်။


ယာဉ်မတော်တဆမှုများသည်    မဆင်မခြင်မောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊  ခရီးသည်ပေါ့ဆခြင်း၊  လမ်းအသုံးပြု သူပေါ့ဆခြင်း၊  အနှေးယာဉ်များ  စည်းကမ်းမဲ့ခြင်း၊  ယာဉ်မောင်းသူ မကျွမ်းကျင်ခြင်း၊  ယာဉ်မောင်းလိုင်စင်မရှိခြင်း၊   စက်ကိရိယာ ချွတ်ယွင်းခြင်း၊     မူးယစ်သောက်စားမောင်းနှင်ခြင်း၊   ရာသီဥတု မကောင်းခြင်း၊  လမ်းမကောင်းခြင်း  စသောအကြောင်းရင်းခံတို့ ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ လူကြောင့် ဖြစ်ပွားရသည့် ယာဉ် တိုက်မှုက ၉၃ ဒသမ ၆၉ ရာခိုင်နှုန်းအထိရှိရာ လူသည်သာအဓိက ဖြစ်ကြောင်း တွေ့နိုင်သည်။ မိမိတို့နိုင်ငံတွင် မြို့ပြရော ကျေးလက် ဒေသများတွင်ပါ  မော်တော်ဆိုင်ကယ်အသုံးပြုမှုများလာသည့် အလျောက်  မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားရသည့် ယာဉ် မတော်တဆမှုများလည်း  များပြားလျက်ရှိသည်။   ဆိုင်ကယ် အသုံးပြုသူအများစုမှာ    ယာဉ်စည်းကမ်း၊   လမ်းစည်းကမ်း သိရှိလိုက်နာမှု  လွန်စွာအားနည်းလျက်ရှိပြီး အရှိန်ပြင်းစွာ မောင်းနှင် ခြင်း၊ လမ်းကြောပြောင်းပြန်မောင်းနှင်ခြင်း၊  ဆိုင်ကယ်ကို နှစ်ဦး ထက်ပို၍စီးခြင်း၊   အချက်ပြမီး၊   နောက်ကြည့်မှန် မပြည့်စုံခြင်း၊ ဆိုင်ကယ်စီးနင်းသူများ အရည်အသွေးအဆင့်မီသည့် ဆိုင်ကယ်စီး ဦးထုပ်ကို စနစ်တကျ အန္တရာယ်ကင်းအောင်ဆောင်း၍ မောင်းနှင် မှုမပြုခြင်းတို့ကြောင့် အန္တရာယ်ဖြစ်ပွားရခြင်းဖြစ်သည်။


ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့ပါးရေးတွင် လူသည် သာ အဓိကဖြစ်ပြီး  လူတိုင်းက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို လိုက်နာကြရန် လိုသည်။  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဟုဆိုရာတွင်       ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါ  မတော်တဆမှုများကြောင့်  ဖြစ်ပေါ်ခဲ့ရသည့်   ထိခိုက် ဒဏ်ရာရမှုများနှင့် သေဆုံးမှုများကို  လျော့နည်းကျဆင်းသွားစေ ရန်၊ ထိုမှတစ်ဆင့်  လုံးဝကင်းရှင်းသွားစေရန်  အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်ရာ ပြည်သူအားလုံးက  ကိုယ်ရောစိတ်ပါ ပူးပေါင်းပါဝင်ကြမှသာ   အောင်မြင်နိုင်မည်ဖြစ်သည်။  အဓိက ရည်မှန်းချက်ဖြစ်သော  ၂၀၃၀ ပြည့်နှစ်တွင်   ယာဉ်တိုက်မှုကြောင့်  သေဆုံးသူဦးရေကို တွက်ချက်မှုအခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ်  သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ  လျှော့ချရေးအတွက် ဆောင်ရွက်မှု အောင်မြင်နိုင်ရန်  အဓိကတာဝန်ရှိသည့်   ဌာန၊   အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့်     ယာဉ်အသုံးပြုသူ၊      လမ်းအသုံးပြုသူတိုင်းက  အလေးအနက် ကြိုးပမ်းကြရပါမည့်အကြောင်း။       ။